ကနီမြို့နယ် တဇယ်ချောင်တွင် ရွှေတူးခွင့် ဒေသခံများကန့်ကွက်ပါက ခွင့်ပြုမည်မဟုတ်

0
31
တိုင်းအစိုးရမှ သဘောထားမှတ်ချက်ပေးရန် စိစစ်နေဆဲဖြစ်သည်။

ကနီမြို့နယ် တဇယ်ချောင်ကျေးရွာ အုပ်စုအတွင်း မင်းဝံတံခွန်ကုမ္ပဏီမှ အလတ်စား ဓာတ်သတ္တုတူးဖော်ခွင့် လျှောက်ထားရာတွင် ဒေသခံတောင်သူများ၏ သဘောတူညီမှုရလျှင် တူးခွင့်ပြုမည်မဟုတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြောသည်။

နိုဝင်ဘာ ၂၂ ရက်ကပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကနီမဲဆန္ဒနယ်မှ ပြည့်သူ့လွှတ်တော်အမတ် ဦးထွန်းထွန်းနိုင်မှမေးစဉ် ယင်းကဲ့သို့ ဖြေခဲ့ခြင်းဖြစ်သည်။

‘တိုင်းအစိုးရရဲ့ သဘောထားမှတ်ချက်မှာ မြေအရှုပ်အရှင်းကြောင့် ဓာတ်သတ္တုတူးဖော်မသင့်လို့ သဘောမတူရင် ဝန်ကြီးဌာနကလည်း ခွင့်ပြုမှာ မဟုတ်ဘူး။ ဒီကိစ္စတွေကို တိုင်းအစိုးရကပဲ ပြီးပြတ်အောင်ရှင်းရမှာ။ ဒေသခံတွေ သဘောမတူရင်လည်း ခွင့်မပြုဘူး’ ဟု ၎င်းကဆက်ပြောသည်။

တဇယ်ချောင်ရွာ အုပ်စုအတွင်း တောင်သူ ၁၄ ဦး၏ မြေဧက ၄၁ ဧကကျော်အား မင်းဝံတံခွန်ကုမ္ပဏီမှ ၂၀၁၂ မှ ၂၀၁၈ အထိတောင်သူများနှင့် မြေငှားခပေးကာ ညှိနှိုင်းစာချုပ်ချုပ် လုပ်ကိုင်ခဲ့သည်။

ကုမ္ပဏီမှ စာချုပ်သက်တမ်းပြည့်ပြီးသော်လည်း အချို့နေရာများတွင် တောင်သူများ ပြန်လည်လုပ်နိုင်ခြင်းမရှိသောကြောင့် စာချုပ်ပါအတိုင်း လုပ်ဆောင်ပေးရန် တောင်သူနှင့်ကုမ္ပဏီကြား ပြဿနာဖြစ်ပွားခဲ့ကြသည်။

‘သူတို့ စာချုပ်သက်တမ်းပြည့်သွားတာ မသိမရှိဘူး။ ဒေသဖွံ့ဖြိုးရေးအတွက် လမ်းဖို့ဖို့ ဂျင်းမြေသွားယူရင်တောင်မှ အစောင့်က တရားစွဲမယ်ဘာမယ်နဲ့ ပြောတာ။ မကျူးကျော်ရဆိုပြီး ဆိုင်းဘုတ်တွေထောင်ထားတာ’ဟု ကနီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်ကပြောသည်။

လက်ရှိတွင် မင်းဝံတံခွန်ကုမ္ပဏီမှ တဇယ်ချောင် ရွာအုပ်စုအတွင်း မြေဧက ၂၀ တွင် ရွှေသတ္တုရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း၊ ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းနှင့် အလတ်စားထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်းများ လုပ်ငန်းဆောင်ရွက်ခွင့်ပြုရန် အဆိုပြုလျောက်ထားခဲ့သည်။

၎င်းအပေါ် တိုင်းအစိုးရအပေါ် သဘောထားမှတ်ချက် တောင်းခံခဲ့ရာတွင် ယင်းမြေပေါ်၌ တောင်သူ ၁၇ ဦး၏ ဦးပိုင်မြေများပါနေသဖြင့် စီစစ်ဆဲဖြစ်ပြီး ဝန်ကြီးဌာနသို့ သဘောထားမှတ်ချက် တစ်စုံတစ်ရာပေးပို့ရခြင်း မရှိကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here