ကလေးမြို့က Covid-19 ဂယက်

0
63

ချင်းပြည်နယ် တီးတိန်မြို့တွင် Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရသော လူနာတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာပြီးနောက် ၎င်းမြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် အဝင်၊ အထွက် ကျန်းမာရေးစစ်ဆေးမှုများ တင်းကြပ်စွာ လုပ်ဆောင်နေသည်။ ဗိုင်းရပ်စ်ပိုးတွေ့လူနာရှိသော မြို့နှင့်နီးနေသည့် ကလေးမြို့၏ အခြေအနေနှင့် လူထု၏စကားသံအချို့ကို ဖော်ပြလိုက်ရပါသည်။

ဒေါ်မာမာတင်
(အငြိမ်းစားကျောင်းဆရာမ)

ဖြစ်တဲ့နေ့ကဆိုရင် ရေကြီးတုန်းကလိုပဲ။ ပျာယာခတ်ပြီး တစ်မြို့လုံး ရုန်းရင်းဆန်ခတ်နဲ့။ တချို့ဈေးဆိုင်တွေဆိုလည်း မထွက်ကြဘူး။ တချို့လည်း မပိတ်ပါဘူး။ ဈေးလည်းပုံမှန်အတိုင်းရောင်းပေးနေကြပါတယ်။ ရောဂါနဲ့ပတ်သတ်ပြီး စိတ်တော့အရမ်းကြီးမပူပါဘူး။ အပြင်ကိုလည်း တတ်နိုင်သလောက် မထွက်ဘဲနေတယ်။ ကျန်းမာရေးဌာနရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာဖို့ပဲလိုတာပါ။

ဒေါ်အေးအေးမူ (ခ) ရှားမီး
(ကလေးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
Positive လူနာတွေ့ကတည်းက ကလေးမြို့ဆေးရုံမှာ covid-19 ကာကွယ်ဖို့အတွက် ဘာတွေလိုအပ်နေလဲဆိုပြီး ကလေးမြို့ဆေးရုံအုပ်ကြီးဆီကို ဖုန်းဆက်မေးတယ်။ လိုအပ်တဲ့ပစ္စည်းတွေစာရင်းရတာနဲ့ ကျွန်မကျန်းမာရေးဝန်ကြီးဌာနကို သွားတွေ့တယ်။ မှာထားတဲ့ပစ္စည်းတွေရတာနဲ့ ပို့ပေးမယ်ဆိုတဲ့ ကတိတော့ရခဲ့တယ်။ positive လူနာသွားလာတဲ့ သုံးလေးနေရာလောက်ကို သွားခဲ့တဲ့နေရာမှာရှိတဲ့ လူအားလုံးကို လော့ခ်ဒေါင်းလုပ်လိုက်တယ်။

ကလေးကတော့ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးပိုင်းရော ဌာနဆိုင်ရာတွေရော တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လည်း ရှိတယ်။ ကျန်းမာရေးစစ်ဆေးမှုတွေကို တော်တော်လေး သေသေချာချာဆောင်ရွက်နေကြပါတယ်။ ဈေးဆိုင်တွေလည်း ဈေးတက်မရောင်းဖို့၊ အချို့ နည်းနည်းလေးတက်တဲ့ ဆိုင်တွေလည်း ရှိတယ်။ ကျွန်မတို့ဘက်က ဘာလုပ်ပေးလဲဆိုတော့ လုံးဝဈေးမတက်ပါဘူးလို့ ကတိပေးထားတဲ့ဆိုင်တွေရဲ့ စာရင်းတွေကို ပြည်သူသိအောင် သတင်းဖြန့်ပေးနေတယ်။ ပြည်သူလူထုကလည်း WHO ကကြေညာထားတဲ့ နည်းလမ်းအတိုင်း လိုက်နာကြပါ။ ကလေးမှာရှိတဲ့ လူတွေက ကျန်းမာရေးထုတ်ပြန်ချက်တွေ၊ အစိုးရထုတ်ပြန်ချက်တွေ၊ ခရိုင်အဆင့်၊ မြို့နယ်
အဆင့် အုပ်ချုပ်ရေးပိုင်းက ထုတ်ပြန်တာတွေကို အထူးလိုက်ပါဆောင်ရွက်ဖို့ ပြောချင်ပါတယ်။

ဦးကျော်သက်ဝင်း (ဒါရိုက်တာ)
(အထက်ချင်းတွင်းလူငယ်ကွန်ရက်)

မြို့အဝင်အထွက်တွေမှာလည်း တော်တော်လေး စောင့်ကြည့်စစ်ဆေးတာတွေလုပ်တယ်။ လော့ခ်ဒေါင်းလုပ်တယ်ဆိုပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြန့်သွားတော့ မြို့ပေါ်က လူတွေရော မြို့အပြင်မှာ ရှိတဲ့သူတွေရော ထိတ်လန့်ကုန်ကြတယ်။ အဲဒီပြဿနာကိုလည်း ဖြေရှင်းရတယ်။ ပြီးတော့ positive လူနာ စတွေ့တဲ့ညကစပြီး ဆန်ဆီတွေကလည်း အမျိုးမျိုးပြောင်းသွားတယ်။ စားသုံးကုန်တွေလည်း တော်တော်များများ ဈေးတက်သွားတယ်။ လူမှုပတ်ဝန်းကျင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ကြောက်လန့်ပြီး မယုံကြည်ကြတော့ဘူး။ ရှိန်းသွားကြတယ်။ ချင်းဘက်က လူတွေကလည်း ကလေးကဘော်ဘက်ဆင်းလာတာမျိုးရှိတော့ တစ်နေကုန် အဝင်အထွက်တွေမှာစစ်ဆေးခံပြီးမှလွှတ်တယ်။ ညကိုးနာရီလောက်မှာတော့ အပြီးသတ်ပိတ်လိုက်တယ်။ နောက်ထပ်လည်း သံသယလူနာတွေထပ်ပေါ်တော့ မြို့ကတုန်လှုပ်ခြောက်ခြားကြတယ်။ ကလေးမြို့က ပထမဆုံးလူနာတွေ့တာရော၊ နိုင်ငံခြားသားအဝင်အထွက်ကလည်း တရားဝင်၊ တရားမဝင်ရော အဝင်အထွက်များတယ်။ တိုင်းအစိုးရဝန်ကြီးတွေအနေနဲ့ စီမံခန့်ခွဲပေးစေချင်တယ်။ လာပြီးထိန်းချုပ်ရေး လုပ်ငန်းတွေလာလုပ်ပေးစေချင်တယ်။ ဒီရောဂါက ကူးစက်မြန်ရောဂါဖြစ်တော့ ရှေ့ထွက်လုပ်ရတာ တော်တော်လေး သတိထားရတယ်။ ဟိုတယ်တွေနဲ့ အခြားပုဂ္ဂလိကဆေးရုံတွေ ဆေးခန်းပိတ်ခိုင်းထားတယ်။ အစိုးရဆေးရုံကပဲ ဦးဆောင် ဆောင်ရွက်နေတယ်။ ကလေးလိုမျိုး နယ်မြို့တစ်မြို့မှာ Positive လူနာက တော်တော်ကြာ နေသွားတဲ့ အနေအထားဆိုတော့ အမြဲနိုးကြားဖို့လိုတယ်။ အစိုးရအနေနဲ့လည်းကြိုတင်ပြင်ဆင်မှုတွေ လုပ်ငန်းစဉ်တွေကို ထိထိရောက်ရောက်လုပ်ပေးဖို့ တောင်းဆိုချင်တယ်။

ဆလိုင်းရောဘတ် (အယ်ဒီတာ)
(Khonumthung Media Group)
ကိုရိုနာရောဂါပိုး တွေ့ရှိတာဖြစ်ပြီးနော​က်ပိုင်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းကလေးနယ်စပ် ပိတ်ချတဲ့အခြေအနေကို ကိုယ်တိုင် သတင်းသွားယူတယ်။ ချင်းကနေ ဝင်လာတဲ့သူတွေ နယ်စပ်မှာ ပိတ်မိတယ်။ ကလေးမြို့ကလူတွေလည်း ထွက်မရဘူးဆိုတဲ့ အခြေအနေတွေဖြစ်တယ်။ ၂၄ ရက်နေ့ မနက်ပိုင်းကစပြီး ကလေးအာဏာပိုင်ဘက်က ချင်းပြည်နယ်နဲ့ ကလေးဝင်ပေါက်ကို ပိတ်ချလိုက်တယ်။ ချင်းပြည်နယ်တီးတိန်ဘက်ကနေ အလန့်တကြားနဲ့ ဝင်လာမယ့်သူတွေကိုထိန်းချုပ်တဲ့သဘောပဲ။ ရောဂါမကူးစက်လာအောင် ကလေးဘက်ကိုအလာတွေ ပိတ်လိုက်တယ်။ ချင်းတောင်တက်တဲ့ဟာတော့ ခွင့်ပြုပါတယ်။ အဓိကကတော့ ချင်းပြည်နယ်နဲ့ ဆက်သွယ်တဲ့လမ်းကြောင်းပိတ်တယ်။ ကလေးမြို့ကို ဝင်လာတဲ့ ပြည်မ ဂိတ်တွေကို ကျနး်မာရေးစစ်ဆေးမှု တင်းတင်းကြပ်ကြပ် လုပ်ဆောင်တာ တွေ့ရတယ်။ ဆိုရှယ်မီဒီယာ အရမ်းအားကောင်းတဲ့ အချိန်ဖြစ်တော့ ကောလာဟလတွေအရမ်းထွက်တယ်။ ကလေးမြို့ကို လော့ခ်ဒေါင်းချလိုက်ပြီဆိုပြီး သတင်းတွေထွက်လာ၊ အပြင်ထွက်လို့မရတော့ဘူးဆိုပြီး မြို့နေလူထုတွေက ဆန်တွေ၊ ကုန်ပစ္စည်းတွေ အသားကုန်အလုအယက်နဲ့လိုက်ဝယ်ပြီး ပျာယာခတ်ပြီး ဖြစ်သွားတာပေါ့နော်။

ဒီနေ့လည်း ကလေးမြို့ကတော့ အရင်နဲ့မတူတော့ဘူး။ တော်တော်များများက အိမ်ထဲကအိမ်ပြင် မထွက်တော့ဘူး။ ဆိုင်တွေအများစုကလည်း ပိတ်ထားတာ တွေ့ရတယ်။ လမ်းမပေါ်မှာလည်းလူသွားနည်းတာကို တွေ့ရတယ်။ ကုန်ပစ္စည်းက သက်ဆိုင်ရာအာဏာပိုင်ဘက်က ဈေးနှုန်းမတင်ဖို့ ပြောဆိုနေပေမယ့် အချို့နေရာမှာ ဆန်ဆိုရင် ၃ သောင်းခွဲတန်က ၄ သောင်းလောက်ဖြစ်သွားတယ်၄ သောင်းခွဲတန်က ၅ သောင်းလောက် ဖြစ်သွားတဲ့ဟာမျိုးတွေရှိတယ်။ Mask ဆိုလည်း ဈေးတက်သွားတယ်ဆိုတဲ့ဟာမျိုးတွေတွေ့ရတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here