ကိုဗစ်ကာလ အခြေခံလူတန်းစားများဘဝ

0
59

မြန်မာနိုင်ငံမှာ COVID-19 လူနာစတွေ့တဲ့ကာလကနေ ခုချိန်ထိတစ်လခွဲကျော်ကြာမြင့်ခဲ့ပါပြီ။ ရောဂါသက်တမ်းရှည်လာလေ အခြေခံလူတန်းစားများ စားဝတ်နေရေး ဖြေရှင်းရမှုတွေ ပိုမိုခက်ခဲလာတာတွေ ရှိလာပါတယ်။ ၎င်းတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို မုံရွာဂေဇက်က တွေ့ဆုံမေးမြန်းထားပါတယ်။

(ကာယကံရှင်များက သူတို့ရဲ့ခံစားချက်ကို ရင်ဖွင့်ပေမယ့် ဓာတ်ပုံကိုတော့ ဖော်ပြဖို့သဘောမတူတာကြောင့် ဖော်ပြခြင်းမပြုနိုင်ပါ)

ဦးကျော်ဦးမြင့်မောင်
မုံရွာဘူတာရုံ၊ အနှေးယာဉ်လုပ်သား
(ချမ်းမြဝတီရပ်ကွက်)

နယ်ကကားလမ်းတွေကလည်း အဝင်တွေပိတ်ထားလို့ လာတဲ့ခရီးသည်တွေမရှိတော့ ဆိုက္ကားမဆွဲရတော့ ငုတ်တုတ်ထိုင်နေရတယ်။ ဒီကပ်ရောဂါကြီးကလည်း ဘယ်အထိသွားမယ်မသိတော့ ခက်ခဲတယ်။ တချို့တွေကျလည်း နွမ်းပါးမှန်းသိတော့ ဆန်ဆီကူညီကြတာတော့ရှိတယ်။ နိုင်ငံတော်ကပေးတဲ့ အခြေခံပစ္စည်းတွေဆိုလည်း တင်တာတင်ထားတာအခုထိမရှိသေးဘူး။ မိသားစုစားဝတ်နေရေးအတွက် ရှိတာလေးပေါင်နှံရတယ်။ အတိုးယူရတယ်။ အိမ်မှာနေကြပါ ညွှန်ကြားထားပေမယ့် စားဝတ်နေရေးက အရင်ထိပ်တိုက်ရင်ဆိုင်ရတော့ အလုပ်ရှိရင်တော့ လုပ်ရမှာပဲ။

ကိုအောင်တိုး
ရွှေစည်းခုံဘုရားပန်းရောင်းသူ
(ဘုရားကြီးရပ်ကွက်)

ဘုရားပိတ်ထားတော့ ဘုရားကိုအမှီပြုပြီး ရောငး်နေကြတဲ့ ဈေးသည်တွေအားလုံး ဒုက္ခရောက်ကြရတယ်။ အလုပ်မရှိတော့ အစိုးရ ထောက်ပံ့တာလေးေတွစားပြီး နေကြတယ်၊ဘုရားကလည်း ဘယ်နေ့မှဖွင့်မယ်မသိတော့ အရမ်းခက်ခဲနေကြတယ်။ တချို့သူတွေဆိုရင် ထောက်ပံ့တာလေးတွေနဲ့ မလောက်လို့ ရှိတာလေးတွေရောင်းချပေါင်နှံစားကြရတယ်တဲ့။ထမင်းနဲ့ဟင်းနဲ့ နှပ်မှန်အောင်မစားရတဲ့သူတွေတောင်ရှိတယ်။ ဘုရားကလည်းပိတ် ၊အလှုအတန်းလာလုပ်မယ့်သူမရှိတော့ တော်တော်ကြပ်တည်းကြပါတယ်။

ဒေါ်မျိုးဌေး
ပန်းရံလုပ်သူ
(ကန်သာဦးရပ်ကွက် )

ဆောက်လုပ်ရေးတွေ ရပ်ထားရတော့မယ် ဆိုကတည်းက နားနေရတာ၊ ကလေးတွေရောများတဲ့အတွက် စားဖို့တောင်အနိုင်နိုင်ရုန်းကန်နေရတာ။ အိမ်ငှားခဆို အရင်လကတည်းကမပေးနိုင်ဘူး။ ချေးငွေတွေကနားထားလို့တော်သေးတယ်။ အခုဆို ကလေးတွေကို ဟင်းကောင်းဝယ်မကျွေးနိုင်တာတောင်ကြာပြီ။ ကလေးတွေကလည်း ငယ်သေးတော့ တော်တော်ရုန်းကန်ရတဲ့ထဲ ဒီရောဂါပိုးကလာဖြစ်တော့ ကြပ်တည်းတယ်။ တစ်ရက်တစ်လေများဆိုရင် နှစ်နှပ်တစ်နှပ်တောင်ပေါင်းစားရတယ်။ ကြုံရာအဝတ်လျော်တို့၊ သန့်ရှင်းရေးတို့ခေါ်ရင်လည်း လိုက်ပါတယ်။ ရေရှည်များဆိုရင် ဘယ်လို ရုန်းကန်ရမှန်းကို မသိတော့ဘူး။

မမေသီ
(ဆံသဆိုင်၊ အလုပ်သမ)

ညီမတို့အလုပ်ကကျတော့ social distancing လညး်လုပ်လို့မရတော့ ကျနး်မာရေးအတွက် ဆိုင်ရှင်ကပိတ်ထားတယ်။ ညီမတို့ကျတော့ ခေါင်းလျှော်၊ ညှပ်တာတွေက ရာခိုင်နှုန်းနဲ့ရတာဆိုတော့ အခုလို အချိန်ကျတော့ ဝင်ငွေကလည်းမရှိဘူး။ နယ်ကနေအဆောင်လာနေပြီးလုပ်တာဆိုတော့ အဆောင်ကြေးတောင် အိမ်ကပြန်တောင်းရတယ်။ ရွာပြန်ရအောင်ကြလည်း ရွာထိပ်မှာစောင့်ပြီး မြို့ကလာတဲ့ သူတွေ Quarantine ဝင်ခိုင်းတာရော၊ ကားလမ်းတွေပိတ်ထားတာဆိုတော့ ပြန်လို့မရ၊ ဒီမှာကျလည်း အလုပ်မရှိနဲ့ဖြစ်နေတယ်။ ဒီကပ်ဆိုးကြီးသာ မြန်မြန်ပြီးပါစေဆုတောင်းရမှာပါပဲ။

ဦးသန်းဆောင်
ချင်းတွင်းမြစ်ဆိပ်ကမ်းကုန်တင်ကုန်ချသူ
(ညောင်ပင်ရွာ)

အခုချိန်ကတော့ အလုပ်တော်တော်ပါးတယ်။ ပိုက်ဆံမရတဲ့ ရက်တွေတောင်ရှိတယ်။ မိန်းမကလည်း ကိုယ်ဝန်နဲ့ဆိုတော့ မွေးဖိုးဖွားဖို့စုထားတာလေးတေွ ထုတ်သုံးနေရတယ်။ ရွာမှာ ကျလညး် လယ်ယာမရှိတော့ သူများအငှားလုပ်ရတဲ့တူတူ ဒီအလုပ်က ဝင်ငွေမဆိုးဘူးဆိုပြီး လုပ်တာ။ ရွာနားမှာရှိတဲ့ အသီးအရွက်ကလေးတွေခူးပြီး ချက်ပြုတ် စားနေကြတယ်။ အစိုးရဝေတာလေးတွေရောပေါ့။ အိမ်ဝိုင်းထဲမှာလည်း မိသားစုများတော့ တစ်မိသားစုနဲ့တစ်စု ဝေမျှစားနေကြတာပေါ့။ တချို့ဆိုရင် စားစရာလည်းမရှိ ပေါင်နှံစရာမရှိလို့ အဝတ်အစားတောင်ပေါင်စားရတယ်။ စားဝတ်နေရေးကြပ်တည်းလွန်းလို့ ဒီဘေးဆိုးကြီးလည်း မြန်မြန်ပြီးချင်ပါပြီ။

LEAVE A REPLY

Please enter your comment!
Please enter your name here