ကျေးဇူးရှင်

0
76

သက္ကရာဇ် ၂၀၇၀ ပြည့်နှစ်၊ ဇန်နဝါရီလ၊ အာရှတိုက်အရှေ့တောင်ပိုင်းရှိ ကမ္ဘာ့အချမ်းသာဆုံးနှင့် အင်အားအကြီးဆုံးနိုင်ငံကြီးတခုဖြစ်သည့် မြန်မာ ညီညီဇေယျ နိုင်ငံ၏အလယ်ပိုင်း အနောက်မြောက်မြို့တော်ကြီးတွင် အီးဗဲန့်န်ခေါ် ပွဲလမ်းသဘင်အခမ်းအနားတခု ပြုလုပ်ကျင်းပရန် ပြင်ဆင်လျက်ရှိသည်။

နိုင်ငံတကာမှ သတင်းထောက်များ၊ မီဒီယာသမားနှင့် ONE ဟုခေါ်သော online news explorer သမားများလည်း ကုန်းလမ်းကတသွယ်၊ ရေလယ်ကတဖုံ၊ လေဟုန်မှတနည်း အသီးသီး တဖွဲဖွဲဆိုက်ရောက်လျက်ရှိလေသည်။ ဒေသခံ မုံရွာဂေဇက် ဂလိုဘယ်နယူးစ်အင်မီဒီယာ ကုမ္ပဏီကြီးမှ လူသားဝန်ထမ်းများနှင့် စက်ရုပ်ဝန်ထမ်းများအားလုံးလည်း အလုပ်များလျက်ရှိလေသည်။

စီအီးအိုဖြစ်သူ ဦးကေးလိုဆိုလျှင် အိမ်မပြန်နိုင်ဘဲ ရုံးခန်းတွင်နေနေရသည်မှာ သုံးရက်ခန့်ပင်ရှိနေပေပြီ။ နိုင်ငံတကာ သတင်းထောက်များအဖွဲ့ချုပ်၏ ထာဝရဥက္ကဋ္ဌကြီး၊ ဂေဇက်၏သတင်းထောက်ချုပ်မှူးကြီး သီရိသုဓမ္မဘဏ္ဍာကာရိကဘဒ္ဒန်တ အဲလေ ဦးသေတ္တာဆိုလျှင်လည်း အိမ်မပြန်ရတာကြာ နေလေရာ ဇနီးဖြစ်သူက မမှတ်မိပဲ နေမှာစိုးရိမ်သဖြင့် ၁၅ မိနစ်တခါ ဗီဒီယိုဖုန်းခေါ်လျက် ပြောဆိုနှုတ်ဆက်နေရရှာလေသည်။

အယ်ဒီတာချုပ်မှူးကြီးဦးမြင့်မောင်ကရော။ လွန်ခဲ့သောနှစ်များစွာက စာသင်လိုက်၊ အသံဖမ်း အင်ဂျင်နီယာလုပ်လိုက်၊ မီဒီယာကိစ္စတွေလုပ်လိုက်နှင့် အင်မတန်ပင်ပမ်းခဲ့သော ဦးမြင့်မောင်မှာ လုပ်ငန်းအားလုံးကို စက်ရုပ်များခန့်ထားလုပ်ကိုင် စေကာသက်သက် နေမလို့ရှိသေး ယခုတော့ အလုပ်များလျက်ရှိပြန်ပြီ။

ဤသို့သောပုဂ္ဂိုလ်ကြီးများ ဤသို့ပင်အလုပ်များရလောက်သည့် ပွဲလမ်းသဘင်အခမ်းအနားကြီးကား မည်သည့်အခမ်း အနားကြီးပေနည်း။ ဆိုင်းဘုတ်ကြီးကိုကြည့်ပါလော့။ ” Golden Jubilee of Covid-19 ” ” ကိုဗစ်နိုင်းတီးရွှေရတုသဘင် ” ဆိုပါလား။ ဟုတ်ပေသည်။လူသားအသက်များစွာ ကိုခြွေယူ သွားသော ဝူဟန်ဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် ကိုဗစ်နိုင်းတီး ရောဂါဆိုးကြီးဖြစ်ခဲ့ဖူးသည်မှာ နှစ်ပေါင်း၅၀ ကြာခဲ့ပြီမဟုတ်လော။

စာဖတ်ပရိတ်သတ်ကြီးအတိတ်ကို မှတ်မိနိုင်ကြဦးမည်ထင်သည်။ ၂၀၂၀ ပြည့်နှစ်များတုန်းက တရုတ်ပြည်ဝူဟန်မြို့မှ စတင်ဖြစ်ပွားကာကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့လျက်ကပ်ရောဂါအသွင်ဖြစ်သွားခဲ့သော ကိုဗစ်နိုင်းတီးရောဂါကြီး။

ထိုရောဂါကြီးကြောင့် တကမ္ဘာလုံးလူတော်တော်များများ သေဆုံးကြရှာသည်။ ထိုစဉ်ကဖွံ့ဖြိုးတိုးတက်လျက်ရှိသော နိုင်ငံကြီးတွေပင် ထိုရောဂါကို မကာကွယ်နိုင်ကြပေ။ မြို့ကြီး တော်တော်များအားလည်း ရောဂါမပြန့်ပွားစေရန် ထိမ်းချုပ်လိုက်ရရာ လုပ်ငန်းလည်ပတ်မှုများထိုးရပ်သွားလျက် နိုင်ငံတော်တော်များများ စီးပွားရေးထိခိုက်ကျဆင်းသွားကြလေသည်။ အချမ်းသာဆုံးအတိုးတက်ဆုံးနိုင်ငံများ ဆင်းရဲမွဲတေသွားကြရှာလေသည်။

အာရှတိုက်အရှေ့တောင်ပိုင်းက မြန်မာနိုင်ငံကြီးမှာတော့ ဤသို့မဟုတ်ပေ။ ရောဂါစဖြစ်သည်ဟု သိကတည်းက ” ဖျား ” သွားလောက်သော အစီအမံများစီမံခန့်ခွဲ လုပ်ကိုင်နိုင်ခဲ့ခြင်း၊ ရောဂါကာကွယ်ဆေးကို ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်း၊ (ကျွန်ုပ်ရေးသားသောမုံရွာဂေဇက်ပရင့်မီဒယာတွင် ပါရှိသော ” ဆေး ” သရော်စာကိုရ။) သံဃာတော်ကြီးများအား လေယာဉ် ပေါ်ပင့်လျက်တနိုင်ငံလုံးပတ်ပျံသန်းကာအန္တရာယ်ကင်းပရိတ်များ ရွတ်ဖတ်စေခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံသည် အဆိုပါကပ်ရောဂါကြီးဘေးမှ မြူတမှုန်မျှပင် မစွန်းထင်းဘဲ လွတ်မြောက်ခဲ့ခြင်းဖြစ်လေသည်။

သံသယရှိလူနာတစ်ယောက် တလမျှပင်မတွေ့ရှိခဲ့ဟုဆိုလေသည်။ ပြည်သူတွေမှာလည်း လုံလုံခြုံခြုံစိတ်ချလက်ချသွားလာလှုပ်ရှားလုပ်ကိုင် ဆောင်ရွက်နိုင်ကြသဖြင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာလေရာ နိုင်ငံ၏ဂျီဒီပီလည်း တဟုန်ထိုးတက်သွားခဲ့လေသည်။

နိုင်ငံမှာလည်း ထိုစဉ်ကတင်နေသော ကြွေးမြီများကင်းစင်သွားကာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံစာရင်းဝင်သွားခဲ့လေသည်။ ယခုဆိုလျင်မြန်မာနိုင်ငံကြီးသည် ကမ္ဘာ့အင်အားအကြီးဆုံးနှင့် အချမ်းသာဆုံးနိုင်ငံကြီး ဖြစ်နေပြီမဟုတ်လော။ တော်တော်များများကိုပင် ငွေကြေးအကူအညီတွေပေးနေရပြီမဟုတ်လော။ ဆင်းရဲသောနိုင်ငံများဖြစ်သည့် အမေရိကန်နှင့် အိမ်နီးချင်းတရုတ်ပြည်ဆိုလျှင် မြန်မာမှကူညီ ထောက်ပံ့ပေးထားသောငွေများနှင့်သာ ရုန်းကန်နေကြရရှာဆဲဖြစ်လေသည်။

မြန်မာနိုင်ငံကြီးဤသို့ တဟုန်ထိုးတိုးတက်သွားရသည်မှာ ကိုဗစ်နိုင်တီးတည်းဟူသော ရောဂါဆိုးကြီးကြောင့် မဟုတ်လော။ သို့ဖြစ်၍ ဤရောဂါကြီးအားမြန်မာမှ ” ကျေးဇူးရှင် ” ဟုသတ်မှတ်ကာ နှစ်စဉ်ဇန်နဝါရီလရောက်တိုင်း ပွဲလမ်းသဘင်များ ပြုလုပ်ဆင်ရင်ကျင်းပလာခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်းငါးဆယ်ရွှေရတုသို့ပင်တိုင်ခဲ့ချေပြီ။

ယခုဆိုလျှင် အာရှတိုက်အရှေ့တောင်ပိုင်းရှိ ကမ္ဘာ့အချမ်းသာဆုံးနှင့် အင်အားအကြီးဆုံးနိုင်ငံကြီးတခုဖြစ်သည့် မြန်မာနိုင်ငံ၏အလယ်ပိုင်း အနောက်မြောက်မြို့တော်ကြီးတွင် အီးဗဲန့်န်ခေါ် ပွဲလမ်းသဘင်အခမ်းအနားတခုပြုလုပ်ကျင်းပရန် ပြင်ဆင်လျက်ရှိနေပေပြီ။

တက်ရောက်လိုသည့် နိုင်ငံများအားလည်း အက်ဖ်အိုစီခေါ် စားရိတ်ငြိမ်းဖိတ်ခေါ်လျက်ရှိပါသည်။ မည်သည့်အထောက်အထားဒေါ့ခရူမန့်စ်မှ တင်ပြရန်မလိုပါ။ ဝင်လိုဝင်၊ ထွက်လိုထွက်နိုင်ကြပါသည်။ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံကြီးမဟုတ်လား။

ဆီးယူအက်သတော့ပ်။

LEAVE A REPLY

Please enter your comment!
Please enter your name here