ကျွန်တော်ကြိုက်တဲ့ ပါမောက္ခကော်နဲဝက်စ်

0
17

အောင်သူငြိမ်း ရေးသည်။

ကျွန်တော် သက္ကရာဇ် ၂၀ဝ၀ မှာ ဟားဗတ်တက္ကသိုလ်ရောက်တယ်။ ကျောင်းမှာရှိတုန်း ပွဲတွေက အများကြီး။ အချိန်က ၂၀ဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့နောက်ပိုင်း လူအများက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြီးကို ပူပူနွေးနွေးရှိနေတုန်း။ ကျောင်းကဟောပြောပွဲတစ်ခုမှာ အမေရိကန် လူမည်းအမျိုးသားများရဲ့ “ဘဝသမိုင်းနှင့် ဟစ်ဟော့ပ်တေးဂီတ”လို့ အမည်ပေးထားတဲ့ ပွဲတစ်ခုကြုံတယ်။

ဟောပြောမယ့်သူက ပရော်ဖက်ဆာ ကော်နဲဝက်စ် (Prof. Cornel West)။ ကျွန်တော်က ကော်နဲဝက်စ်ကို ဘယ်သူမှန်း မသိခဲ့ပါဘူး။

ခန်းမရောက်တော့ လူအပြည့်။ အထပ်သုံးထပ်လုံး စင်္ကြန်ပေါ်မှာ လူငယ်အတော်များများ အပြည့်။ ရင်ခုန်နေကြတယ်။ ခေါင်းစဉ်က လူငယ်တွေ စိတ်ဝင်စားတဲ့ ခေါင်းစဉ်။ အဲဒီဆွေးနွေးပွဲကို (ကျွန်တော်နာမည် မမှတ်မိတော့တဲ့) အမေရိကန် အနောက်ဖက်ကမ်းခြေမှာ ကားမောင်းသမား ရော်ဒနီကင်း အရိုက်ခံရပြီးတဲ့နောက်ပိုင်း လူမည်း အဓိကရုဏ်းဖြစ်ခဲ့ရတဲ့အမှုကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ခဲ့ရာမှာ ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ရတဲ့ ဥပဒေပါမောက္ခက ကြီးကြပ်သူလုပ်တယ်။

ဟောပြောသူ ကော်နဲဝက်စ်က ဟားဗတ်တက္ကသိုလ် အာဖရိကန်-အမေရိကန် သမိုင်းလေ့လာရေးဌာနက ပါမောက္ခတစ်ဦးဖြစ်မှန်း အဲဒီအချိန်ကျမှ သိရတယ်။ (အခုတော့ လူသားဆိုင်ရာ ဖီလိုဆိုဖီပါမောက္ခလို့ တီဗွီအင်တာဗျူးမှာ မိတ်ဆက်တာ ကြားရတယ်။) စဟောပြောတာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်။ စင်ပေါ်က ပြောတဲ့သူနဲ့ ပရိသတ် ဓာတ်ချင်းဆက်သွားပါတယ်။ သူက လေးလေးနက်နက် အကြောင်းအရာတွေကို အလွယ်ဆုံးစကားများနဲ့ ချက်ချင်းထိစေပါတယ်။ နှစ် ၃၀၀ ကျော် ဖိနှိပ်ခံခဲ့ရတဲ့ လူမည်းတို့ရဲ့သမိုင်း။

ကျွန်ပြုခံရခြင်း၊ ဖိနှိပ်ခံရခြင်း၊ ရက်စက်ခြင်း၊ ခွဲခြားဖိနှိပ်ခံရခြင်း၊ ဂုဏ်သိက္ခာမဲ့ခြင်း၊ သွေးစုပ်ခြင်း၊ အခွင့်အရေးများ ငြင်းပယ်ခံရခြင်း၊ အသိအမှတ်ပြုမခံရခြင်း၊ ရုန်းကန်ရခြင်း၊ လှည့်ဖြားခံရခြင်း၊ ခေတ်နောက်ကျခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ ဖျက်ဆီးခံရခြင်း၊ အိုးအိမ်မဲ့ရခြင်း၊ မြေယာမဲ့ရခြင်း၊ ပိုင်ဆိုင်မှု မဲ့ရခြင်း၊ တော်လှန်ခြင်းများနဲ့ ပြည့်နေခဲ့ရတဲ့ လူမည်းတို့ရဲ့ သမိုင်းကို စပြောတယ်။

လူတွေက ဖိနှိပ်ခံရ။ သတ်ဖြတ်ခံရ၊ အလုပ်ပင်ပန်း၊ ဖျားနာကြ။ သေသူအတွက်ပင် ငိုကြွေးဖို့မအား၊ မိမိတို့ အသိုက်အဝန်းမှာ သေနေကြတာကလည်း မရှား။ သူသေသလို ကိုယ်ကလည်း ဘယ်နေ့သေမှန်း မသိနိုင်တဲ့အခြေအနေ၊ ဒီအခြေအနေမှာ သေရတဲ့သူအတွက် နောက်ဆုံးမှာတမ်းကို အသုဘလိုက်ပို့ရင်း ငိုညည်းကြတယ်။

ဒီလို ဒုက္ခများက လွတ်မြောက်ဖွယ်လမ်းမမြင်သလို သစ်လွင်သော အနာဂတ်ကိုလည်း မမြင်ဘူးကြ။ ဒီလို ညည်းချင်းတွေက ကြေကွဲဖွယ်လူမည်းများရဲ့ ဘဝတွေထဲက ဘလူးစ် (Blues) ဂီတဖြစ်လာခဲ့တယ်။ ကော်နဲဝက်စ်က ပြောနေရင်း သူရှေ့က ဒီဂျေ (DJ-Disc Jockey) ထံ လက်ညှိုးထိုးလိုက်တယ်။ ဘလူးစ်ဂီတတေးသံက ငြိမ့်ငြိမ့် ညောင်းညောင်း ထွက်ပေါ်လာတယ်။ အဲဒီကြေကွဲဖွယ် တေးသွားကိုသူက လိုက်ညည်းတယ်။ စကားပြောစင်ကို တထောင်ဆစ်နဲ့ထောက်ပြီး အဲဒီလက်နဲ့ သူ့မေးကိုသူကိုင် သီချင်းအလိုက် အတိုင်း ခေါင်းညိမ့်နေတယ်။ ပြီးတော့ အချို့စာသားနေရာတွေမှာ သူလိုက်ရွတ်တယ်။

ကြေကြေကွဲကွဲ။ ကျောင်းသားတွေက နှစ်ပေါင်း ၂၀ဝ ကျော်ဖြတ်သန်းခဲ့ရတဲ့ ဖိနှိပ်ခံရတဲ့ လူမည်းများရဲ့ သမိုင်းထဲရောက်ကာ နစ်မျောသွားကြတယ်။

သူက ဆက်ပြောတယ်။ ခရစ်ယာန်ဘာသာရေးအပေါ် ယုံကြည်လာကြပုံနဲ့ လူမဲများရဲ့ ဘဝကနေ ထွက်ပေါ်လာတဲ့ ယုံကြည်ရာသီချင်းများ၊ ဂျပ်စ်တေးဂီတ၊ ရက်ဂေးတေးဂီတနဲ့ အသုဘချရာမှာ သီဆိုကြတဲ့ ဂိုစပယ်တေးသွားများက ဘဝသံစဉ်။ အဲဒီသီချင်းတိုင်းကို သူက သံစဉ်ဥပမာ၊ သီချင်း ဥပမာနဲ့ ဟောပြောတယ်။ တခါတလေ လိုက်ညည်းတယ်။ အဲဒီနောက် ဟစ်ဟော့ပ်တေးဂီတ ပေါ်ပေါက်လာပုံကို ပြောတယ်။

၁၉၇၀ ခုနှစ်များနှောင်းပိုင်း ပတ်ဝန်းကျင်ကာလ နယူးယောက်မြို့ ဘရောင့်က်စ်အရပ် လူမည်းလူငယ်တွေက စတင်ဖန်တီးခဲ့ကြတာ။ အမေရိကန် လူနေမှုစနစ် ယဉ်ကျေးမှုနဲ့ သီးခြားယဉ်ကျေးမှုလမ်းကြောင်းကို လျှောက်လိုကြတဲ့ လူငယ်တွေ။ ဒီလိုလူငယ်တွေ စတင်ဖန်တီးလိုက်တဲ့ တေးဂီတရဲ့ သဘောသဘာဝကပင်လျှင် နိုင်ငံရေး သဘောဆောင်နေခဲ့တယ်။

ကော်နဲဝက်စ်ကပြောပြတယ်။ ဒီသီချင်းတွေက လမ်းမများပေါ်က ပေါ်ထွက်လာတဲ့တေးများ။ လူငယ်တွေရဲ့ တကယ့်ခံစားမှုကိုဖော်ပြတဲ့ တေးများ။ ခွဲခြားဖိနှိပ်နေရမှု၊ မတရားမမျှတမှု၊ မျှော်လင့်ချက်မဲ့မှုနဲ့ လမ်းများပေါ်မှာ ဖြစ်ပျက်နေခဲ့တဲ့ တေးသွားများ။

ကော်နဲဝက်စ်က ဒီဂျေကို လက်ညှိုးထိုး အချက်ပေးလိုက်တယ်။ တေးသွားတပိုင်းတစ ပေါ်လာတယ်။ အဲဒီတေးသွားတွေထဲ ပေါက်ကွဲသံများပါတယ်။ ဒေါသတွေ ပါတယ်။ မကျေနပ်မှုတွေပါတယ်။ ခေတ်ကိုရသဖော်ကျူးတဲ့ ပြင်းထန်တဲ့ စကားလုံးများ ပါတယ်။ သူက အင်း-အင်း ဆိုပြီး သီချင်းကို စည်းလိုက်တယ်။

“ငါတို့အချင်းချင်း စုစည်းကြ၊ ခေါင်းစွပ်တွေနဲ့ ပိုစတာ အနီ၊ အနက်နဲ့အစိမ်း အလံကိုင်စွဲ ဂိုဏ်းပုံသဏ္ဌာန် မဟုတ်ပါ။ အက်ဘီအိုင်က တို့ကို စောင့်ကြည့်နေတဲ့ ခိုးကြောင်ခိုးဝှက်ကင်မရာ။ လုံး၀လျစ်လျူရှုထားတဲ့ လူ့အခွင့်အရေးနဲ့ ကိုယ်ပိုင်လုံခြုံရာ ငတုံးများအတွက် အလုပ်လုပ်ရတာ ငါ့မှာမပျော်ပါး၊ ထောင်ထဲကို လူတွေနဲ့ဖြည့်နေတဲ့ အလုပ်ကို ငါမလိုလား၊ ဘာသာတရားကို လုံခြုံရာခြုံကာထားရင်း ငွေရှာရင်းသာ သေသွား”

(ဒက်ပရဲဇ်အဖွဲ့၏ ဖိနှိပ်ရေးရဲနိုင်ငံ (Police State)သီချင်းမှ)

ဒီနေ့ကာလ ဟစ်ဟော့ပ်သီချင်းတွေ၊ ဂီတများထဲအထိ ဈေးကွက်ကြိုက်နဲ့ ကော်ပိုရေးရှင်း ကြီးတွေက ထိုးဖောက်လာခဲ့ပုံကိုလည်း သူကပြောတယ်။ ဒီနေ့ ဘယ်အမ်တီဗွီကို ဘယ်အချိန် ဖွင့်လိုက် ဖွင့်လိုက်၊ ကားထဲက ရေဒီယိုကို ဖွင့်လိုက် ဖွင့်လိုက်၊ ဟစ်ဟော့ပ် တေးသွားတွေက ရောင်းကုန်ပြုခံနေရပြီ။ ပီဒစ်ဒီ (P. Diddy)၊ ဂျရူး (JaRule) နှင့် နယ်လီ ( Nelly) တို့၏ အသံတွေကို ကြားလိမ့်မယ်။ ဖျတ်ခနဲ ဖျတ်ခနဲရုပ်ပုံများနဲ့အတူ စိတ်ကူးယဉ်စရာ ပြောင်ပြောင်လက်လက် ဇိမ်ခံကားတွေ တွေ့ရမယ်။

ရွှေဆွဲကြိုးကြီးကြီးဆွဲထားတဲ့ သီချင်းအဆိုရှင်တွေ၊ မပေါ့်တပေါ် ဝတ်ထားတဲ့ အမျိုးသမီးငယ်တွေ တွေ့ရမယ်။ နိုင်ငံရေးနဲ့ ဟစ်ဟော့ပ်ဆိုတာက ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေပြီ။ တချိန်က လမ်းမများပေါ်မှာ ဘဝကို၊ ခံစားချက်ကို ပေါက်ကွဲခဲ့တဲ့ လူငယ်များရဲ့ ဟစ်ဟော့ပ်နဲ့ ခြားနားခဲ့ပြီ။ သူပြောနေတာတွေ ကျွန်တော်မှတ်မိသေးတယ်။

အခုတော့ အမေရိကန် လူမည်း-လူဖြူ ဆန္ဒပြပွဲတွေမှာ သူ့အင်တာဗျူးတွေကို တွေ့ရတယ်။ အတော်အိုသွားပြီ။ ကျွန်တော်သဘောကျတဲ့ ပါမောက္ခ။

LEAVE A REPLY

Please enter your comment!
Please enter your name here