ကိုဗစ်ကာလ စိတ်ပိုင်းဆိုင်ရာ အကြံတောင်းသော ဖုန်းခေါ်ဆိုမှု ၄၀ ကျော် ရှိ

0
455

ကိုသစ္စာ
မုံရွာ၊ ဇူလိုင်-၈

COVID-19 ကပ်ရောဂါကာလအတွင်း အသွားအလာကန့်သတ် Quarantine ဝင်နေသူများထံမှ စိတ်ပိုင်းဆိုင်ရာ အကြံတောင်းသော ဖုန်းခေါ်ဆိုမှု ၄၀ ကျော် လက်ခံရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက ပြောသည်။

COVID-19 ကပ်ရောဂါကာလတွင် ထိတ်လန့်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ဝမ်းနည်းခြင်းစသော စိတ်ဖိစီးမှုများ ခံစားနိုင်ရသဖြင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေး (PSS) ပေးနိုင်ရန် အခမဲ့ခေါ်ဆိုနိုင်သော ဖုန်းနံပါတ်များကို ဧပြီလ ၁၀ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တိုင်းနှင့်ပြည်နယ်အားလုံး၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

” သူတို့ရဲ့ Q စင်တာမှာ လိုအပ်ချက်တွေ၊ အစားအသောက် အဆင်မပြေတာတွေ၊ကျန်းမာရေး ပြည့်စုံလုံလောက်မှုမရှိတာတွေ၊ ကျန်ခဲ့တဲ့မိသားစုအပေါ် စိတ်ပူရတာတွေကို ဖုန်းဆက်ပြောဆိုကြတာ များပါတယ်” ဟု ဒေါ်သန္တာထွေးက ပြောသည်။

ဖုန်းဆက်သူများအား အထူးလေ့ကျင့်သင်ကြားပေးထားသော ဝန်ထမ်းများမှ နှစ်သိမ့်ဆွေးနွေးပေးမှုများကို လုပ်ဆောင်ပေးသည်ဟု ဆိုသည်။

အမ်ပီတီ၊ မိုင်တဲလ်၊ အော်ရီဒူး၊ တယ်လီနော ဖုန်းအော်ပရေတာ ၄ ခုမှ ဖုန်းများကို တိုင်းလူမှုဝန်ထမ်းရုံးနှင့် ခန္တီး၊ ကလေး၊ ရွှေဘို ခရိုင်ရုံးများတွင် တစ်လုံးစီ ခွဲေ၀ ပေးထားကြောင်း သိရသည်။

စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်တောင်းခံနိုင်သော ဖုန်းများကို Quarantine စင်တာ များတွင် ကြေညာပေးထားပြီး ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းမှုများအား လက်ခံပြောဆိုပေးနေသည်ဟု ဆိုသည်။

လက်ရှိချိန်တွင် ဖုန်းဆက်မေးမြန်းသူ နည်းသွားကြောင်း ဒေါ်သန္တာထွေးကပြောသည်။

ပြည်တွင်း၌ ဇူလိုင် ၄ ရက်နေ့က ပုသိမ်မြို့ တိုင်းသမကျောင်း Quarantine တွင် ထိုင်းနိုင်ငံမှ ပြန်လာသူတစ်ဦး အိမ်သာအတွင်း ကြိုးဆွဲချသေဆုံးမှုဖြစ်ခဲ့ကြောင်း 7day သတင်းတွင် ဖော်ပြခဲ့သည်။

သေဆုံးသူသည် Quarantine ဝင်စဉ် စိတ်ခံစားချက်ရှိပုံပေါ်ပြီး ၎င်းတွင် ကိုဗစ်ဖြစ်နေသည်ဟုဆိုကာ မှိုင်တွေမှုများဖြစ်နေခဲ့ကြောင်း သွားရောက်စစ်ဆေးခဲ့သည့် ရဲအရာရှိက ပြောဆိုထားကြောင်း ၎င်းသတင်းတွင် ဖော်ပြထားသည်။

ဇွန်လ ၁၇ ရက်ကလည်း ပုသိမ်ဆေးရုံကြီးတွင် ဆေးရုံအသွားအလာကန့်သတ်အဖြစ် နေထိုင်သူတစ်ဦး အိမ်သာအတွင်းမှာပင် ကြိုးဆွဲချသေဆုံးမှု ဖြစ်ခဲ့ကြောင်း သိရသည်။

COVID-19 ကာလသည် သာမန်အခြေအနေမဟုတ်ခြင်းကြောင့် လူများတွင် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျဆင်းမှုများဖြစ်နိုင်ကြောင်း စိတ်ကျန်းမာရေးပညာရှင်များမှ ပြောဆိုသည်။

စစ်ကိုင်းတိုင်းတွင် နှစ်သိမ့်ဆွေးနွေးပေးမည့် ဖုန်းများမှာ ၀၉-၈၈၉၉၀၀၀၅၅၊ ၀၉-၆၆၁၀၅၅၅၅၅၊ ၀၉-၇၇၀၇၇၅၀၀၀၊ ၀၉-၉၈၀၀၀၀၁၀၅ တို့ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here