ကုန်သွယ်ရေးစစ်ပွဲမှ နည်းပညာစစ်ပွဲဆီသို့

0
31
ကုန်သွယ်ရေးစစ်ပွဲမှ နည်းပညာစစ်ပွဲဆီသို့

သက်ဆွေအေး ရေးသည်။

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲရယ်လို့ စဖြစ်ကတည်းက ခန့်မှန်းနေကြတာက မကြာခင် နည်းပညာစစ်ပွဲဆန်ဆန် ဖြစ်လာမယ့် အကွဲအပြဲတွေ မြင်ရတော့မယ်လို့ ပြောကြပါတယ်။ တကယ့်အစစ်အမှန် ထိခိုက်နစ်နာမှုကို မီးမောင်းထိုးပြဖို့တော့ ခက်ပါတယ်။ အခုလို ကိုဗစ်ဖြစ်နေတဲ့အချိန်မှာ နိုင်ငံတိုင်းလိုလိုရဲ့စီးပွားရေး ထိခိုက်နေပေမယ့် တရုတ်-အမေရိကန် နည်းပညာကုမ္မဏီတွေကတော့ အမြတ်စွန်းတွေ ရနေကြပြီး၊ ဘီလျံနာတွေ အလျှိုလျှို ပေါ်လာနေပါတယ်။

ယမန်နှစ်က Apple ဆိုရင် တရုတ်နိုင်ငံမှာ တရက်အတွင်း ရောင်းအားက သန်း ၁ဝဝ လောက်ထိရှိခဲ့တာပါ။ ဟွာဝေးဆိုရင်လည်း အမေရိကန်နိုင်ငံက အထိနာအောင် လုပ်နေပေမယ့် အမြတ်စွန်းဟာ စံချိန်တင် ရရှိခဲ့တာပါ။ ရင်းနှီးမြှပ်နှံသူတွေကလည်း နည်းပညာကုမ္ပဏီတွေဆီက ရှယ်ယာတွေမှာ ပုံအောရင်းနှီးလာကြတာ တွေ့ရပါတယ်။ 5G နည်းပညာအတွက် မျှော်လင့်ချက်များစွာနဲ့ ရင်းနှီးမြှပ်နှံလာကြပါတယ်။ ကိုဗစ်ကပ်ဘေးကြောင့် ကမ္ဘာပေါ်ကလူတွေ အိမ်တွင်းနေကြရလို့ အွန်လိုင်းကနေ ပိုက်ဆံသုံးလာကြပြီး၊ နည်းပညာကုမ္ပဏီတွေက များစွာအကျိုးရှိ နာမည်ရလာကြပါတယ်။ အသိသာဆုံး ဥပမာ တစ်ခုပြောရရင် Zoom ကုမ္ပဏီပါ။

ရောင်းအား၊ အမြတ်အစွန်း၊ ရှယ်ယာဈေးတွေပေါ် မူတည်ပြီး ဆုံးဖြတ်ရမယ်ဆိုရင်၊ အမေရိကန်နဲ့ တရုတ် နည်းပညာကုမ္ပဏီတွေရဲ့ ရွှေခေတ်လို့ ဆိုရပါမယ်။ နည်းပညာဈေးကွက်ကြီးတစ်ခုလုံးရဲ့ တန်ကြေးဟာဆိုရင် ၂ဝ ထရီလျံ ဒေါ်လာလောက် ထိရှိပါတယ်။ ဒီပမာဏဟာ ကမ္ဘာပေါ်ကစတော့ ဈေးကွက်တွေရဲ့ လေးပုံတစ်ပုံ တန်ကြေးနဲ့ တူညီပါတယ်။

ဇူလိုင်လ ၆ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက အနောက်တိုင်းမှာ အရမ်းကို နာမည်ကြီးလာနေတဲ့ တရုတ်နိုင်ငံထုတ် TikTok အက်ပ်ကို ပိတ်ပင်ဖို့ စဉ်းစားနေတာကို ပြောခဲ့ပါတယ်။ ဒါကလည်း အိနိ္ဒယနိုင်ငံက တရုတ်နိုင်ငံထုတ် ဖုန်းအက်ပ်ပေါင်း ၅၈ ခုကို ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် တစ်ပတ်မှာ ဖြစ်လာခဲ့တာပါ။ အိနိ္ဒယကလည်း တရုတ်နိုင်ငံနဲ့ နယ်စပ်မှာ ပြဿနာတက်ရာက ပစ်ခတ်မှုအနည်းငယ်ဖြစ်ခဲ့၊ သေခဲ့ရာမှ ပြဿနာက ကြီးထွားလာပါတယ်။

အင်္ဂလန်နဲ့ ပြင်သစ်ကလည်း ကွန်ရက်နဲ့ ပတ်သက်ပြီး ဟွာဝေး နည်းပညာကုမ္ပဏီကို ဘေးရောက်သွားအောင် လုပ်နေပါတယ်။ ဇူလိုင် လ ၆၊ ၇ ရက်တွေမှာ ဖေ့စ်ဘုတ်၊ ဂူးဂဲလ်၊ မိုက်ခရိုဆော့၊ တွစ်တာတို့က တရုတ်နိုင်ငံရဲ့ ဟောင်ကောင်အပေါ် ရက်စက်တဲ့ လုံခြုံရေးဥပဒေကို ပြဋ္ဌာန်းလာတဲ့အတွက် ဟောင်ကောင် အာဏာပိုင်တို့နဲ့ ပူးပေါင်းဆောင်ရွက်တာကို ရပ်တန့်တော့မယ်လို့ ဆိုလာပါတယ်။ တချို့သော နည်းပညာ ကုမ္ပဏီတွေလည်း ဟောင်ကောင်မှ ထွက်သွားကြတာမျိုး ရှိလာပါတယ်။ တရုတ်နိုင်ငံရဲ့ အောင်မြင်နေတဲ့ ဆယ်မီးကွန်ဒပ်ကုမ္ပဏီ smic ရှန်ဟိုင်းစတော့မှာ နိုင်ငံတော်ထောက်ပံ့မှုနဲ့ ၇ ဘီလျံဒေါ်လာလောက်ထိ တက်လာမယ်လို့ဆိုပါတယ်။ ဒီကုမ္ပဏီကို ပြီးခဲ့တဲ့နှစ်က နယူးယောက်စတော့ စာရင်းကနေ ပယ်ဖျက်ခဲ့တာပါ။ ဒီလိုနဲ့ တရုတ်ရဲ့ ပြည်တွင်းထုတ် ဆီလီကွန်ချပ်စ် လုပ်ငန်းဟာ အကြီးဆုံးရောင်းဝယ်သူ ဖြစ်လာနိုင်ပါတယ်။

တရုတ်နဲ့ အမေရိကန်ရဲ့ အကွဲအပြဲဟာ အရှိန်နဲ့ ဖြစ်လာနေပါတယ်။ နှစ်နိုင်ငံရဲ့ ဆော့ဝဲကဏ္ဍနဲ့ အင်တာနက် ကမ္ဘာကြီးဟာ အလင်းနှစ်ရဲ့ အရှိန်လောက်နဲ့ ကွဲထွက်လာနေပါတယ်။ ပြောရရင် အရင်ကလည်း ချိတ်ဆက်မိခဲ့တာတော့ မဟုတ်ဘူးဆိုရပါမယ်။ တရုတ်ဟာ သူ့ဘာသာ သီးသန့်ကမ္ဘာလေးထဲ နေခဲ့တာမျိုးပါ။ အမေရိကန် ဆော့ဝဲကုမ္ပဏီတွေဟာ ပြီးခဲ့တဲ့နှစ်တုန်းက တရုတ်မှာ ရောင်းအား ၃ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တာပါ။ တရုတ်က သူ့နိုင်ငံတွင်းက အင်တာနက်သုံးစွဲသူတွေကို ပြင်ပကမ္ဘာနဲ့ ခြားထားနိုင်ခဲ့ပါတယ်။

TikTok အက်ပ်ဟာ အမေရိကနဲ့ အိနိ္ဒယမှာ အခွန်မဆောင်တာ၊ ဆောင်ရင်လည်း နည်းတာ၊ အလုပ်ကိုင်အခွင့်လမ်း ဖန်တီးမပေးခဲ့တာတို့ကြောင့် ပိတ်ခံရတယ်လို့ ဆိုနိုင်ပါတယ်။ တခြားသော ရည်ရွယ်ချက်များလည်း ရှိကောင်းရှိနိုင်ပါတယ်။ အလားတူဖေ့စ်ဘုတ်နဲ့ တခြားသော အနောက်ကုမ္ပဏီတွေကလည်း ဟောင်ကောင်မှာပဲ အခြေစိုက်တတ်ကြပြီး တရုတ်မှာ စီးပွားရေး မလုပ်ကြပါဘူး။ ခြွင်းချက်နှစ်ခုတော့ ရှိပါတယ်။ မိုက်ခရိုဆော့ရဲ့ အော့ဖစ်ဆော့ဝဲ၊ ဂူးဂဲရဲ့ မြေပုံတို့ စာပို့စနစ်တို့တော့ တရုတ်ထုတ်ဖုန်းတွေမှာ ပါဝင်နေပါတယ်။ တရုတ် ဟွာဝေးဖုန်းကုမ္ပဏီကို အမေရိကန်ဘက်က နာမည်ပျက်စာရင်း သွင်းလိုက်ခြင်းဟာ ကမ္ဘာပေါ်က ဒုတိယအကြီးမားဆုံး ဖုန်းထုတ်လုပ်သူကို ကမ္ဘာပေါ်က လူကြိုက်များနေတဲ့ ဖုန်းအက်ပ်တွေနဲ့ အဆက်ဖြတ်ပေးလိုက်သလို ဖြစ်သွားစေပါတယ်။ ဒီအချိန်မှာ တရုတ်ဖုန်း ထုတ်လုပ်သူတွေဘက်က တခြားသောနည်းတွေနဲ့ ကြိုးစားယှဉ်ပြိုင်လာပြန်ပါတယ်။ ဒါကြောင့် တရုတ်၊ အမေရိကန် ဆော့ဝဲလ် ကမ္ဘာကြီးဟာ မြန်မြန်ဆန်ဆန်အသွင် လုံးဝကွဲထွက်လာတဲ့ အနေအထားကို ရောက်လာပါတယ်။

ဟက်ဝဲလို့ခေါ်တဲ့ နည်းပညာပစ္စည်းတွေရဲ့ ထိတွေ့ကိုင်တွယ်ရတဲ့ ပစ္စည်းလောကမှာတော့ လျော့ဖြစ်တာ အရှိန်နည်းနည်း နှေးပါတယ်။ အဲလို ဖြစ်ရတာကလည်း တကမ္ဘာလုံး ပေါင်းစပ်မှုရှိနေတဲ့ နယ်ပယ်ဖြစ်နေတာကြောင့်လည်း ပါပါတယ်။ ဒီနှစ်ကုန်ပိုင်းလောက်မှာ အက်ပဲလ်က 5G ဖုန်းအသစ်ကို ထုတ်ပြလာပါလိမ့်မယ်။ အဲလိုထုတ် လာမယ့် ပစ္စည်းအမြောက်အများကို တရုတ် နိုင်ငံထဲက စက်ရုံတွေဆီကပဲ လွန်ခဲ့တဲ့ ၅ နှစ်ကလို ထုတ်လုပ်မှာပါ။ နည်းပညာလောမှာ လှုပ်မယ့်အားတွေကလည်း အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။

မေလအတွင်းက အမေရိကန်အစိုးရက ချပ်စ်ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်အသစ်တွေ ထုတ်ပြန်ခဲ့တဲ့အတွက် ဟွာဝေးတရုတ်ကုမ္ပဏီဟာ ၂ဝ၂၁ အစောပိုင်းလောက်မှာ သူပိုင်ဆိုင်ထားတဲ့ ချပ်စ်ပစ္စည်းတွေ ကုန်သွားနိုင်ပါတယ်။ ပြီးတော့ အရေးတကြီး တခြားနည်းတွေ ရှာရပါလိမ့်မယ်။ အတော်ခက်ခဲနိုင်သလို၊ ကုန်ကျစရိတ်လည်း များနိုင်ပါတယ်။ တရုတ်နိုင်ငံထဲက ချပ်စ် ထုတ်လုပ်တဲ့ smic ရဲ့ ရည်ရွယ်ချက်ဟာဆိုရင် အင်တဲလ်လို၊ ထိုင်ဝမ်က tsmc လို ချပ်စ် ထုတ်လုပ်တဲ့ ကုမ္ပဏီအကြီးကြီးတွေနဲ့ ယှဉ်လာနိုင်ဖို့ပါ။

အဲလိုယှဉ်နိုင်ဖို့ကလည်း နှစ်ပေါင်းအတော်များများ ကြာနိုင်ပါတယ်။ အင်္ဂလန်နဲ့ ပြင်သစ်မှ 5G ကွန်ရက်အတွက် ဟွာဝေးကုမ္ပဏီကို မသုံးတော့ဘဲ နိုကီယာနဲ့ အဲရစ်ဆင်ကိုသာ ပြောင်းလဲသုံးမယ်ဆိုရင် အကုန်ကျတွေ များနိုင်သလို၊ နှစ်များစွာလည်း ကြာသွားနိုင်ပါတယ်။

အင်္ဂလန်နိုင်ငံရှိ တရုတ်သံအမတ်ကြီးမှ ဇူလိုင် လ ၆ ရက်နေ့က အင်္ဂလန်နိုင်ငံရေးသမားတွေကို ကိုလိုနီစိတ်အခြေခံ မပျောက်သေးတဲ့သူတွေလို့ ဆိုလိုက်ပါတယ်။ အင်္ဂလန်မှ ဟွာဝေးကို လက်တွဲဖြုတ်လိုက်တာက အင်္ဂလန်မှာ လာရောက်ရင်းနှီးမြှပ်နှံမယ့် တရုတ်တွေအတွက် သတင်းဆိုးဖြစ်တယ်၊ ကျွန်တော်တို့က မိတ်ဆွေဖြစ်ချင်တာ၊ စီးပွားဖက် ဖြစ်ချင်တာ၊ ဒါပေမယ့် တရုတ်နိုင်ငံကို ရန်လိုတဲ့ ဆန့်ကျင်ဘက်နိုင်ငံ ဖြစ်လာစေချင်ရင်တော့ နောက်ဆက်တွဲ အကျိုးဆက်တွေ ခံစားရမှာပေါ့လို့ သူက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ သူနိုင်ငံထိလာရင် ပြန်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်တတ်တဲ့အကျင့်ရှိပါတယ်။ ပြီးရင် ပထမအဆင့်အနေနဲ့ နှစ်နိုင်ငံကြားက နိုင်ငံရေးအစည်းဝေးပွဲတွေကို ဖျက်တတ်ပါတယ်။ တကယ်တော့ တရုတ်နိုင်ငံဟာ အမေရိကန်၊ ဥရောပသမဂ္ဂတို့ပြီးရင် အင်္ဂလန်အတွက်က တတိယအကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံ ဖြစ်ပါတယ်။

အကွဲအပြဲ ဇာတ်လမ်းက မလွှဲမရှောင်နိုင်ဖြစ်နေကြလို့ အံ့ဩစရာတချို့လည်း ရှိလာမှာပါ။ နည်းပညာရပ်ဝန်းနှစ်ခုရဲ့ လွှမ်းမိုးမှုတွေ ဘာဖြစ်လာနိုင်မလဲ..။ အမေရိကန် မူဝါဒချမှတ်သူတွေကတော့ ကမ္ဘာကြီးက ဆီလီကွန်တောင်ကြားက ထုတ်တဲ့ပစ္စည်းတွေသာ ကမ္ဘာက သုံးစွဲကြလိမ့်မယ်လို့ ယူဆနေကြပါလိမ့်မယ်။ ဒါပေမယ့် တခြားသော နိုင်ငံများစွာကတော့ တရုတ်နိုင်ငံနဲ့ အဆင်ပြေအောင်ပေါင်းပြီး တရုတ်ထွက် နည်းပညာဆိုင်ရာစနစ်တွေ၊ ပစ္စည်းတွေသာ သုံးစွဲလာကြပါလိမ့်မယ်။ ဒီလိုအခြေအနေမှာ အိန္ဒိယ ကုမ္ပဏီ တွေကတော့ ခပ်စိမ်းစိမ်းနေပြီး ကိုယ့်ပစ္စည်းကိုယ်ထုတ် သုံးစွဲလာပါလိမ့်မယ်။ ဒါပေမယ့် အိန္ဒိယ ဟက်ဝဲလ် ထုတ်ကုန်တွေက အမီလိုက်ဖို့ လိုပါသေးတယ်။ နောက်ထပ် စဉ်းစားသင့်တဲ့ တစ်ချက်က တရုတ်နဲ့ အမေရိကန် အကွဲအပြဲဇာတ်လမ်းကနေ အထိနာမယ့် တန်ဖိုးတွေပါ။ ကမ္ဘာပေါ်က စာရင်းရှိ ဟက်ဝဲလ်လုပ်ငန်းတွေရဲ့ စရိတ်ဟာ ဘီလျံ ဒေါ်လာ ၆ဝဝ လောက်ရှိပါတယ်။ အက်ပဲလ်၊ tsmc တို့လို အရေးပါတဲ့ ကုမ္ပဏီတွေဟာ တရုတ်၊ အမေရိကန် နှစ်နိုင်ငံလုံးပေါ်မှာ မှီခိုနေရတာပါ။ ဒီလို အကွဲအပြဲဇာတ်မှာ ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ ရှင်းလင်းတဲ့ အစီစဉ်ကို ချမရ ဖြစ်နေပါတယ်။ သေချာတာကတော့ နှစ်နိုင်ငံကြား အကွဲအပြဲက ဖြစ်နေပါပြီ။

တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲကနေ နည်းပညာအားသာချက်ကိုပြိုင်တဲ့ နည်းပညာစစ်အေးခေတ်လို့ ဆိုရပါမယ်။ (tech cold war)။ တရုတ်နိုင်ငံရဲ့ ရည်ရွယ်ချက်ကလည်း သိပ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကိစ္စတွေကို မပါချင်တော့တဲ့ အမေရိကန်နေရာကို ရတဲ့ဘက်ကနေယူဖို့ ကြိုးစားနေတာပါ။ တနည်း စူပါပါဝါကို ထိန်းထားချင်၊ ချယ်လှယ်ချင်တာပါ။ ဒီကနေတဆင့် BRI စီမံကိန်းတွေအကောင်ထည်ဖော်ရင်း တရုတ်ဩဇာ ပြန့်ပွားမှုနဲ့အတူ စီးပွားရေးထူထောင်လာတာပါ။ အဲဒီအချိန်မှာ တရုတ်ကို နောက်ကွယ်ကနေ ထောက်ခံသူလို့ဆိုနိုင်တာတွေကတော့ သူ့ရဲ့ ထီးရိပ်မကင်းတဲ့ နိုင်ငံတွေဖြစ်နေပါတယ်။

အမေရိကန်ဩဇာကျဆင်းလာချိန်မှာ သူ့နိုင်ငံရဲ့ မူဝါဒကရှေ့ကို ဇွတ်တိုးရင်း၊ နည်းပညာ ကုမ္ပဏီတွေကို နိုင်ငံတော်က ထောက်ပံ့ရင်း နေရာယူလာပါတယ်။ နောက်တစ်ချက်က နည်းပညာနယ်ပယ်မှာ အရင်က အမေရိကန်ထိပ်တန်း ကုမ္ပဏီတွေသာ နေရာရခဲ့ပေမယ့် လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး တရုတ်ကုမ္ပဏီတွေပါဝင်လာခဲ့ပါတယ်။

ဥပမာ-အလီဘာဘာ။ တရုတ်နိုင်ငံဘက်ကလည်း ထွန်းသစ်စ နည်းပညာကုမ္ပဏီတွေကို ထောက်ပံ့တာတွေဆက်လုပ်လာပါတယ်။ နောက်ဆုံးပေါ် 5G မှာဆိုရင် ဟွာဝေးကပဲ ရှေ့တန်းရောက်နေပါတယ်။ နောက်ဆုံးပေါ်နည်းပညာ တစ်ခုဖြစ်တဲ့ AI မှာ ဆိုရင်လည်း သူ့နိုင်ငံမှာ သုံးနေတာကြာပြီဖြစ်ပါတယ်။ World Economic Forum ပြောစကားအရဆိုရင် ၂ဝ၁၆ က တရုတ်မှာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သချင်္ာ စတဲ့ ဘာသာရပ်တွေနဲ့ ဘွဲ့ရအရေအတွက်ဟာဆိုရင် ၄.၇ သန်းခန့် ရှိပြီး၊ အမေရိကန်နိုင်ငံက အဲဒီအချိန်က ၅၆၈,ဝဝဝ ခန့်သာ ရှိနေခဲ့ပါတယ်။ ဒီလိုကွာခြားချက်တွေကြီးလာရာက နည်းပညာ စစ်ပွဲရဲ့ အရှိန်လည်း ပြင်းလာနေသလို၊ အမေရိကန်နိုင်ငံမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားပေါင်းများစွာကိုလည်း အမေရိကန်ဘက်မှ ဆက်လက် ဗီဇာမပေးဘဲ ကန့်သတ်လာနေလို့ ဆက်စောင့်ကြည့်သင့်ကြောင်းပါ။

Ref:economist

LEAVE A REPLY

Please enter your comment!
Please enter your name here