စောင့်ကြည့်ကြသူများ

0
72

အချိန်ကား သက္ကရာဇ် ၂၀၂၀၊ ဇန်နဝါရီလ ၆ ရက်။ မည်သည့်အခန်းသို့သွားသွား ခုနစ်မိနစ်အတွင်း ရောက်နိုင်သည့် ဖွဲ့စည်းပုံရှိသည့် အမေရိကန် ဗာဂျီးနီးယားပြည်နယ်ထဲရှိ ပင်တဂွင်စစ်ဌာနချုပ်၏ အခန်းတစ်ခုထဲဝယ် ရေတပ်ဗိုလ်ချုပ်ကြီး ဂီလ်ဒေးအပါအဝင် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများ လက်ပ်တော့ ကွန်ပျူတာကိုယ်စီနှင့် ခေါင်းချင်းဆိုင်လျက်ရှိကြသည်။

“သမ္မတကြီးကို တိုက်ရိုက်အသိပေးလိုက်ရ တော့မလား”

ဗိုလ်ချုပ်ကြီးဂီလ်ဒေးက စိတ်လှုပ်ရှားလျက်ရှိသောအသံဖြင့် ပြောသည်။

“ခဏတော့စောင့်ကြည့်ပါဦးလေ”

လေတပ်ဗိုလ်ချုပ်ကြီး ဒေးဗစ်ဂိုးလ်ဖိန်းက လက်ဖဝါးနှစ်ဖက်ကို ပွတ်လျက်ဖြေသည်။

ကျန်သော စစ်ဗိုလ်ချုပ်ကြီးများမှာလည်း အကြောင်းမဲ့မောက်စ်ကို ရွှေ့သူရွှေ့၊ ကီးဘုတ်ကို ယောင်ယောင်ကန်းကန်းရိုက်သူကရိုက်နှင့် ၎င်းတို့ ၏ စိတ်လှုပ်ရှားမှုတို့ကို ကြိုးစားဖုံးကွယ်လျက်ရှိကြလေသည်။ မကြာသေးခင် အချိန်ကမှ ပင်တဂွန်စစ်ဌာနချုပ်က သတင်းတစ်ခု စုံစမ်းထောက်လှမ်းနိုင်ခဲ့ သဖြင့် ထိုသတင်းအပေါ် အထူးထိတ်လန့်စိတ်လှုပ်ရှားလျက်ရှိကြသည်။

ထို့အတူ အီရန်နိုင်ငံ၏ လျို့ဝှက်တစ်နေရာတွင်လည်း ပူပူနွေးနွေးစစ်ဦးစီးချုပ်ကြီးဖြစ်သူ အစ်စမေးဂါနီနှင့် အီရန်နိုင်ငံ၏ ထိပ်တန်းစစ်အရာရှိကြီးများ အရေးပေါ်တံခါးပိတ်အစည်းအဝေး ကျင်းပလျက် ရှိကြသည်။

“ဒါကို ခေါင်းဆောင်ကြီးကို အသိပေးသင့်တယ် ထင်တယ်”

“ဟိုတဖက်အခြေအနေကိုလည်း စောင့်ကြည့်သင့်တယ်ထင်ပါတယ်”

“အို ဒီလိုသတင်းမျိုးဆိုတာ စောစောအသိပေးထားလေ ကောင်းလေမဟုတ်လား”

အီရန်စစ်ဗိုလ်ချုပ်ကြီးတွေလည်း မျက်စိမျက်နှာပျက်လျက် ဟန်မဆောင်နိုင်အောင် ဖြစ်နေကြပြီ။ ဟုတ်သည်။ အီရန်ဘက်မှလည်း သတင်းတခု အခိုင်အမာရရှိထားကြပြီ မဟုတ်လော။

အီရန်နှင့် အမေရိကန်ကဲ့သို့သော နိုင်ငံ၏ ထိပ်ထိပ်ကြဲစစ်အရာရှိကြီးများအား ထိတ်လန့်တုန်လှုပ်စေသောသတင်းကား အဘယ်သို့သော သတင်းဖြစ်သနည်း။

ဝါရှင်တန်ဒီစီ၊ ပန်ဆယ်လ်ဗေးနီးယားရိပ်သာလမ်းရှိ အမေရိကန်သမ္မတအိမ်ဖြူတော်တွင် ယခင်ကထက် လုံခြုံရေးတင်းကြပ်လျက်ရှိသည်။ west wing ခေါ်အနောက်ဖက်ဆောင်ရှိ အစဉ်အလာကြီးမားကာ သမိုင်းတန်ဖိုးကြီးမားလှသော ဘဲဥပုံစားပွဲတွင်တော့ သမ္မတကြီးနှင့် ဒုတိယသမ္မတအပါအဝင် အမေရိကန်အစိုးရ ထိပ်သီးအရာရှိကြီးအချို့ ငြိမ်သက်စွာ ထိုင်လျက်ရှိနေကြသည်။

“ဒီသတင်းက သေချာပြီလား”

“သေချာပါပြီ သမ္မတကြီးခင်ဗျား”

“ဘာတဲ့လဲ၊ ဘယ်လိုတဲ့လဲ”

“အီရန်၊ အမေရိကန်စစ်ပွဲကို စောင့်ကြည့်ကြမည့် မုံရွာသားများလို့ သိရပါတယ်သမ္မတကြီး”

သမ္မတကြီး မျက်နှာမှာစိုးရွံ့စိတ်တို့ ဖျတ်ကနဲ ဖြတ်ပြေးသွားသည်။

“သတင်းရင်းမြစ်က ခိုင်မာသလား”

“မြန်မာနိုင်ငံအလယ်ပိုင်း၊ မုံရွာမြို့ကြီးမှာ ရုံးစိုက်တဲ့ မုံရွာဂေဇက်ဆိုတဲ့ ဂျာနယ်တိုက်က စီအီးအိုရော အယ်ဒီတာချုပ်တွေဆီရောကို လှမ်းစုံစမ်း မေးမြန်းထားပြီးပါပြီ။ ဒီလိုစောင့်ကြည့်ကြမယ်ဆိုတာ သေချာပါတယ်တဲ့သမ္မတကြီး”

သမ္မတကြီးခဏငြိမ်သွားသည်။

“ဒီကောင်တွေ စောင့်ကြည့်နေရင် တို့ဘာဖြစ်နိုင်မလဲ”

“အဟမ်း…ဒီလိုပါ ဒီမုံရွာသားဆိုသူတွေဟာ အင်မတန် ကြောက်စရာကောင်းပါတယ်။ လက်လည်း သွက်ကြပါတယ်။ လက်လည်း ယဉ်ကြပါတယ်။ လုပ်ပြီးရင်လည်း သူတို့ကို ဖမ်းမိလေ့ မရှိပါဘူး။ သိပ်စွမ်းကြပါတယ်။ လူအများအပန်းဖြေစရာရှေ့မှာထားတဲ့ ရုပ်ထုလည်းဖျက်ပြပြီးကြပါပြီ။ ဖမ်းမမိပါဘူး။ မူးယစ်ဆေးတွေ အများအပြားကိုလည်း ဆပ်ပြာခွက်နဲ့ထည့်ပြီး အမှိုက်ပုံတွေထဲပစ်ထားတတ်ကြသူတွေပါ။ ဒါလည်းဖမ်းမမိပါဘူး။ မြို့ခံ သတင်းထောက်တစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ကြတဲ့ကိစ္စလည်း ဖမ်းမမိပါဘူး။ အဲဒီတော့ အဲဒီလို ဘယ်သူ့မှမဖမ်းနိုင်အောင် စွမ်းတဲ့မုံရွာသားတွေသာ စောင့်ကြည့်ယုံမက မနေနိုင်မထိုင်နိုင် စစ်ပွဲထဲဝင်လာပြီး အီရန်ဘက်ကပါကြမယ်ဆိုရင် အမေရိကန်အနေနဲ့ အင်မတန် စိုးရိမ်ရတဲ့အခြေအနေ ရောက်သွားပါလိမ့်မယ်”တစ်ခန်းလုံးတိတ်ဆိတ်ငြိမ်သက် သွားကြသည်။ သမ္မတကြီးက ဘဲဥပုံစားပွဲပေါ်က တစ်ရှူးအနည်းငယ်ယူ၍သူ့နဖူးကို သုတ်သည်။

အီရန်ဘက်တွင်လည်း အရေးပေါ်တံခါးပိတ် အစည်းအဝေး မပြီးသေးပေ။

“ဒီ စောင့်ကြည့်မယ်ဆိုတဲ့ မုံရွာသားကွမ်းတပျစ်ပျစ်နဲ့ကောင်တွေကို တို့ကဘာသောက်ကရုစိုက် နေရမှာလဲကွ ဒုန်း”

ပူပူနွေးနွေးအီရန်စစ်ဦးစီးချုပ် ဒေါကန်နေပြီ။

“ဒီ…ဒီလိုရှိပါတယ်။ ဒီမုံရွာသားတွေ စောင့်ကြည့်ကြပြီဆို ဘာဘာမှကို အကောင်အထည်ပေါ် ဖြစ်မြောက်လာလေ့မရှိပါဘူးခင်ဗျ” “တော်စမ်းကွာ အဓိပ္ပာယ်မရှိတာ၊ ဒီဘာမှ မတတ်လေပဲပေါနေတတ်တဲ့၊ သူများကိုပဲ စောင့်ကြည့်ဝေဖန်နေတတ်တဲ့ကောင်တွေကို ငါတို့က သောက်ရေးလုပ်ရမှာလားကွ ဟေ”

“လုပ်သင့်ရင်လုပ်ရပါလိမ့်မယ် ဗိုလ်ချုပ်ကြီး ဒီမုံရွာသားတွေဟာ အတော်စွမ်းကြတယ်လို့ စုံစမ်းထောက်လှမ်း သိရှိထားရပါတယ်။ ကျူးကျော်တွေရှင်းမယ်လို့ ကြေငြာတာကို သူတို့စောင့်ကြည့်ကြတာ ဘာမှ မဖြစ်လာပါဘူးတဲ့။ စိမ်းစိုဝန်းကြီး ကို တိရိစ္ဆာန်ဥယျာဉ်တွေ အပမ်းဖြေစခန်းလုပ်မယ်လို့ ပြောတာကို မုံရွာသားတွေစောင့်ကြည့်လိုက်တာ ဘာမှဖြစ်မလာဘူးတဲ့။ တမြို့လုံး ရေစီးရေလာကောင်းအောင်လုပ်မယ်လို့ ပြောတာကိုလဲမုံရွာသားတွေ စောင့်ကြည့်ကြတာ ဘာမှဖြစ်မလာပါဘူးတဲ့ ဗိုလ်ချုပ်ကြီးခင်ဗျား၊ အဲဒီတော့ သူတို့တာ ကျနော် တို့ရဲ့စစ်ပွဲကြီးကို စောင့်ကြည့်နေရင် ကျနော်တို့ဘာမှ ဖြစ်လာမှာမဟုတ်ဘူးလို့ ထင်မြင်မိပါတယ်ခင်ဗျ”

တခန်းလုံးတိတ်ဆိတ်သွားသည်။ စစ်ဦးစီးချုပ်ကြီးက တွေတွေငေးငေးဖြင့် တံတွေးမြိုချသည်။ “ဂလု”

ထို့နောက်ရက်တွေမှာတော့ အခြေအနေက အားလုံးသိကြသည့်အတိုင်း အီရန်က အီရတ်ဖက်က အမေရိကန်စစ်စခန်းတွေကို လှမ်းပစ်သည်။ တတိယကမ္ဘာစစ်ကြီးတောင် ဖြစ်တော့မလိုလို ပြောဆိုကြသည်။ မုံရွာသားတွေကတော့ စောင့်ကြည့်လျက်ပင်။ ထို့နောက် ကြေငြာချက်တွေ အသီးသီး ထွက်လာသည်။

အီရန်က အမေရိကန်တော်တော်များများ ကျဆုံးကုန်သည်ဟု ကြေငြာသည်။ အမေရိကန်ကလည်း သူတို့တစ်ယောက်မှ မကျဆုံးဟု ဆိုလေသည်။ ဤသို့ဖြင့် ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် တင်းမာမှုကြီးမှာ ရက်ပိုင်းအတွင်း ပြီးစီးသွားလေသည်။

မည်သည့်စစ်ပွဲမှ မဖြစ်လိုက်ပေ။ ထို့နောက်ပိုင်းရက်များတွင် ကမ္ဘာ့သတင်းမီဒီယာအသီးသီးက ရေးသားဖော်ပြကြသည်မှာ-

တတိယ ကမ္ဘာစစ်ကြီး ဖြစ်လုနီးနီးအခြေအနေအား မြန်မာနိုင်ငံအလယ်ပိုင်း မုံရွာသားများက ကယ်တင်လိုက်နိုင်ကြောင်း၊ မုံရွာသားများစောင့် ကြည့်နေကြလို့သာ အမေရိကန်သမ္မတရော၊ အီရန် ခေါင်းဆောင်ကပါ ကြောက်ရွံ့ထိတ်လန့်ကြလျက် ခေါင်းဆောင်နှစ်ဦးညှိကာ-

“လုပ်ပွဲ” ဖြင့် ပြီးစီးသွားကြသည်ဖြစ်နိုင်ကြောင်း ဟူလေသည်။ မုံရွာသားများစစ်ပွဲကို တက်ကြွစွာ စောင့်ကြည့်နိုင်ရေး စည်းရုံးလှုံ့ဆော်နိုင်သဖြင့် မုံရွာဂေဇက်ဂျာနယ်ကြီးအားလည်း နိုင်ငံတကာမှ သောင်းသောင်းဖြဖြလှိုက်လှိုက်လှဲလှဲ သောက်သောက်လဲ ချီးမွမ်းကြသောဟူလေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here