ကျပ်နှစ်သောင်း အရင်းပြု တစ်နှစ်အတွင်း လုပ်ငန်းရှင်ဖြစ်လာသူ

0
134
Image may contain: 1 person, standing and outdoor

သဘာဝချည်ထည်၊ သဘာဝဆိုးဆေးကို အသုံးပြုပြီး ကိုယ်ပိုင် ဖက်ရှင်ဒီဇိုင်းများဖြင့် ချုပ်လုပ်ကာ Made in Burma တံဆိပ်ဖြင့်ဈေးကွက်နေရာရာလာသည့် Mori Burma သဘာဝချည်ထည် လုပ်ငန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် အချေချလုပ်ကိုင်နေခြင်းဖြစ်သည်။
Mori Burma တည်ထောင်သူ၊ မန်နေဂျင်းဒါရိုက်တာဖြစ်သူ လူငယ်အမျိုးသမီးလုပ်ငန်းရှင် မသီရိဝင်းမောင်နှင့်တွေ့ဆုံမေးမြန်းထားသည်များကို ထုတ်နှုတ်ဖော်ပြလိုက်ပါသည်။

MGZ- Mori Burma (မိုရီဘားမား)ဆိုတဲ့ နာမည်ကို ဘာကြောင့်ပေးဖြစ်တာလဲ။ အဓိပ္ပါယ်က ဘာလဲဆိုတာ ရှင်းပြစေချင်တယ်။

TWM- မိုရီက ဂျပန်နာမည်ပေါ့။သူရဲ့အဓိပ္ပါယ်က နတ်သမီးပေါ့။ အဲဒီနတ်သမီးလေးတွေက တောထဲမှာနေတယ်။ စားဝတ်နေရေးအတွက်လည်း ပူပန်မနေဘူး။ဘဝကို လွတ်လွတ်လပ်လပ်နေတယ်။ နောက် ပြီး သဘာဝတရားကြီးနဲ့ အနီးကပ်ဆုံးနေကြတယ်။ သူ့အဓိပ္ပါယ်ကို ဂူဂဲလ် မှာလည်း ရိုက်ရှာလို့ရတယ်။ ငွေကြေးနောက်ကိုမလိုက်ပဲ လွတ်လွတ်လပ်လပ်နေကြတယ်။ ကြုံရာကျပမ်းနေတယ်။ ဂျပစီလိုတော့လည်းမဟုတ်ဘူး။ သဘာဝတရားနဲ့ အနီးစပ်ဆုံးရှိနေတာပေါ့။ ညီမကလည်း သဘာဝတရားကိုမြတ်နိုးတဲ့သူဆိုတော့ မိုရီဆိုတဲ့ နာမည်ကိုရွေးဖြစ်တာပါ။ ပြီးတော့ မိုရီနာမည်နဲ့ကလည်း တခြားbrandတွေလည်း ရှိတယ်လေ။ ဂျပန်မှာလည်းရှိတယ်။ အခုဟာဗမာမှာလုပ်တာဆိုတော့ မိုရီဘားမားလို့ ပေးဖြစ်သွားတာပါ။

MGZ- Mori Burma က ထုတ်တဲ့ အဝတ်အထည်တွေကို သဘာဝဆိုးဆေး၊ သဘာဝလက်ရက်ချည်ဆိုပြီးတော့ ထူးထူးခြားခြား လုပ်ဖို့ ဘယ်လို စိတ်ကူးမိတာလဲ။

TWM- အဓိကကျ ညီမက စီးပွားရေးတစ်ခုလုပ်မယ်ဆိုတော့ ငယ်ငယ်ကတည်းက ဆုံးဖြတ်ထားတာက ကိုယ်ဝါသနာပါတဲ့ အလုပ်နဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုမယ်ဆိုတာပဲ။ ဝါသနာပါတဲ့ အလုပ်နဲ့ပဲ ဝင်ငွေရှာမယ် ဆိုပြီး ၁၆နှစ်သမီးလောက်ကတည်းက ဆုံးဖြတ်ချက်ချထားတယ်။ တော်တော်များများက ကိုယ်ဝါသနာပါတာတစ်ခု၊ ဝင်ငွေအတွက် လုပ်နေရတာတစ်ခုလေ။ အဲဒီလို ဘဝမျိုး နဲ့ မသွားချင်ဘူးပေါ့နော်။ လူ့ဘဝရတုန်းခဏမှာ ကိုယ်ဝါသနာပါတာနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုချင်တယ်။ အဓိကကတော့ ညီမကကျ တစ်ခုခုဖန်တီးနေရရင် နေလို့ထိုင်လို့ ကောင်းတယ်လေ။

MGZ- ပန်းချီလည်းရေးတယ်လို့သိရတယ်။ ပန်းချီဆရာမတစ်ယောက်အဖြစ် မလုပ်ဖြစ်ဘဲ ဘာကြောင့်များ အခုဒီလမ်းကိုရွေးဖြစ်တာလဲဗျ။

TWM- အဓိကကတော့ ပန်းချီရေးချင်တာပေါ့နော်။ အိမ်ကသဘောမကျတော့ အားမပေးဘူးပေါ့နော်။ ဒီပန်းချီရေးဖို့ စုတ်တံတွေ၊ဆေးတွေ၊ ကင်းဘတ်တွေ ဝယ်ဖို့ကျတော့ ဝင်ငွေတစ်ခုခုရှိမှလေ။ အဲဒီအခါကျတော့ ဝင်ငွေ ရဖို့ကျတော့ ဘာအလုပ်လုပ်ရမလဲစဉ်းစားလိုက်တဲ့အခါ ဒီဖက်ရှင်ဒီဇိုင်းနဲ့ပတ်သတ်ပြီးတော့၂၀၁၄ကတည်းက ဖက်ရှင် နဲ့ပတ်သတ်ပြီးတော့ သင်တန်းတက်ဖူးတယ်။ ၂၀၁၆မှာ ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သတ်ပြီးတော့ အခြေခံကနေ တကယ့် Advance (အဆင့်မြင့်) အထိ သင်တန်းတက်ခဲ့တယ်။ ဒီ ချူပ်တဲ့ လုပ်တဲ့အပိုင်းကျတော့လဲ သမာရိုးကျမသွားချင်ဘူး။ ရန်ကုန်မှာနေပြီး နယ်ကိုပြန်လာတာ။ ရန်ကုန်နေရတာငြီးငွေ့စရာကောင်းတယ်လေ။ ဘုတလင်မြို့နယ် နားမှာကျ လက်ရက်ကန်းရှိတဲ့ ရွာလေးတွေ ရှိတယ်။ အဲဒါက ကလေးတုန်းကနဲ့ သိထားတာလေ။ တခါမှလည်း မရောက်ဖူးဘူး။ အဲဒါနဲ့ စဉ်းစားပြီးတော့ လက်ရက်ကန်းလုပ်တာလဲရှိတယ်။ ကိုယ်ကလည်း နဂိုကတည်းက ချည်ထည်ဝတ်ရတာ များတော့ ဒါပဲငါလုပ်မယ်ပေါ့။ သူတို့က စီးပွါးရေးအရ ရောင်းတာမဟုတ်ဘူး။ ကိုယ်ဝတ်ဖို့ ဝါစိုက်တယ်ရက်တယ်ပေါ့နော်။ နောက်တစ်ခုက အဲဒီရွာက ပိုးသတ်ဆေးသုံးတာ မရှိသလောက် ရှားတယ်။ သီးနှံတွေစိုက်လည်း ပိုးသတ်ဆေး မသုံးဘူး။ ဝါဆိုရင်လည်း အဲဒီလိုပဲ။ ဒီလက်ရက်ကန်းလုပ်ငန်းကို ထိန်းသိမ်းလိုတဲ့ ဆန္ဒဖြစ်လာတာပေါ့နော်။ ဒီဟာက နောက်ဆယ်စုနှစ်လောက်နေရင် ပျောက်ကွယ်တော့မှာလေ။ တချိူ့ဆို ပျောက်ကွယ်နေပြီ။ မြင်းမူတို့ မန္တလေးသွားတဲ့လမ်းကရွာတချိူ့ဆို ရက်ကန်းစင်တွေဖြိုပြီး ကုတင်တိုင်တွေတောင် လုပ်ကုန်ကြပြီ။သူတို့ရွာက လက်ရက်ကန်းကကျ လုံးဝရှေးရိုးနည်းတွေ။ ဆိုတော့ ဒီသဘာ၀ လက်ယက်ကန်းကိုလည်း ချစ်တော့ ဒီအလုပ်ကို လုပ်ဖို့ရွေးချယ်ဖြစ်လိုက်တာ။

MGZ- ဖက်ရှင်ကို ဝါသနာပါတဲ့ လူငယ်တစ်ယောက်ဆိုပေမယ့် အခု Mori Burma က ထုတ်တဲ့ ဖက်ရှည်ထည်တွေကျရှေးရိုးဆန်တယ်လို့မြင်မိတယ်။ အဲဒါကရော ဘာလို့ အဲသလို ဒီဇိုင်းတွေ ထွင်ဖြစ်တာလဲ။

TWM- ညီမကတော့ အရိုင်းဆန်တာ၊ ရှေးရိုးဆန်တာကို ပိုပြီး အာသီသရှိတယ်။ပန်းချီရေးရင်လည်း Modern တို့ Nude တို့များတယ်။ သမာရိုးကျကို မကြိုက်ဘူး။ကျောက်ခေတ်တို့လို နောက်ပြန်သွားချင်တာ။ ကိုယ်ကပန်းချီလည်းတတ်ထားတော့ ကင်းဘတ်စတွေပေါ်မှာ မရေးရဘဲနဲ့ ပိတ်စတွေပေါ်မှာ ရေးလို့ရတယ်။ လက်ရက်ကန်း သဘာဝဆိုးဆေးအပေါ်မှာ နောက်ထပ်တန်ဖိုးတက်လာအောင် လုပ်မလဲဆိုတော့ အဲဒီအပေါ်မှာ ရေးတာများတယ်။ သမာရိုးကျကို မကြိုက်ဘူး။ အမှန်းတိုင်းပြောရရင် ကျောက်ခေတ်တို့လို နောက်ပြန်သွားချင်တာ။ ကိုယ်ကပန်းချီလည်းတတ်ထားတော့ ကမ်းဘတ်စတွေပေါ်မှာ မရေးရဘဲနဲ့ ပိတ်စတွေပေါ်မှာ ရေးလို့ရတယ်။ လက်ရက်ကန်း သဘာဝဆိုးဆေးအပေါ်မှာ နောက်ထပ် value တစ်ခုအနေနဲ့ တန်ဖိုးတက်လာအောင် ဘာလုပ်မလဲဆိုတော့ ညီမက ပန်းချီရေးတာဖြစ်တဲ့အတွက် အဲဒီအပေါ်မှာ Abstract တွေရေးတယ်။ နောက်ပြီး အင်္ကျီတွေအပေါ်မှာ ချည်တွေနဲ့ပြန်ထိုးလိုက်တာ။ ညီမဆီမှာ ရောင်းအားအကောင်းဆုံးကကျတော့ ရှေးတုန်းက ဗမာရင်ဖုံးအင်္ကျီက ရောင်းအားအကောင်းဆုံးပဲ။

MGZ- ဈေးကွက်အနေနဲ့ကျတော့ကော ပိုပြီးကျယ်ပြန့်နိုင်တဲ့ ရန်ကုန်လို၊ မန္တလေးလို မှာ မရွေးပဲ ဘုတလင်မှာပဲရွေးလိုက်တာ ဘာကြောင့်လဲဗျ။

TWM- ရက်ကန်းလုပ်တဲ့ရွာက ဘုတလင်မှာပဲရှိတာရယ်။ နောက်တစ်ခုကကျ မြို့မှာအလုပ်လုပ်ဖို့ကျ သူတို့ကို ခေါ်သွားဖို့ အခက်အခဲရှိနေတယ်။ သူတို့က အိုးမကွာအိမ်မကွာနဲ့ပဲ လုပ်ချင်တာလေ။ သဘာဝဆိုးဆေးလုပ်ငန်းကျတော့ နေရာအခက်အခဲရှိမယ်။ မြို့ကြီးတွေမှာဆို သဘာဝကုန်ကြမ်းတွေ အခက်အခဲဖြစ်မယ်။ ညီမကံကောင်းတာကကျ နယ်မှာနေတဲ့အတွက် ညီမတို့ဆီမှာ အပင်မျိူးစုံကုန်ကြမ်း တွေက အများကြီးရှိတယ်။ နောက်တစ်ခုကကျ ကိုယ့်နယ်မှာဆိုလို့ဆိုရင် အကျိုးဖြစ်ထွန်းမယ်။ ဝင်ငွေရမယ်ပေါ့နော်။ ပြီးခဲ့တဲ့နွေရာသီကစခဲ့တာပေါ့နော်။ အဲဒီ တုန်းက အရမ်းပူတော့တောင်သူတွေလည်းအလုပ်မဖြစ်ဘူးလေ။ ဝင်ငွေတော်တော်အခက်အခဲဖြစ်တယ်။ ညီမဆီမှာလုပ်တဲ့သူတွေဆိုရင် ဝင်ငွေရတော့ တော်တော်လေးအဆင်ပြေပါတယ်။ အစပိုင်းတုန်းကတော့ အရမ်းကြီး အားတက်တရော တိုးတက်ချင်တဲ့စိတ်နဲ့ လုပ်ခဲ့တာမဟုတ်ဘူး။ နောက်ပိုင်းကျတော့ ကိုယ့်မှီခိုပြီး သူတို့အဆင်ပြေနေတာမြင်ရတော့ အရမ်းတိုးတက်ချင်လာတယ်။

MGZ- Mori Burma က ထုတ်လုပ်တဲ့ အဝတ်အထည်တွေတော်တော်များများမှာ Limited (အရေအတွက်ကန့်သတ်) ထုတ်တာတွေတွေ့တာ။ အဲဒါကရော ဘာကြောင့်လဲ။

TWM- ညီမက ထုတ်သမျှက limited တွေချည်းပဲ။ တစ်မျိူးကို ၁၀ထည်ပဲထုတ်တယ်။ ချည်၁၀ပိသာဆိုရင် ကုန်ကြမ်းက ၁၀ပိသာကုန်တယ်။ အထည်တစ်ရာဆို ကုန်ကြမ်းက တစ်ရာလိုမယ်။ ဒါပေမဲ့ ကိုယ်ကငွေနောက်လိုက်ပြီးကုန်ကြမ်းတွေ အများကြီးသုံးမယ်ဆို အပင်တစ်ပင်ဖြစ်ဖို့ကလည်း မလွယ်ဘူး။ အပင်က ပင်စည်ရဲ့ အခေါက်ကိုခွါရရင် အပင်ကို သတ်တာနဲ့ အတူတူပဲ။အခေါက်ခွါတာတောင် အတွင်းနေရာထိမဟုတ်ဘဲ အပြင်ဘက်ပိုင်းဘဲ အပွေးပြန်တက်အောင်ခွါတာ။ ဘာကြောင့် limited ပဲ ထုတ်ရတာလဲဆိုရင် ကုန်ကြမ်းတွေကို အများကြီးမသုံးချင်တာတစ်ချက်၊ ကိုယ့်စီးပွါးရေးအတွက်သွားမယ်ဆို ဒါကြီးကရေရှည် သွားမှာဖြစ်တဲ့အတွက် ကိုယ့်ကြောင့် ဘုတလင် ဟာကြာလာရင် eco system ဂေဟစနစ် ပျက်စီးလာမယ်။ ညီမက ကုန်ကြမ်းသုံးမယ်ဆို သူတို့က ပိုက်ဆံရချင်တော့ ခွါမှာပဲလေ။ အဲဒီလိုမဖြစ်ချင်လို့ အခေါက်ခွါတာကစ ညီမကိုယ်တိုင်ခွါတယ်။

MGZ- ဈေးကွက်အနေနဲ့ကော အွန်လိုင်းဈေးကွက်ပဲလား။ တခြားဆိုင်တွေမှာ ချိတ်ဆက်ပြီး လုပ်တာမျိုး ရှိလား။ဈေးကွက် ထူးခြားချက်က ဘာလဲ။

TWM- လောလောဆယ်တော့ online ဈေးကွက်တစ်ခုပဲရှာတယ်။ နောက်တစ်ခုကကျ ပန်းဒီဇိုင်းပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်သီးသန့်တစ်ခုပဲ လုပ်ပေးလိုက်တယ်။ အပ်တဲ့သူတိုင်းက ဘယ်လိုလေးလုပ်ပေးပါ မပြာကြဘူး။ ညီမလုပ်ပေးတာကိုပဲလိုချင်တာ။ မကြိုက်ဘူးဆိုတာလည်း တစ်ယောက်မှမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဝတ်ရတဲ့သူရဲ့ ဖီလင်က ဒီ ဒီဇိုင်းမျိူးက ဘယ်မှာမှမရှိဘူး။ ငါ့အတွက် တစ်ခုတည်းပဲလုပ်ထားတယ်ဆိုပြီး ဒီရဲ့ခံစားချက်ကမတူဘူး။ ညီမ limited edittion အနေနဲ့လုပ်တာက ဝတ်တဲ့ ကိုယ့်ဖောက်သည်တွေအတွက်လည်း စေတနာထားတာပါပါတယ်။

MGZ- Mori Birma ကထုတ်တဲ့ အဝတ်အထည်တွေကို သဘာဝချည်ထည်၊ သဘာဝဆိုးဆေးဖြစ်ကြောင်းဈေးကွက်က ယုံကြည်အောင် ဘယ်လို လုပ်ခဲ့လဲ။ ဥပမာ လုပ်ငန်းကိုယုံကြည်မှု ရှိအောင် ရှင်းပြတာမျိုး ရှိလား။

TWM- ညီမ ဒီသဘာဝဆိုးဆေးချည်ထည်လုပ်ငန်း ဒီဈေးကွက် စမဝင်ခင်က ကိုယ့်အရင်အများကြီးရှိတယ်။ ညီမ မလုပ်ခင်က ဒီဈေးကွက်မှာ အရင်လေ့လာတယ်။ သူတို့က ဒါတွေက ဈေးကြီးတယ် လူတိုင်းမဝတ်နိုင်ဘူး။ ဘာကြောင့်ဈေးကြီးသလဲဆိုတာ လူတိုင်းနားမလည်ကြဘူး။ ချည်ဖြစ်လို့ဈေးကြီးတာပဲသိတယ်။ ဒီချည်ဖြစ်လာဖို့ သဘာဝဆိုးဆေးလုပ်ဖို့ ဘယ်လောက်ထိခက်ခဲမှန်းမသိကြဘူး။ ညီမဈေးကွက်စဖောက်ကတည်းက သူရဲ့ လုပ်ငန်းစဉ် တစ်ခုချင်းစီကို ချပြတယ်။ အစကတည်းက အဲလိုလုပ်တာမရှိဘူး။ တချိူ့အကြီးပိုင်းတွေကဆို ကိုယ့်ပညာကို ချပြတယ် ဘာညာပြောခံရတယ်။ ညီမဆိုလည်း အဲလိုအင်္ကျီတစ်ထည်ကို ဘယ်လောက်လုပ်ခဲ့ရမှန်းမသိဘူး။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း Facebook page ကနေပြောပြ ရှင်းပြတယ်။ ဒီတော့ ဝယ်တဲ့သူတွေကပြောစရာမလိုပဲ နားလည်သဘောပေါက်ပါတယ်။

MGZ-လက်ရှိအခြေအနေရကြည့်မယ်ဆိုရင် Mori Burma က ထုတ်တဲ့ အထည်တွေက လူတန်းစားတစ်ရပ် အတွက်လိုဖြစ်နေတယ်လို့ မထင်ဘူးလား။

TWM- luxary အလွှာမှာတော့ ရှိနေပါတယ်။ ဒါပေမဲ့ ဝယ်ချင်တယ်ဆိုရင်လည်း ရုံးဝန်ထမ်းတွေဆိုရင် စုဝယ်လို့ရပါတယ်။ ကိုယ်ကို၌က တန်ဖိုးထားရမှာပေါ့။ အင်္ကျီမှာတဲ့သူတွေ အားလုံးကညီမရဲ့ အထည်တွေကို ချစ်လို့တန်ဖိုးထားလို့ဝယ်ကြတာပါ။

MGZ- ဘယ်ဒေသတွေက အဝယ်များလဲ။

TWM- ဖောက်သည်တွေက ရန်ကုန်၊မန္တလေးကများတယ်။ နိုင်ငံခြားသား တွေကကျ သူတို့ရဲ့ မိတ်ဆွေတွေက Recommend ပေးလို့ ဝယ်ကြတယ်။

MGZ- ညီမက သဘာဝပတ်ဝန်းကျင်လည်းချစ်တယ်။ ပြီးတော့ သဘာဝချည်ထည် သဘဝဆိုးဆေး ဆိုပေမယ့် သစ်ခေါက်တွေကိုခွာရတယ်။ ဒီတော့ အပင်တွ သေကျေမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်သဘာဝပတ်ဝန်းကျင် မထိဘူးလား။

TWM- တချို့ သဘာဝချည်ထည် သဘာဝဆိုးဆေး ထုတ်သူတွေကရောင်းအားကိုကြည့်ပြီး ကုန်ကြမ်းတွေကို မထိန်းသိမ်းပဲ သုံးကြတယ်လို့မြင်တယ်။ ညီမကတော့ ကိုယ့်ကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်း မပျက်စီးစေချင်ဘူးလေ။ သဘာဝဆိုးဆေးယူမယ်ဆို သေချာစိုက်ထားတဲ့ အပင်နဲ့ လမ်းဘေးကအပင်တွေကနေ လုံးဝမခွါပါဘူး။ ထင်းရောင်းတဲ့ဟာတွေရှိတယ်။ အဲဒီက အခေါက်တွေပဲခွါတယ်။ အရွက်သုံးချင်ရင်လည်း ခုတ်ထားတဲ့အပင်ကဟာတွေပဲ သုံးတယ်။ဗာဒံရွက်တွေကို အများဆုံးသုံးတယ်။ ဗာဒံပင်ကပဲ အမြဲအကိုင်းအခက်တွေသုံးတယ်။အပွင့်တွေဆိုလည်း ကိုယ်တိုင်စိုက်တယ်။ ဆယ်ရာခိုင်နှုန်းချန်ပြီးခူးတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းဖို့အတွက် သဘာဝဆိုးဆေးလုပ်ပေမယ့် natural source (သဘာဝရင်းမြစ်) တွေ ကုန်ကြမ်း တွေကို စည်းကမ်းမရှိသုံးရင် ကိုယ့်ကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမယ်။ customer ကလည်း စဉ်းစားတတ်တယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပေမယ့် ကုန်ကြမ်းတွေအများကြီးသုံးရင် ရေရှည်မှာ ပျက်စီးမှာပဲ။

MGZ- အရောင်တွေအတွက် ဘယ်လို အပင်တွေ၊ ကုန်ကြမ်းတွေ သုံးတာများလဲ။

TWM- အပွင့်ကကျ ထပ်တရာပန်းပြုတ်ပြီးတော့ ဆိုးရင်အဝါရောင်ရတယ်၊သလဲသီးစားပြီးသားအခွံတွေကို အခြောက်လှမ်းပြီးဆိုးရင်လည်း အဝါရောင်ရတယ်။ အုန်းခွံကို လက်ဖက်ရည်ဆိုင်က ပေါက်စီလုပ်တဲ့ဆီတောင်းတယ်။ ကြက်သွန်နီနဲ့ဆိုးတယ်။ ညီမရဲ့အားသာချက်က အဲဒါပဲ။ အလှူရှိရင်သွားတောင်းပြီး တစ်အိတ်ကို မုန်ဖိုး၁၅၀၀လောက်ပေးခဲ့တာပဲ။ နယ်မှာကျရတယ်လေ။ သစ်ခေါက်ကျ ရွှေဘိုခေါက်သုံးတယ်။ သရက်ခေါက်သုံးတယ်။

MGZ- ကျေးဇူးပါ။ဒါက လုပ်းငန်းနဲ့ ပတ်သက်တဲ့အကြောင်းတွေပေါ့နော်။အခုသိချင်တာက Mori Burma မထူထောင်ဖြစ်ခင် မသီရိဝင်းမောင်ရဲ့ဖြတ်သန်းမှုပေါ့။ အဲဒါလေး စာဖတ်ပရိသတ် အတွက် မျှဝေပေးပါဦး။

TWM- ကိုယ်က ကွန်ပျူတာနဲ့ကျောင်းပြီးတယ်။ ကျောင်းပြီးပြီးချင်း ရန်ကုန်မှာ အလှပြင်သင်တန်းတက်တယ်။ နောက်ကျ ဘုတလင်မှာ ဆိုင်ဖွင့်တယ်။ နောက်ရန်ကုန်မှာ ဖက်ရှင်ဒီဇိုင်းတက်တယ်။ ကိုယ့်ပညာနဲ့ကျ နယ်မှာဘာမှ မရဘူးဆိုပြီးရန်ကုန်မှာ ပန်းချီသင်တန်းစတက်ဖြစ်ပြန်တယ်။ နောက်ဒီအလုပ်လုပ်ချင်လို့ဆိုပြီး မန္တလေး ဆောင်းဒါးကျောင်း မှာ သဘာဝဆိုးဆေးအရောင်နဲ့ ပတ်သတ်တာတွေသွားတက်တယ်။ ပြန်လာတဲ့အချိန်မှာ အမေကစိတ်ဆိုးပြီးပိုက်ဆံမပေးတော့ လက်ထဲရှိတဲ့နှစ်သောင်းနဲ့ ကိုယ့်ဘာသာချည်ဝယ် ဆေးဆိုးပြီး နည်းနည်းချင်းစလုပ်တယ်။ အသေးစိတ် အချက်အလက်တွေ၊ ပညာတွေကတော့ နောက်ပိုင်း အွန်လိုင်းမှာပိုပြီးရှာပြီးလေ့လာတယ်။ ညီမက ဂူဂဲလ်ကိုသေချာ အသုံးချတယ်။ စလုပ်တော့ ၂၀၁၉စက်တင်ဘာ၂ရက်နေ့ကနေစလုပ်တာပါ။ နောက်၈လအတွင်း Mori Burmaဆိုပြီး သဘာဝဈေးကွက်မှာနာမည်ရလာတာပါ။

MGZ- လုပ်ငန်းရှင်တစ်ယောက်အဖြစ်နဲ့ လက်ရှိဖြတ်သန်းနေပြီဆိုတော့နောက်ထပ်ရည်မှန်ချက် ၊ စိတ်ကူးက ဘာရှိသေးလဲ။

TWM- လုပ်ငန်းတိုးချဲဖို့ကျ သူတို့က (Mori Burma ဝန်ထမ်းများ) limited edition ဆိုပေမယ့် အထည်၅၀ဘောက်ထုတ်စေချင်ကြတာ။ ကုန်ကြမ်းတွေ အများကြီးမသုံးချင်ဘူးလေ။ ကိုယ်ကဘာပတ်ဝန်းကျင်ကိုထိမ်းသိမ်းချင်တာပါ။ အိမ်ကိုလည်း လက်ဖြန့်မတောင်းချင်ဘူး။ ကိုယ့်သာရုန်းကန်ချင်တာ။ နောက်ပိုင်းရွာမှာပဲ သူ့အဆောက်အဦးလေးနဲ့သူ ဆောက်ပြီး ကုန်ကြမ်းကနေ အထည်ချော ထွက်တဲ့အထိ လုပ်ချင်တာ။ နောက်ပြီး ညီမတို့ဆီမှာ တောင်းရက်တာတွေ တခြားဟာတွေရှိတယ်။ အဲဒါတွေအားလုံးကို နေရာကျယ်ကျယ် တစ်ခုထဲမှာပဲ လက်မှုထည် တွေကိုပြသပြီး ခရီးသွားဧည့်သည်တွေ လာချင်အောင် ဆွဲဆောင်ပြီး ခရီးသွားဒေသ ပုံစံနဲ့ထားချင်တာ။အဲဒါတော့ စိတ်ကူးတစ်ခုပါ။ ပြည်တွင်းဧည့်ရော ပြည်ပဧည့်ရော ဝင်လာနိုင်တယ်။

MGZ- မသီရိဝင်းမောင်အနေနဲ့ လက်ရှိ အလုပ်လုပ်မယ့်၊ ကိုယ်ပိုင်လုပ်ငန်းထောင်မယ့် လူငယ်တွေကို ဘယ်လို အကြံပြု သတင်းစကားပါးချင်လဲ။

TWM- အဓိကအားဖြင့် လူတိုင်းနီးပါးက ငွေလိုချင် ကြတယ်။ အဓိကက ကိုယ်ရဲ့ဝါသနာကိုယ်ဖြစ်ချင်တာဘာလဲ။ ညီမဆို စလုပ်တုန်းကဆို အလုပ်သမားတွေမခေါ်နိုင်ခဲ့ဘူး။ ကိုယ်ကိုတိုင်ရုန်းခဲ့ရတာ။ ငါဖြစ်ကိုဖြစ်ရမယ် ဆိုပြီးလုပ်ခဲ့တာ။ ငွေကြေးကအဓိကမဟုတ်ပါဘူး။ မိမိကိုယ်မိမိယုံကြည်ချက်ပါပဲ။ကိုယ့်ရဲ့ဝါသနာကဘာလဲ။ ကိုယ့်အသွေးအသားထဲကနေ လုပ်ချင်တဲ့ဆန္ဒကဘာလဲပေါ့။ ကိုယ့်ဝါသနာကိုယ်သိရမယ်။ ကိုယ်မပျော်တဲ့အလုပ်လုပ်ပြီး နေနေရတာနဲ့စာရင် ကိုယ့်လုပ်ချင်တာကို လုပ်နိုင်ရမယ်ဆိုတဲ့သတ္တိမျိူးလည်း ရှိရမယ်။ ကိုယ့်ကိုကိုယ်ယုံကြည်တဲ့ သတ္တိမျိူးရှိရမယ်။ ကိုယ်အသက်မွေးကျောင်းလုပ်တဲ့အလုပ်က ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လောက်တောင် အထောက်အပံ့ပေးနိုင်မလဲအကျိူးဖြစ်ထွန်းနိုင်မလဲပေါ့။ အဲဒီအချက်တွေနဲ့ ပြည့်နေရင်အားလုံးအဆင်ပြေသွားမှာပါ။

MGZ- အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက် မသီရိဝင်းမောင်ကို ကျေးဇူးတင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here