ကျောင်းဖွင့်မည့်အပေါ် သူတို့အမြင်

0
72

အခြေခံပညာအဆင့်ကျောင်းများကို ဇူလိုင်လအတွင်း ဖွင့်လှစ်နိုင်ရန် ပညာရေးဝန်ကြီးဌာနမှ ပြင်ဆင်နေသည်။ တစ်ဖက်တွင်လည်း ကိုဗစ်ကပ်ရောဂါကြောင့် မိမိတို့ကလေးများကို ကျောင်းလွှတ်ရန် စိုးရိမ်မကင်းဖြစ်ကြသည့် မိဘများလည်းရှိသည်။ ကျောင်းပြန်ဖွင့်မည့်အပေါ် ဆရာ၊ မိဘ နှစ်ဖက်အမြင်များကို ဖော်ပြလိုက်ပါသည်။

ဦးသာအောင် (ပါရမီကိုယ်ပိုင်ကျောင်း)

ကျောင်းတွေပြန်ဖွင့်သင့်တယ်လို့ထင်တယ်။ ဘာပဲပြောပြော ကိုယ်ပိုင်ကျောင်းတည်ထောင်သူ၊ အုပ်ချုပ်သူ၊ ကျောင်းအုပ်ကြီး တစ်ယောက်အနေနဲ့ရော၊ ၂၅ နှစ်သင်ကြားခဲ့တဲ့ ဆရာတစ်ယောက် အနေနဲ့ရော ကျောင်းဖွင့်တာကြိုဆိုတယ်။ ဘယ်လို ဖွင့်မလဲဆိုတာပဲ အရေးကြီးတာပါ။ အဓိကတော့ ပညာရေးဝန်ကြီးဌာနတစ်ခုတည်း မရပါဘူး။ တစ်ဖက်မှာလည်း ကိုဗစ်က ကမ္ဘာ့ကပ်ရောဂါ၊ တစ်ဖက်ကကျ ပညာရေးဆိုတာ အလွန်အရေးကြီးတယ်။

အဲဒီနှစ်ခုတွေ့တော့ ကိုဗစ်ထိန်းချုပ်ရေးလည်းလုပ်ရမယ်။ ကျောင်းဖွင့်ဖို့လည်း လိုအပ်တယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကိုလည်း လိုက်နာရမယ်။ ခါတိုင်းကျောင်းဖွင့် ချိန်လို တရုန်းရုန်းနဲ့တော့ မရဘူး။ သေချာစနစ်တကျလုပ်ရမယ်။ ဒါမှသာ ပညာရေးစနစ် တည်ငြိမ်မယ်။

စည်းကမ်းလိုက်နာမှုလျှော့ရဲရင်တော့ ဖွင့်ပြီးမှ မလိုလားအပ်တဲ့ ပြဿနာတွေပေါ်လာရင် အားလုံးခက်ခဲကုန်မယ်။ ဆရာကြီးမှမဟုတ်ပါဘူး၊ အားလုံးလည်း ဖွင့်ချင်ကြမယ်လို့ထင်ပါတယ်။ မိဘတွေကလည်း မေးကြတယ်။ ကလေးတွေကလည်း ကျောင်းတက်ချင်ပြီ။ ပညာရေးဝန်ကြီးဌာနကလည်း အကြမ်းဖျင်းတော့ ကိုဗစ်ကိုထိန်းချူပ်ရင်း ဇူလိုင်လထဲဖွင့်မယ်ပြောထားတယ်။ စည်းနဲ့ကမ်းနဲ့လုပ်ဖို့ တရားဝင်ညွှန်ကြားချက်တွေ ထုတ်သင့်တယ်။ ဆရာကြီးတို့ ပညာရေးအသိုင်းဝိုင်းကြားမှာလည်း ဖွင့်ဖို့၊ မဖွင့်ဖို့ကို အမြင်တွေ အမျိုးမျိုးရှိကြတယ်။ ဖွင့်သင့်တယ်ဆိုတာကို လူတိုင်းလက်ခံကြတယ်။ ဘယ်လိုပုံစံဖွင့်မလည်းဆိုတာ လိုက်နာဖို့ ဆန္ဒရှိကြတယ်။ ကိုဗစ်ကိုထိန်းချုပ်ရင်း ပညာရေးကို လုပ်ကိုင်ရင်းနှစ်ဖက်မျှပြီး တည်တည်ငြိမ်ငြိမ်ဖွင့်နိုင်ဖို့ ဆန္ဒရှိပါတယ်။

ဦးဇော်သူရိန်ထွန်း (ကျောင်းသားမိဘ)

သူတို့ဘယ်လိုပုံစံ၊ ဘယ်လိုအစီအစဉ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်မယ်ဆိုတာ စောင့်ကြည့်ရမယ်။ အခုလက်ရှိ ဒီပုံစံအတိုင်း ကျောင်းသား၊ ကျောင်းသူတွေကို Mask တပ်ပြီးတော့ ကျောင်းလာရမယ်ဆိုတာမျိုး လုပ်လာရင် ကျွန်တော်တို့က ကလေးကိုလွှတ်ပေးဖို့ အဆင်မပြေနိုင်ဘူး။ ကျွန်တော်တို့ဆီက ကျောင်းတွေမှာ ကျောင်းသားတွေ အရမ်းများတယ်။ ဒီပုံစံအတိုင်းနဲ့ Mask တပ်ရုံနဲ့ ကျောင်းတက်ရမယ်ဆို အန္တရာယ်များတယ်။ စာသင်ချိန်ဆိုတာလည်း တစ်နေကုန်ဖြစ်လို့ တစ်ချိန်လုံး Mask တပ်ထားဖို့ဆိုတာလည်း မလွယ်ဘူး။ ကျောင်းသားတွေကို အခန်းတိုးချဲ့ဖို့ ဆိုတာလည်း မလွယ်ဘူး။ ကျွန်တော်တို့ဖြစ်စေချင်တာတော့ ကျောင်းသားတွေကို အသုတ်ခွဲလိုက်ပေါ့။ ဥပမာ – ကျောင်းသား ၄၀ ရှိရင် ၂၀ စီ ပထမသုတ်၊ ဒုတိယသုတ် ရက်ခြားနဲ့ အဆိုင်းခွဲပြီး တက်ပေါ့နော်။ အဲဒီလို သင်တဲ့စနစ်မျိုးလိုချင်တယ်။ Social Distancing ဆိုတဲ့အတိုင်း အခန်းထဲမှာ တစ်ခုံကို နှစ်ယောက်၊ သုံးယောက်ခွဲပြီး သင်စေချင် တယ်။ အုပ်စုဖွဲ့ပြီး သင်ရတဲ့သင်ခန်းစာတွေကိုလည်း ဒီရက်ပိုင်းမှာ ရှောင်စေချင်တယ်။ အဲဒီလို ပုံစံမျိုးတွေနဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ပေါင်းပြီး သေချာစနစ်တကျလုပ်မယ်ဆိုရင်တော့ သမီးကိုကျောင်းလွှတ်မှာပါ။ အဲဒီလိုမဟုတ်ရင်တော့ တစ်နှစ်အောက်ရင် အောက်ပါစေတော ့ ကိစ္စမရှိဘူး။ ကျောင်းမလွှတ်တော့ဘူး။ မလေးရှားပြန်တွေကနေတဆင့် သူ့မိသားစုတွေ၊ မိသားစုဝင်ကနေတဆင့် သူတို့သားသမီးတွေ၊ အဲဒီသားသမီးတွေ တက်တဲ့ကျောင်းကနေတဆင့် ကူးသွားမယ်ဆိုရင် တကယ့်ကို Outbreak အကြီးအကျယ်ဖြစ်သွားနိုင်တဲ့အတွက် အစီအမံသေချာမလုပ်ဘူးဆိုရင် ကျွန်တော်တို့က သမီးကိုကျောင်းမထည့်သေးဘူးလို့ စဉ်းစားထားတယ်။

ဒေါ်ခင်မေစန်း (ကျောင်းသားမိဘ)

ကိုယ့်အမြင်ကတော့ ဇူလိုင်လမှာ ကျောင်းတွေ မဖွင့်စေချင်သေးဘူး။ ကလေးတွေရဲ့ပညာရေးက တစ်နှစ်ကြီးမဟုတ်ရင်တောင် ၆ လလောက်ထိ နားထားရင်တောင် ဘယ်မှမဖြစ်နိုင်ဘူး။ တကယ်လို့ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ တစ်နှစ်မဟုတ်ရင်တောင် ၆ လလောက်တော့ နားစေချင်တယ်။ ကလေးက ကျောင်းမတက်ရတော့ ဘာမှမဖြစ်ဘူး။ ကျောင်းဖွင့်ရအောင်လည်း ရောဂါပိုးတွေကလည်း မကင်းစင်သေးဘူး။ ပြင်သစ်မှာတောင် ကျောင်းပြန်ပိတ်ရတယ်။ ဖွင့်တာမကြိုက်ဘူး။ ကိုယ့်အမြင်ကတော့ အဝေးသင်တွေတောင် TV မှာ စာတွေသင်နေတာ၊ ကလေးတွေအတွက်ရော အဲဒီလိုမဖြစ်နိုင်ဘူးလား။ ဒီ ၆ လလောက်ကို TV ကနေ သင်ရိုးညွှန်းတမ်းတွေကို အချိန်အလိုက် သင်ရမယ်ဆိုရင် ပညာရေးနဲ့လည်း မဝေးတော့ဘူးပေါ့။

ဒေါ်ဆုမြတ်သူ (ကျောင်းဆရာမ)

အတိုင်ပင်ခံနဲ့စကားဝိုင်းကို သေချာနားထောင်ကြည့်တော့ အစိုးရဘက်ကနေ သေချာပြင်ဆင်ပေးမယ်လို့သိရပါတယ်။ လူကြီးတွေက ဖွင့်ပေးပါဆိုရင် ဆရာ၊ ဆရာမတွေဘက်ကနေ ပြန်ဖွင့်ပေးဖို့ တာဝန်ရှိပါတယ်။ မူလတန်းနဲ့ အထက်တန်းကနေ ပြန်ဖွင့်မယ်ဆိုတဲ့ အမြင်တွေရှိနေပါတယ်။ ကျွန်မ အနေနဲ့တော့ မူလတန်းကနေပြန်ဖွင့်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ Social Distancing လုပ်ဖို့ရာကြတော့ ကျောင်းသားတွေအားလုံးဆို မလွယ်ဘူးလေ။ မူလတန်းကျောင်းတွေတော့ မြို့တိုင်း၊ ရွာတိုင်း၊ ရပ်ကွက်တိုင်းမှာရှိတယ်။ အထက်တန်းကျောင်းတွေကျ တခြားသွားတက်ရတာမျိုးတွေ ရှိတယ်။ COVID ကာလ မူလတန်းတွေ ပြန်ဖွင့်စေချင်တာက ကလေးတွေကဆော့ပေမယ့် ဆရာမတွေရဲ့စကားကို ပိုနားထောင်တယ်။ မူလတန်းကျောင်းတွေကျတော့ ကျောင်းသားဦးရေလည်းမများတော့ ဆရာမတွေအနေနဲ့ ထိန်းချုပ်ရတာပိုလွယ်မယ်ထင်ပါတယ်။ ပညာရေးဝန်ကြီးဌာနရဲ့သတင်းတွေအရ Mask တွေ၊ Face Shield တွေ၊ လက်ဆေးဖို့တွေ လုပ်ပေးမယ်လို့သိရတယ်။ ပြီးပြီးရောမလုပ်ဘဲ တကယ် လုပ်ဆောင်ပေးဖို့မျှော်လင့်ပါတယ်။ ကျောင်းတွေ အားလုံးပြန်ဖွင့်ရင်လည်း နှစ်သုတ်တက်ကျောင်း အဖြစ် စီမံမလား၊ အရင်လိုပဲပြန်ဖွင့်မလားပေါ့၊ စာရွက်ပေါ်မှာတင် စီမံချက်ဆွဲပြီးစီမံရင် ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူး။ ဆရာမအင်အားရယ်၊ ကျောင်းခန်းအင်အားရယ်၊ ကျောင်းသားအင်အားရယ် ဘယ်လိုမှမမျှတဲ့အတွက် ကျောင်းပြန်ဖွင့်မယ်ဆို နှစ်သုတ်တက်ကျောင်းတွေပဲ ဖြစ်ဖြစ်၊ တသုတ်နား တသုတ်တက်ကျောင်းတွေပဲဖြစ်ဖြစ် သေချာစီစဉ်ပေးဖို့မျှော်လင့်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here