စစ်ကိုင်းတိုင်း ပညာရေးမှူးရုံးရှေ့တွင် ပညာရေးဝန်ကြီး အခေါင်းပုံ လာချထား

0
45146

ကိုအောင်ကြီး
မုံရွာ၊ ဇွန်-၂၈

ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အသက် ၅၅ နှစ်ဟု ရေးထားသော အခေါင်းတစ်ခုကို ယနေ့ည ၉ နာရီခန့်က စစ်ကိုင်းတိုင်း ပညာရေးမှူးရုံးရှေ့တွင် လာရောက်ချထားသည်။

ယင်းအခေါင်းကို ပညာရေးကောလိပ် သမဂ္ဂများကိုယ်စားပြုကော်မတီမှ ပညာရေးဝန်ကြီးဌာနအား သရော်သည့်အနေဖြင့် လာရောက်ချထားခြင်းဖြစ်သည်ဟု သိရသည်။

အခေါင်းပေါ်တွင် မျိုးသိန်းကြီး ၅၅ နှစ် DTEDနှင့် PPTT များ Order ချပေးရန် ကြိုးစားပမ်းစားစီမံခန့်ခွဲရင်း ကွယ်လွန်ဟု ရေးသားထားသည်။

ပညာရေးကောလိပ် ကျောင်းပြီးသူများ၏ အလုပ်ခန့်စာအား မေလကုန်တွင် ထုတ်ပြန်ပေးရမည်ကို ယခုချိန်ထိ ထုတ်ပြန်မပေးသေး၍ ယင်းကဲ့သို့ လှုပ်ရှားမှု ပြုလုပ်ရခြင်းဖြစ်သည်ဟု ပညာရေးကောလိပ် သမဂ္ဂများကိုယ်စားပြုကော်မတီ ဗဟိုကော်မတီဝင် ကိုညီညီမင်းထက်ဝေက ပြောသည်။

” အခြေခံပညာ ညွှန်ချုပ်ကတော့ ကိုဗစ်ကြောင့်လို့ အကြောင်းပြတာပေါ့၊ ဖုန်းဆက်မေးတော့ ဇွန်လ ဒုတိယပတ်ထဲ နောက်ဆုံးထား ထွက်ပေးမယ်ပြောပြီး ခုကျ ဖုန်းတောင် မကိုင်တော့ပါဘူး၊ ကျွန်တော်တို့အနေနဲ့ ကိုဗစ်ကြောင့်ဆိုတာ နားလည်ပါတယ်၊ ကိုယ်တာဝန်ကျတဲ့ဒေသ အခြေအနေကို ကြိုတင်လေ့လာဖို့၊ ပြင်ဆင်ဖို့ပါ၊ လစာ ရဖို့မဟုတ်ပါဘူး “ဟု ၎င်းက ပြောသည်။

ယမန်နှစ်များကလည်း အလုပ်ခန့်စာထွက်မှု နောက်ကျနေသဖြင့် ဝန်ကြီးဌာနတွင် တိကျသောမူဝါဒမရှိဟု ပညာရေးကောလိပ်မှ ကျောင်းသားများက ဝေဖန်သည်။

တိုင်းပညာရေးရုံးရှေ့တွင် ယင်းကဲ့သို့ လှုပ်ရှားသွားမှုအား ရုံးပိတ်ရက်ဖြစ်ခြင်းနှင့် ညပိုင်းကြောင့် တာဝန်ရှိသူများအနေဖြင့် ဖြစ်စဉ်အား သတိမထားမိလိုက်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ)ဆရာမ ဒေါ်ကြည်ကြည်မာက ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here