ကရဝိတ်တံဆိပ် ဗျစ်ရည်သောက်ဖြစ်ခြင်း

0
17

ရာသီဥတု သာယာလှသော တနေ့လယ်ခင်း၌ ကျွနု်ပ်သည် စိတ်လက်ပေါ့ပါး ကြည်လင်နေသည်ဖြစ်ရကား ဥရောပမှ မိတ်ဆွေတစ်ဦး လက်ဆောင်ပေးထားသည့် “ကာလိုလန်ဘာတီ” အမည်ရှိသော အမှတ်တံဆိပ်ပါ မဟော်ဂနီရောင် တယောပြားကလေးအား နံရံမှဖြုတ်လျက် နော်ဝေနိုင်ငံမှ သူငယ်ကလေး “အလက်ဇင်ဒါရွိုင်းဘက်”၏ “လေနှင့်အတူလွင့်မျောခြင်း”ဟူသော တေးသီချင်းကို တီးစမ်းကြည့်နေမိလေသည်။ ဂီတသံစဉ်များနှင့် မည်မျှ စီးမျောသွားမိသည်မသိ ဘေးခန်းက အသံများကြားမှ သတိဝင်လာမိပေသည်။

(၁)

“အစိန္တေယျ အစိန္တေယျ အစိန္တေယျ၊ အရဟံ အစ ဘဂဝါအဆုံး၊ ကျေးဇူးတော်အစုံဂုဏ်တော်အနန္တတို့နှင့် ပြည့်စုံတော်မူသော”အလို ဘုရားရှိခိုး ဝတ်ပြုသံပါတကား။ ဟုတ်သည်။ ဗုဒ္ဓမြတ်စွာ။ ဂီတဖြင့် စီးမျောသက်ဝင် တည်ငြိမ်ကြည်လင်လျက်ပင်ရှိသေးသော စိတ်တို့သည် ကြည်ညိုသဒ္ဓါစိတ်တို့ တစိမ့်စိမ့်ဖြစ်ပေါ်လာလျက် မြတ်ဘုရားရှေ့ မှောက် ဝင်ရောက်ဖူးမြော်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာပေတော့သည်။

ကျွနု်ပ်သည် ပြုလုပ်ဆောင်ရွက်ဖွယ်ရှိသော ကိစ္စဝိစ္စတို့အား ဆန္ဒရှိသည့်အတိုင်း အချိန်မဆိုင်းဘဲ ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်လေ့ရှိသူဖြစ်ရကား ဘုရားဝတ်တက်ရန် စိတ်ကူးတွေးတောကြံစည်မိလေသည်။ ရွှေရောင်အတိပြီးသော ဗုဒ္ဓရုပ်ပွားတော်ကြီးများအား စိတ်မျက်စိတွင် မြင်ယောင်လျက် ကြည်နူးသဒ္ဓါစိတ်များ ယိုဖိတ်လျက်ရှိကာ နေပေတော့သည်။ သို့ဖြစ်ရကား ဘက်မှန်ခေါ် နောက်ကြည့်မှန်များ စုံလင်စွာတပ်ထားခြင်း ရှိ၊ မရှိ လောင်စာဓာတ်ဆီ ဖြည့်တင်းထားခြင်း ရှိ၊ မရှိ ဆစ်ကနယ်မီးခေါ် အချက်ပြမီးများ၊ ရှေ့မီးကြီးများ ကောင်းမွန်စွာ အလုပ်လုပ်ခြင်း ရှိ၊ မရှိ အိတ်ဇောခေါ် အင်ဂျင်ပိုက်များအသံ ဆူညံခြင်း ရှိ၊ မရှိ စသော လိုအပ်ချက်များကို စစ်ဆေးလျက် မတ်စ်ခေါ် နှာခေါင်းစည်းကိုတပ်၊ ဟဲလမက်ခေါ် ဆိုင်ကယ်ဦးထုပ်ကို ဆောင်းကာ ဘယ်ဘက်အိတ်မှာ စိပ်ပုတီး၊ ညာဘက်အိတ်မှာ ဖုန်းကိုထည့်လျက် ကျွနု်ပ်၏ ဂန္ဓလရာဇ်ပြည်ထုတ် “တိုင်ဒယ်လ်ဝေ့” ဟူသော မော်တော်ဆိုင်ကယ်ကိုစီး ကာ အိမ်မှ ထွက်လာခဲ့လေတော့သည်။

(၂)

မြို့တော်ကြီး၏ လမ်းများသည် ဟိုဟိုဒီဒီ ဥဒဟို သွားလာလျက်ရှိကြကုန်သော ပြည်သူ များ၏ ကား၊ ဆိုင်ကယ်များဖြင့် ပြည့်နှက်ရှုပ်ယှက်ခတ် စည်ကားလျက် ရှိလေသည်။ ဆိုင်ကယ်များ ထူထပ်စွာ စီရပ်ထားလျက် ပုလင်းသံ၊ ဖန်ခွက်သံများစီစီညံကာ ကြော်နံ့၊ လှော်နံ့များ သင်းပျံ့လျက် သောက်သုံးသူများစွာ စည်ကားလျက်ရှိသော ဘီယာဆိုင်လေးဆိုင်၊ ပုခုံးချင်းထိ ရပ်စောင့်၊ ပေါင်ချင်းထိ ကပ်ထိုင်လျက် စောင့်စသဖြင့် ဝယ်ယူသုံးစွဲ သူများစွာက စောင့်ဆိုင်းတိုးဝှေ့ ဝယ်ယူနေကြသော ကွမ်းယာဆိုင်ခြောက်ဆိုင်၊ တန်းစီတိုးဝှေ့ ပူးကပ်ဝယ်ယူနေကြသော ဈေးဆိုင်သုံးဆိုင်နှင့် လူကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည့် လက်ဖက်ရည်ဆိုင်ကြီး နှစ်ဆိုင်တို့ကို ဖြတ်ကျော်လာပြီးသောအခါ ရွှေရောင်တဝင်းဝင်းဖြင့် သပ္ပာယ်လှသော ကျွနု်ပ်တို့မြို့၏ အထင်ကရ သမိုင်းဝင်တန်ခိုးကြီးဘုရားကို လှမ်းမြင်နေရပေပြီ။

ဆစ်ကနယ်ခေါ် အချက်ပြမီးကို ဖွင့်လျက် စောင်းတန်းဆီကို ကွေ့ဝင်လိုက်သည်။

“ဟင်”

တခါးပိတ်ထားသည်။ တံခါးသော့ခတ်၍ ပိတ်ထားသည်။ ဘုရားအဝင် စောင်းတန်းမုခ်တံခါးကို သော့ခတ်ပိတ်ထားသည်။ ဆိုင်းဘုတ်တစ်ခုလည်း ထောင်ထားလေသည်။

ဘာတဲ့၊ ကိုဗစ်နိုင်တင်းခေါ် ကမ္ဘာ့ကပ်ရောဂါကြီး ကူးစက်ဖြစ်ပွားမှုအား တားဖြစ်ကာကွယ်နိုင်ရန်အလို့ငှာ ဘုရားဖူးမြော်ခြင်းအား အကန့်အသတ်မရှိ ပိတ်ထားပါသည်တဲ့။ ခဲလေသမျှ သဲရေကျ ဖြစ်ရလေပြီ။ ပိတ်ထားသော သံဘာဂျာတံခါးမှ လှမ်းမြင်နေရသော စေတီတော်ကြီးဆီ အားကိုးတကြီး လှမ်းကြည့်မိသေးသည်။ ဘုရားစောင်းတန်း ပရဝဏ်တစ်ခုလုံး ရှင်းလင်းတိတ်ဆိတ်ငြိမ်သက်လျက်။ ကဆုန်လတွင် ညောင်ရေသွန်းလေ့ရှိ သော ညောင်ပင်ကြီးဆီက ညောင်ရွက်ခြောက်ကလေးတွေ ကြွေကျသံကိုတောင် ကြားနေရသည်။ မြတ်စွာဘုရားကို ကာယကံမြောက် ဖူးမြော်ကြည်ညိုခွင့်မရတော့ပြီ။ ကြည်လင်ငြိမ်းချမ်းလျက် ဘုရားဖူးခြင်းတည်းဟူသော ကုသိုလ်ရေးကိစ္စ ပြုလုပ်မည့် စိတ်ကလေးလည်း ထွက်ပြေးသွားရှာပြီ။ ဆိုင်ကယ်ကို ထောက်၊ ပိတ်ထားသောတံခါးရှေ့ စုံစုံရပ်လျက် လက်အုပ်ချီကာ “နေ့စဉ်ဘဝမှာ ခပ်ခွာခွာပဲ နေကြတာပေါ့ဘုရား” ဟုဆိုလျက် လှည့်ပြန်လာခဲ့ရပေသည်။

(၃)

အပြန်လမ်းတလျှောက်တွင် နော်ဝေကသူငယ်ကလေး၏ လေနှင့်အတူ လွင့်မျောခြင်းလည်း မရှိတော့၊ အကြော်အလှော်နံ့များသင်းလျက် ပုလင်းသံ၊ ဖန်ခွက်သံများဖြင့် ဆူညံရီဝေစည်ကားလျက်ရှိသော ဘီယာဆိုင်များကသာ ကျွနု်ပ်စိတ်ကို ဆွဲဆောင်လျက် ရှိနေပေတော့သည်။ ကျွန်ုပ်သည် ပြုလုပ်ဆောင်ရွက်ဖွယ်ရှိသော ကိစ္စဝိစ္စတို့အား ဆန္ဒရှိသည့်အတိုင်း အချိန်မဆိုင်းဘဲ ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်လေ့ရှိသူ ဖြစ်ရကား ကျွန်ုပ်၏လက်စွဲတော် တိုက်ဒယ်ဝေ့မော်တော်ဆိုင်ကယ်အား ဘီယာဆိုင်ရှေ့သို့ ချိုးကွေ့ဝင်လိုက်လေတော့သည်။ လက်ဆေးပါဟု ရေးထားသော စုတ်နေသည့် ဗီနိုင်းစလေးချိတ်ထားသော ရေပိုက်မရှိသည့် လက်ဆေးကန်အနီး ဆိုင်ကယ်ရပ်လိုက်သည်။ နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေပါဟူသော ဆိုင်းဘုတ်ရှေ့တွင် ကြပ်ညပ်ပိတ်ထိုင်နေသော စားပွဲကိုကျော်လျက် စားသုံးသူများလိုက်နာရန်ဟူသော ဗီနိုင်းဆိုင်းဘုတ်ကြီးနောက်က အကာ အရန်လုပ်မထားသော စားပွဲဝိုင်းတွင် ထိုင်ချလိုက်လေတော့သည်။

ရာသီဥတုသာယာသောညခင်း၌ လူစည်ကား သိုက်မြိုက်လျက်ရှိသော ဘီယာဆိုင်တစ်ဆိုင်၏ ခုံတခုံတွင်ထိုင်လျက် ရှေ့တွင် ကရဝိတ်တံဆိပ် ပြည်တွင်းဖြစ် ဗျစ်ရည်ဖန်ခွက်များ၊ ဇာတိမြို့ထွက် မြေပဲဆားလှော်ပန်းကန်များနှင့်အတူ လက်နှစ်ဖက်က ဂန္ဓလရာဇ်ပြည်မကြီးထုတ် ဖုန်းကိုကိုင်လျက် ရွှေပြည်ကြီးက ကြေငြာချက်များကို မျက်မှောင် ကုတ်ဖတ်လျက်ရှိသူကို တွေ့မြင်ခဲ့ပါလျှင် အဆိုပါ ပုဂ္ဂိုလ်မှာ အိတ်ထောင်ထဲပုတီးထည့်၍ ဘုရားဟု ထွက်သွားကာ ဘီယာဆိုင်ရောက်နေသော ကျွနု်ပ်သာလျှင် ဖြစ်ပေတော့သည်။

“နေ့စဉ်ဘဝမှာ ခပ်ခွာခွာပါဘုရား”

LEAVE A REPLY

Please enter your comment!
Please enter your name here