ကလေးသူခိုး ကောလာဟလနှင့် လူ့အဖွဲ့အစည်း

0
73
Aerial view a woman using a retro typewriter

မိမိတို့ငယ်စဉ်ကတည်းက ထိတ်လန့်စွာကြားသိခဲ့ရသော ဝေါဟာရတစ်ခု၊ ယင်းဝေါဟာရကြောင့် လူ့အဖွဲ့အစည်းကြား မယုံသင်္ကာ ဖြစ်ခဲ့ကြရသည်။ အထင်လွဲရိုက်နှက်မှုများမှအစ သတ်ဖြတ်မှုများအဆုံး ဝမ်းနည်းဖွယ်ရာများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ရသည်။ ထိုဝေါဟာရသည်ကား ကလေးသူခိုး၊ ကလေးဖမ်းဟူသော စကားပင်တည်း။

ယခုလည်း ကလေးသူခိုးသတင်းသည် အွန်လိုင်းအခြေစိုက် အခြေအမြစ်မရှိသော မီဒီယာတချို့မှ စတင်ကာ တဖန် ပြန့်နှံ့လာပြန်သည်။ အချို့ဒေသများတွင် ကလေးသူခိုးဟု အထင်အမြင်လွဲမှားကာ စိတ်ဝေဒနာရှင်အချို့ ရိုက်နှက်ခံရမှုများ ရှိခဲ့သည်။ မိမိတို့တိုင်းဒေသကြီးတွင်လည်း ကလေးသူခိုးဟု အထင်အမြင်မှားကာ စိတ်ဝေဒနာသည်တစ်ဦး ရက်ရက်စက်စက် လည်လှီးမီးရှို့ အသတ်ခံခဲ့ရသည်။ အားလုံးသိကြသည့်အတိုင်း မိမိတို့လူ့အဖွဲ့အစည်းသည် ရင်နှစ်သည်းချာဖြစ် သော ရင်သွေးငယ်ကလေးများကို ချစ်ခင်သနားတန်ဖိုးထားကြသလို လုံးဝအထိမခံတတ်ကြ။ ထိုသဘောကို နားလည်သော ကောလဟလ ဖြန့်ချိသူတို့သည် ကလေးများကို ရက်စက်စွာဖမ်းဆီးသည်ဟူသော သတင်းတုများကို စနစ်တကျဖြန့်ချိကြသည်။ ဖြန့်ချိတိုင်းလည်း လူထု သွေးဆူသည်။ ထိုအခြေအနေသည် ယနေ့တိုင်တည်း။

ဒေသတွင်းအစိုးရများအနေဖြင့် ယင်းဖြစ်စဉ်ကို အခြေအမြစ်မရှိဟုဆိုကာ လျစ်လျူရှု မထားသင့်ပေ။ လူ့အဖွဲ့အစည်း မတည်မငြိမ်ဖြစ်လာလျှင် တရားဥပဒေစိုးမိုးရေးကိုလည်း ထိခိုက်လာနိုင်သည်။ ထို့ကြောင့် တိုင်းဒေသကြီးအစိုးရအနေဖြင့် ကလေးသူခိုး ကောလဟလကို ပြည်သူအများ သိသင့်သိထိုက်သည့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း အခြေခံပညာကျောင်းများတွင် မိဘဆရာများကို ပညာပေးသည့် ဆွေးနွေးဟောပြောမှုများ ဆောင်ရွက်ခြင်းတို့ကို အပူတပြင်း လုပ်ကိုင်ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here