ကိုဗစ်ရိုက်ခတ်မှုအောက်က သူတို့ အသံ

0
782

အိအိဖြိုး မေးသည်။

ကိုဗစ် – ၁၉ ထိန်းချုပ်နိုင်ရေး လူစုလူဝေးများလျှော့ချရန် အစိုးရမှ လုပ်ငန်းအချို့ကို ယာယီရပ်နားစေခဲ့သည်။ ယခုအခါ ကန့်သတ်မှုများနှင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးနောက် အရှိန်ပြန်ယူနေရတဲ့ မုံရွာမြို့လုပ်ငန်းရှင်များ၏ ရင်ဖွင့်သံများကို မုံရွာဂေဇက်မှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဦးခင်မောင်မြင့် (ချင်းတွင်းမြင့်ဟိုတယ်)

အရင်ကဆို တစ်နေ့ကို ပုံမှန်အခန်း ၂၀၊ ၃၀ လောက်ရှိတယ်။ လောလောဆယ်အခြေအနေကတော့ ၅ ခန်းလောက်ပဲ ရှိတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ စီစဉ်ရတယ်။ လာတဲ့သူတွေကိုလည်း ကျန်းမာရေးထောက်ခံချက်တွေ တောင်းရတယ်။ မဖြစ်မနေသွားကြတဲ့သူတွေပဲ ရှိတယ်။ နိုင်ငံခြားအဝင်ဆိုတာ လည်း ၁၅ ရက်ထပ်တိုးထားတော့ မဖြစ်နိုင်သေးဘူး။ ဘာသာရေးပွဲတွေ၊ ဧည့်ခံပွဲတွေလည်းမရှိသေးဘူးဆိုတော့ လူမှုရေးနဲ့ပတ်သတ်ပြီးလာတဲ့သူလည်း မရှိဘူး။ မဖြစ်မနေလူကလွဲလို့လာတဲ့သူမရှိသေးတဲ့အတွက် ဝန်ထမ်းတောင် ရဲရဲတင်းတင်းမခေါ်ရဲသေးဘူး။ ပြောရရင်တော့ ဟိုတယ်ခရီးသွားလုပ်ငန်းတွေက ရာနှုန်းပြည့်မဟုတ်ရင်တောင် ၉၀ ရာခိုင်နှုန်းလောက်ထိ ထိခိုက်သွားတယ်။

ဦးဝင်း (ဝင်းရတနာရွှေဆိုင်)

အခုရက်ပိုင်းတော့ ရောင်းအားမရှိဘူး။ ဝယ်နေရတာပဲများတယ်။ ဒီရက်ပိုင်းတွေကျတော့ ဘာမှလုပ်အားမရှိတော့ ဝယ်ထားတာလေး ပြန်ရောင်းကြတာများတယ်။ မရောင်းရသလောက်ပဲ၊ တစ်ရက်ကို တစ်ထည်၊ နှစ်ထည်တောင် မရောင်းရဘူး။ လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ အခက်အခဲမရှိပါဘူး။ ငွေလိုလို့ရောင်းချင်တဲ့သူတွေဆိုလည်း ဆိုင်မဖွင့်ခင်ကတည်းက အိမ်မှာလုပ်ပေးရတယ်။ အလုပ်မဖြစ်ကြတော့ ပန်းထိမ်ဆရာတွေလည်း နားနေကြရတယ်။

ဦးရန်နိုင်အောင် Regional Manager (Honda Showroom)

လတ်တလောတော့ အရောင်းအဝယ်ပါးတယ်။ ပုံမှန်အတိုင်းတော့မရှိဘူး။ အခက်အခဲကတော့ Customer အလာတော့ နည်းနည်းပါးတာပေါ့။ ပုံမှန်ထက် ထက်ဝက်လောက်ကို ကျသွားတာပါ။ အဓိကတော့ ဒီအချိန်မှာ လုပ်ငန်းတွေလည်း ရပ်ထားတော့ မဖြစ်မနေလောက်ပဲဝယ်ကြတာ။ မလိုအပ်တဲ့ ဇိမ်ခံပစ္စည်းတွေ သိပ်မဝယ်ကြဘူး။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ လုပ်ပေးပါတယ်။ ယခုဆို ဈေးတွေလည်းအများကြီးလျှော့ပြီး promotion လုပ်ပါတယ်။ ဝန်ထမ်းတွေကိုလည်း ပုံမှန်လစာအတိုင်း ပုံမှန်ဝန်ထမ်းအင်အားအတိုင်းပဲ။ ဝန်ထမ်းတွေကိုလည်း အရောင်းပါးလို့ လူလျှော့တာမျိုးတွေမလုပ်ပါဘူး။

ဦးသက်ခိုင် (လိုတရ လက်ဖက်ရည်ဆိုင်)

” လက်ရှိမှာတော့ ထိန်းဖွင့်နေရတယ်။ အဝင်တော့ သိပ်မမှန်ဘူး။ များတဲ့အခါများ နည်းတဲ့အခါနည်းနဲ့ အရင်ကလို ပုံမှန်မဟုတ်တော့ ထိန်းလို့မရဘူး။ ရေရှည်မှာတော့ စီးပွားရေးကျနေကြတော့ နဂို အတိုင်းပြန်ဖြစ်ဖို့ဆိုတာ မလွယ်ဘူး။ ကိုယ့်အတွက်ဆိုတာထက် ကိုယ့်ဆိုင်ရဲ့ ဝန်ထမ်းတွေအတွက်လည်း ရှိသေးတာဆိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားရတာပေါ့။ သူတို့ရဲ့နောက်မှာ သူတို့ကိုမှီခိုနေတဲ့ မိသားစုတွေကလည်း ရှိသေးတယ်ဆိုတော့ အောင်မြင်အောင် လုပ်ရတာပေါ့။ အရင်က ဝိုင်းအပြည့်ခင်းပြီး လူအပြည့်ရှိတယ်။ အခုကျတော့ ဝိုင်းတစ်ဝက်ပဲခင်းတာတောင် လူမပြည့်ဘူး။ ဒီစားသောက်ဆိုင်လောကက ဝန်ထမ်းတွေရော လူတွေအများကြီးဆိုတော့ တစ်ယောက်မှာပါလာရင် အားလုံးသွွားမှာ။ ဖွင့်ပြန်ရင်လည်း ဘယ်ဧည့်သည်မှာ ဘယ်လိုပါလာနိုင်တယ်ဆိုတာ မသိဘူး။ မဖွင့်ရင်ကြလည်း ငွေကြေးအခက်အခဲကရှိနေပြီ။ နှစ်လဆိုတဲ့အချိန်က ကျွန်တော်တို့မှာတော်တော်ကို ပြန်ရပ်တည်ထားရတာ။ မြေငှားခ၊ ဝန်ထမ်းစရိတ်ကစပြီး ဝန်ထမ်းဆိုလည်း ကိုယ့်မှီခိုပြီး နေကြရတာဆိုတော့ သူတို့ကို အလုပ်မဖြစ်လို့ပြန်ပါဆိုပြီးလည်း ပြောမထွက်ဘူး။ အဲဒီတော့ ရှိအတူ၊ မရှိအတူနေကြမယ်ဆိုပြီး ရှိတာအတူစားကြတယ်။

ဦးအောင်မြင့် (မုံရွာသား အိမ်ခြံမြေအကျိုးဆောင်)

အိမ်ခြံမြေက ဒီနှစ်ဦးမှာအဝယ်လိုက်တော့ တော်တော် ရောင်းရတယ်။ COVID ကြောင့် ငွေကြေးကဲကာစဖြစ်သွားတော့ ရာဂဏန်းလောက်ပဲ တည့်တာများတယ်။ ဗိုလ်ချူပ်လမ်း၊ ကျောက္ကာလမး်ဆိုရင် ကိုဗစ်မတိုင်ခင်ကတော့ အလုပ်ဖြစ်တယ်။ အငှားဈေးကွက်ဆိုရင် နိုင်ငံခြားကုမ္ပဏီတွေက မလာကြတော့ မဖြစ်မနေလူတွေ လောက်ပဲ အပြာင်းအရွေ့လောက်ပဲအလုပ်ဖြစ်တာ။ တစ်သိန်းအောက်လောက်ပဲရှာကြတယ်။ တချို့ကျလညး် ကိုယ့်ဆီကို ​ပြန်နေချင်တဲ့သူတွေလောက်ပဲ အငှားရှိတာ။ အခုဆို ငှားလက်စလူတွေကို ဈေးလျှော့ပေးတာတွေ့တယ်။ တချို့က တစ်လစာကို ဖြေလျော့ပေးကြတယ်။ ဈေးတက်လို့လည်းမရဘူး။ မဖြစ်မနေပြောင်းရတော့မယ့် ကုမ္ပဏီတွေဆို ဒီထက်အလုပ်ဖြစ်မယ့် နေရာကောင်းတွေကို ခြေဆန့်ပြီးရှာနေကြတယ်။ လမ်းမကြီးတွေပေါ်မှာ Showroom ဖွင့်ကြမယ့်သူတွေဆို လုပ်ငန်းသစ် မစနိုင်သေးဘူး။ နှစ်လ၊ သုံးလလောက်ထောက်သွားတော့ နောက်ဆက်တွဲပြဿနာ ဘာတွေပေါ်မယ်ဆိုတာ မပြောနိုင်သေးဘူး။ လတ်တလောအခက်အခဲကတော့ စရံပေးတာတွေ ရက်ကြန့်ကြာတာမျိုးတွေတော့ ရှိတယ်။ နှစ်ချုပ်သမားဆိုလည်း နှစ်ပြန်လောက်ပေးကြတယ်။ ငွေကြပ်တည်းကြတော့ တလုံးတခဲတည်း မသွင်းနိုင်ကြတော့ဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here