ခြေလျင်တပ်ရင်းမှ သိမ်းဆည်းစိုက်ပျိုးမြေများ ပြန်လုပ်ခွင့်ရရေး တောင်သူများ အသနားခံစာတင်

0
52

တင်မျိုးငြိမ်း
ဟုမ္မလင်း၊ ဇူလိူင် -၂၉

အမှတ် (၃၇၀) ခြေလျင်တပ်ရင်းမှ သိမ်းခဲ့သော ဟုမ္မလင်းမြို့နယ် မြင်သာရွာအုပ်စု လက်ပံသာရွာ အရှေ့မြောက်ဘက်ရှိ မြင်သာကွင်း စိုက်ပျိုးမြေများတွင် ပြန်လည်လုပ်ခွင့်ပေးရန် ဒေသခံတောင်သူများက အသနားခံစာ တင်ထားသည်။

ဧက ၁၀ဝ ကျော်သိမ်းခဲ့သဖြင့် တောင်သူ ၆၃ ဦးမှ တင်ပြတောင်းဆိုသော်လည်း ယနေ့တိုင်မရခဲ့ဟု ဆိုသည်။ တောရိုင်းမြေများကို တောင်သူများကိုယ်တိုင် ခုတ်ထွင်ရှင်းလင်း၍ စိုက်ပျိုးလာခဲ့ကြပြီး လွန်ခဲ့သောနှစ် ၃၀ ခန့်က တပ်ပိုင်မြေအဖြစ် သိမ်းခံခဲ့ရခြင်း ဖြစ်သည်။

“မြေမဲ့၊ ယာမဲ့၊ အလုပ်လက်မဲ့တွေပါ။ လုပ်ကိုင်စားသောက်စရာ တောင်ယာမရှိပါဘူး၊ ပြီးတော့ တပ်ကလည်း ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်တာမဟုတ်ပါဘူး။ အငှားချထားတာပါ”ဟု မြေသိမ်းခံတောင်သူ ဦးသန်းဝင်းက ပြောသည်။

စိုက်ခင်းများအား သီးစားချကာ တစ်ဧကလျှင် ၈ သောင်းဝန်းကျင်ခန့်ဖြင့် ငှားရမ်း လုပ်ကိုင်စေခဲ့သည်မှာ နှစ်အတန်ကြာမြင့်ခဲ့ပြီဟု ဒေသခံများက ဆိုသည်။

“ကျွန်မတို့ ဒေသခံတောင်သူတွေက အခု အလုပ်အကိုင်လည်း ရှားလာတယ်။ တောင်သူပဲ လုပ်တတ်တာပါ။ တောင်သူလုပ်ငန်းလုပ်ဖို့ မြေယာအသစ် ခုတ်ဖို့ရာလည်း နေရာတွေက မရှိတော့ဘူး”ဟု တောင်သူ ဒေါ်မနိုးက ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၊ တိုင်းလွှတ်တော်ရုံး၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်သမ္မတရုံးတို့ထံ ပေးပို့အသနားခံစာ တင်ခဲ့ခြင်း ဖြစ်သည်။

မြို့နယ် လယ်ပြန်စစ်ကော်မတီမှ စစ်ဆေးရာတွင် ယင်းမြေများသည် သိမ်းခဲ့ခြင်းမဟုတ်ဘဲ မြေလွတ်မြေလပ် မြေရိုင်းဥပဒေနှင့်အညီ လျှောက်ထားရယူခဲ့ခြင်းဖြစ်ပြီး တပ်ရင်းစစ်သည် မိသားစုများမှ လက်ရှိတွင် စုပေါင်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိခြင်းကြောင့် တပ်ရင်းမှ စွန့်လွတ်ရန် ဆန္ဒမရှိကြောင်း စာထွက်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here