စစ်ဆေးရေးဂိတ် ဆောက်ရန်စီစဉ်မှု ရွာခံများနှင့် ရဲတပ်ဖွဲ့ တင်းမာ

0
4994

ကိုသစ္စာ
မုံရွာ၊ ဇွန်-၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မြကုန်းရွာတွင် ကျေးရွာပိုင်စိုက်ခင်းအားရှင်း၍ စစ်ဆေးရေးဂိတ်ဆောက်ရန် စီစဉ်ရာ ရွာခံများက ကန့်ကွက်နေပြီး ရဲတပ်ဖွဲ့နှင့် အခြေအနေ တင်းမာလျက်ရှိသည်။

ရွာဥပစာရှိ မယ်ဇလီပင်များကို ခုတ်၍ စစ်ဆေးရေးဂိတ် မြေလျာထားရန် ယခုရက်ပိုင်းက ရဲတပ်ဖွဲ့မှ လာရောက်စဉ် ရွာခံများက ထွက်၍ ကန့်ကွက်ကြခြင်းဖြစ်သည်။

” ဒီနေရာကို ရွာသစ်အဖြစ် ပြောင်းလာတော့ မြေပိုင်ရှင်တွေဆီက ဝယ်ပြီး ရွာဥပစာ လှပရေးအတွက် အပင်တွေ စိုက်ခဲ့ကြတာ၊ သစ်တောက အပင်တွေလည်း မဟုတ်ဘူး၊ ခုလို တားဆီးနေတာကို ဖမ်းလို့ရတယ်လို့ ရဲတွေက ပြောတယ်။ တခြားနေရာ လုပ်စေချင်တာ” ဟု မြကုန်းရွာခံ ဦးအုန်းမောင်က ပြောသည်။

ရွာဦးရှိ အပင်များကို ၁၉၈၂ ခုနှစ်ကတည်းက စိုက်ပျိုးခဲ့သည်ဟု ရွာခံများက ဆိုသည်။

၎င်းနေရာသည် တရားမဝင် သစ်သယ်ဆောင်ရာ လမ်းကြောင်းတစ်ခုဖြစ်ခြင်း၊ အိန္ဒိယဘက်မှ တရားမဝင်ကုန်စည်များ၊ မူးယစ်ဆေးများကို ပိတ်ဆို့ စစ်ဆေးနိုင်ရန် ဗျူဟာကျသော နေရာဖြစ်၍ ရွေးချယ်ရခြင်းဖြစ်သည်ဟု လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်က ပြောသည်။

“ရွာထိပ်မှာ ရဲလုံခြုံရေး အမြဲရှိတော့ ကိုယ့်ရွာအတွက်တောင် ပိုစိတ်ချရသေးတယ် မဟုတ်လား၊ ပြီးတော့ မြေက ရွာပိုင်မြေလည်း မဟုတ်ဘူး၊ အစိုးရမြေပါ” ဟု ၎င်းက ပြောသည်။

ရွာထိပ်တွင် စစ်ဆေးရေးဂိတ် မဆောက်ရေးအတွက် ရွာခံအချို့သည် စည်ပင်ဝန်ကြီး ဦးမြင့်ကြည်နှင့် ပုလဲမြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်တို့အား တင်ပြထားသည်ဟု ဆိုသည်။

၂၄ နာရီစောင့်ကြည့်ရမည့် စစ်ဆေးရေးဂိတ်ဖြစ်သောကြောင့် ဌာနပေါင်းစုံ ဝန်ထမ်းများနေထိုင်ရန် ယင်းနေရာ ခိုင်မာသော အဆောက်အဦ ဆောက်ရန် လိုအပ်နေသည်ဟု နယ်လုံဝန်ကြီးက ပြောဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here