ကြက်ဆူစိုက်ခဲ့သောမြေများ ဒေသဖွံ့ ဖြိုးရေးအတွက် ပြန်သုံးသင့်ဟု လွှတ်တော်အမတ် ထောက်ပြ

0
93

အိအိဖြိုး
ကသာ၊ ဇူလိုင် – ၂၉

မအောင်မြင်ခဲ့သော ကြက်ဆူပင် စိုက်ပျိုးရေး စီမံကိန်းမြေနေရာများ စာရင်းပြုစု၍ ဒေသဖွံ့ဖြိုးရေး အနာဂတ် စီမံကိန်းများတွင် အစားထိုးအသုံးပြုရန် နိုင်ငံတော်ပိုင်မြေအဖြစ် ထိန်းသိမ်းရန် ကသာမြို့လွှတ်တော်အမတ် ဦးညီညီထွန်းက ထောက်ပြသည်။

ယင်းသို့ လုပ်ဆောင်ရန် စစ်ကိုင်းတိုင်းအစိုးရတွင် အစီအစဉ် ရှိ၊ မရှိ ကိုလည်း ဇူလိုင်လအတွင်းက ပြီးခဲ့သော တိုင်းလွှတ်တော် အထူးအစည်းအဝေးတွင် မေးခွန်းထုတ်ခဲ့သည်။

ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင် မြေနေရာမရှိသော ပြဿနာများ ရင်ဆိုင်နေရသဖြင့် ထိုသို့မဖြစ်စေရန် အသုံးချဖို့လိုနေကြောင်း ဦးညီညီထွန်းက ပြောသည်။

“ကြက်ဆူစီမံကိန်းက တစ်နိုင်ငံလုံးမှာဆိုလည်း သေသေချာချာ ပြန်လည် စိစစ်သင့်တယ်။ ဒီကရလာတဲ့မြေတွေကို တစ်နိုင်ငံလုံး အကျိုးရှိရှိ အသုံးချနိုင်အောင်လို့ပါ”ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းတွင် ခြံစည်းရိုးကြက်ဆူ စိုက်ပျိုးမှုဧက လျော့နည်းသွားခြင်းမှာ ကြက်ဆူသီးနှံအပေါ် စိုက်ပျိုးတောင်သူများမှ စိတ်ဝင်စားမှုမရှိခြင်း၊ စီးပွားရေး တွက်ခြေမကိုက်ခြင်း၊ ဈေးကွက်မရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု စိုက်/မွေး/ဆည်မြောင်း ဝန်ကြီးက ပြောသည်။

စစ်ကိုင်းတိုင်းတွင် ကြက်ဆူစိုက်ပျိုးခဲ့သည့် မြေဧက လေးသောင်းတစ်ထောင်ကျော် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here