ဆားပုလင်းစိန်ဖိုးကွန်နှင့် မြို့မိမြို့ဖပြန်ပေးဆွဲမှုကြီး

0
14

ညီညီဇေယျ ရေးသည်။

ဈေးဘေးတွင် ဗန်းကလေးနှင့်ချရောင်းနေသော မျှစ်သည်အား သစ်တောထွက်ပစ္စည်း တရားမဝင် ရောင်းဝယ်ဖောက်ကားမှုဖြင့်လည်းကောင်း၊ ရွာထိပ်တမာပင်ကြီးအောက် ဖျာစုတ်ကလေးခင်း၍ ထန်းရည်ရောင်းနေရှာသော ဦးတောဘိုအား မူးယစ်ထုံထိုင်းစေသော အန္တရာယ်ရှိသည့်ဆေးပစ္စည်းများ သုံးစွဲ ရောင်းဝယ်ဖောက်ကား နေသည်ဟူ၍ သက်သေခံ ထန်းရည်နှစ်ပုလင်း လက်ဝယ်ရှာဖွေတွေ့ရှိခြင်းဖြင့်လည်းကောင်း မိမိအသက်ကိုပင် ပဓာနမထားဘဲ သက်စွန့်ကြိုးပမ်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည့်အတွက် ပြည်သူလူထုကြား ထင်ပေါ်ကျော်ကြား ဆယ်လီစတားဖြစ်နေသော စုံထောက်ကျော်ကြီး ဆားပုလင်း စိန်ဖိုးကွန့်မှာ အထူးစိတ်လှုပ်ရှားနေပုံဖြင့် သူ၏ရုံးခန်းအတွင်းဝယ် ဟိုဟိုသည်သည် လမ်းလျှောက်လျက်ရှိသည်။

(၁)

“ဒါ မြို့သူမြို့သားတွေကို သက်သက်စိန်ခေါ် စော်ကားပြလိုက်တာပဲဗျ”

“မှန်တာပေါ့အိုင်ပီရာ၊ မြို့မိမြို့ဖဆိုတာ မြို့နေ ပြည်သူတွေရဲ့ အားကိုးထိုက်ရာ၊ စံပြုထိုက်ရာ၊ လေးစားအတုယူထိုက်ရာ မိဘသဖွယ်ပုဂ္ဂိုလ်ကြီးတွေပဲ မဟုတ်လား”

“အေးလေဗျာ၊ ခုတော့ ဒီလိုပုဂ္ဂိုလ်ကြီးတွေကို ပြန်ပေးဆွဲသွားတယ်ဆိုမှတော့ ဒါတစ်မြို့လုံးကို စော်ကားတာပဲဗျ၊ ဒီကိစ္စကို တရားခံမိသည်အထိ ကျုပ်ရအောင် လိုက်မယ်ဗျာ၊ ခုတော့ ဦးနှောက်ဆေးဖို့ ညဈေးတန်းမှာ ဆိတ်စွပ်ပြုတ်နဲ့ ဂျပါတီလေး သွားဆွဲကြဦးစို့ဗျို့”

ဆားပုလင်းစိန်ဖိုးကွန့်နှင့် မိတ်ဆွေဖြစ်သူ ဒေါက်တာကြက်ဆင်တို့နှစ်ယောက် အင်တာပိုမှ ဆားပုလင်းစိန်ဖိုးကွန့်အတွက် ဂုဏ်ပြုလက်ဆောင်အဖြစ် ပေးပို့ထားသော ဖယ်ရာရီကားအနီလေးဖြင့် ညဈေးတန်းဘက်သို့ မောင်းထွက်သွားကြသည်နှင့်တစ်ပြိုင်နက် ရုံးခန်းရှေ့လမ်းမဘေးမှ လူတစ်ယောက်က ဖုန်းထုတ်၍တစ်စုံတစ်ယောက်ဆီသို့ ဆက်သွယ် ပြောဆိုလိုက်သည်။

“ဒီးဒုတ်မှလဒ၊ ဒီးဒုတ်မှလဒ၊ စောက်ထုံတွေဘလူးနေပြီ၊ စောက်ထုံတွေ ဘလူးနေပြီ၊ ရထားရထား”

(၂)

နွေမိုးဆောင်း ဥတုသုံးလီ၊ သုံးရာသီစလုံးပင် နေပြောက်မထိုးအောင် အရိပ်အာဝါသများကောင်းလျက် အမြဲတစေ အေးစိမ့်နေတတ်သော အပင်ကြီးများထူထပ်ပေါများစွာရှိသည့် “မဟာစိမ်းစို မြိုင်” တောကြီးထဲရှိ ဝါးများဖြင့်စနစ်တကျ အဆင့်မြင့်မြင့်တည်ဆောက်ထားသော စခန်းတစ်နေရာရှိ သီးသန့်ခန်းထဲတွင် အာဆီယံအဆင့်သာမက ကမ္ဘာကပါ အလိုရှိနေသော တစ်ကျွန်းဆယ်ခြောက့်ခါပြန် လက်မရွံလူဆိုးခေါင်းဆောင်ကြီး “ယူဆွတ် အဘဒူလာနိုးဝေ”တစ်ယောက် ဖုန်းနားထောင်ပြီး ဒေါသထွက်သွားသည်။

“ဟျောင့် ဖန်သဂျိုး ရိုးရိုးတန်းတန်းပြောစမ်းကွာ စကားဝှက်တွေ၊ ရထားတွေလုပ်မနေနဲ့၊ ငါနားမလည်ဘူးကွ၊ ခွီးမှပဲ”

“ဟာ ဆရာကြီးကလဲ စောက်ထုံတွေဘလူးနေ ပြီဆိုတာ စုံထောက်တွေ ပြာနေပြီလို့ပြောတာဗျ၊ ဒီမှာ သူတို့မြို့မိမြို့ဖတွေပြန်ပေးဆွဲထားလို့ ဒေါသတွေ ထွက်ပြီး အလုပ်တွေရှုပ်နေကြပြီဗျ”

“အေး ဘဲရီးဂွတ်ကွာ၊ တစ်မြို့လုံးမဟုတ်လား ဟေ့”

“ဟုတ်တယ်ဆရာကြီး၊ တစ်မြို့လုံးလှုပ်လှုပ် ရှားရှားတွေဖြစ်ကုန်ကြပြီ၊ ဒါမှတစ်မြို့လုံးပါလာမှ ကျွန်တော်တို့တောင်းထားတဲ့ ငွေပမာဏရ မှာဗျ၊ ဒါနဲ့ ဆရာကြီးဖမ်းထားတဲ့ မြို့မိမြို့ဖတွေရော ကြောက်နေကြပြီလား၊ ငြိမ်ကြရဲ့လား”

“ကြောက်၊ မကြောက်တော့မသိဘူး၊ ငြိမ်တာတော့ အေးအေးဆေးဆေးပဲဟေ့၊ အစားအသောက်ကလည်း စားနိုင်လိုက်ကြတာကွာ၊ ရက်ကြာကြာ ထိန်းသိမ်းထားရရင် တို့စခန်းရှိတာတွေကုန်မယ့် သဘောရှိတယ်ဟေ့ လခွမ်း၊ မြန်မြန်အပေးအယူ လုပ်ဖြစ်အောင်ကြိုးစားကွ၊ ဒါပဲ ဖုန်းဆက်ပြီးတာနဲ့ မင့်ဖုန်းလည်းထုံးစံအတိုင်း ဖျောက်ဖျက်ပစ်ဟေ့”

“ဟုတ် ဆရာကြီး” ထို့နောက် ဖုန်းဆက်နေသူမှ ဖုန်းကိုခွာ ဓာတ်ခဲနှင့် ဆင်းမ်ကတ်များကိုထုတ်လျက် မြောင်းထဲ လွှင့်ပစ်ဖျောက်ဖျက်ကာ မြန်မာစက်မှုတစ်မှ ထုတ်သော ဟာလေဒေးဗစ်ဆန်ဆိုင်ကယ်ကြီးနှင့် ထွက်ခွာသွားလေသည်။

(၃)

“သိပ်လည်းကြောက်မနေပါနဲ့ မသန်းရွှေရယ်၊ ခုလောက်ဆို ကျုပ်တို့ပြန်ပေးဆွဲခံရတာတစ်မြို့လုံး သိလောက်ပါပြီ၊ ပြန်ရွေးဖို့စီစဉ်နေကြလောက်ပါပြီလေ၊ ကျုပ်တို့ဟာ မြို့မိမြို့ဖတွေမဟုတ်လား၊ ကျုပ်တို့မရှိရင် ကိုယ်စားလှယ်လောင်းတွေရွေးလို့မရဘူးမဟုတ်လား”

“ကျုပ်ဟာကျုပ် စာဖတ်နေအကောင်းသား ကျုပ်မြေးလေးက မြှောက်ပေးတော့ မြို့မိမြို့ဖ လုပ်ရတာ”

“ကျွန်မလည်း ကိုယ့်ဆေးရုံလေးကိုယ်ကြိုးစားနေတာ သူငယ်ချင်းတွေက ထိုးထည့်လိုက်လို့မြို့မိမြို့ဖ ဖြစ်လာပြီး ခုလိုပြန်ပေးဆွဲခံရတာပါရှင်၊ ဟင့်ဟင့်”

“ကဲကဲ တိတ်ကြပါဗျာ၊ လောလောဆယ် စားစရာရှိတာစားကြဦးစို့၊ ညစာကိုလည်းကိုယ်စားချင်တာတွေ စိတ်ကူးထားကြဦး” မြို့မိမြို့ဖများအဖြစ် အရွေးချယ်ခံထားကြရ သည်ဟူသော ဒေါက်တာ ဒေါ်ခင်ညွန့်၊ ဝတ်လုံတော်ရ ဒေါ်သန်းရွှေ၊ ပွဲစားကြီးဦးပါအေးနှင့် ဂေါပကမင်းကြီး ဦးဖိုးတုတ်တို့လေးယောက်မှာ ပြန်ပေးဆွဲခံထားရသော စခန်းတွင်းရှိ အထူးခန်းမကြီးထဲတွင် စားလိုက်သောက်လိုက်၊ တစ်ခါတလေ စိုးရိမ်ပူပန်လိုက်၊ ထပ်စားလိုက်ကြနှင့်အထူးဇိမ်ကျလျက် ရှိနေကြလေသည်။

“ဟေ့သူငယ်၊ ဒီမှာကွဲ့ အဲကွန်းက မအေးဘူး လုပ်စမ်းပါဦး။ ပြီးရင် ထောပတ်သီးလေးခွက်၊ ဟမ်ဘာဂါလေးလုံးလုပ်ပါဦး ဦးမင်းတို့အဆာပြေစားချင်ပြီကွဲ့၊ နောက်ပြီး သီချင်းလေးဘာလေးဆိုဖို့လည်း လုပ်စမ်းပါဦး”

“အင်း ပြန်ပေးဆွဲခံရတာလား၊ အပန်းဖြေ အနားယူထွက်လာကြတာလား မသဲကွဲဘူး” ဟု ရေရွတ်လျက် အခန်းစောင့်သူငယ်လေးလည်း မုန့်များယူရန် ထွက်ခွာသွားလေသည်။

(၄)

တစ်မြို့နယ်လုံးရှိ ရုပ်သံလိုင်းများ၊ အက်ဖ်အမ်များ၊ အသံလွှင့်ရေဒီယိုလိုင်းများနှင့် ရုပ်မြင်သံကြားသတင်းများတွင် လူဆိုးခေါင်းဆောင်ကြီး လက်မရွံယူဆွတ်အဘဒူလာနိုးဝေ၏ ခြိမ်းခြောက်ငွေတောင်းသော ဗီဒီယိုဖိုင်ကို လွှင့်ထုတ်ပြသလျက်ရှိသည်။

“ဒီတော့ ကုန်ကုန်ပြောလိုက်မယ်၊ နှစ်ဆယ့်လေးနာရီအတွင်း ကျုပ်ပြောတဲ့ငွေနဲ့ လာမရွေးဘဲနေရင် သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ်စရာ မဟုတ်ဘူးဆိုတာ ခင်ဗျားတို့ကို ဒီကနေ တခါတည်းပြောလိုက်တယ်”

အခြေအနေ အကဲခတ်လှုပ်ရှားနိုင်ဖို့အတွက် ဆားပုလင်းစိန်ဖိုးကွန့်နှင့် မိတ်ဆွေဖြစ်သူ ဒေါက်တာကြက်ဆင်တို့ မြို့ထဲလျှောက်သွား စနည်းနာကြသည်။ မြို့သူမြို့သားတို့ လှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည်။ ဖေ့စ်ဘုတ်အကောင့်တွေဖွင့်ကြည့်ကြ၊ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုငြင်းခုန်ကြနှင့်၊ တချို့က ဒေါသထွက်နေကြသည်။

တချို့ကတော့ စိတ်လှုပ်ရှားကြလျက်၊ တချို့က စိတ်အားထက်သန်နေကြသည်။ သူတို့သိပ်ကြည်ညို အားထားသည့်မြို့မိမြို့ဖကို ပြန်ရွေးကြဖို့လေလော။

“မဖြစ်သင့်ပါဘူးကွာ၊ ဒီကောင်က ပြီးကာနီးရက်မှ နှမ်းလာဖြူးပြီး ရသွားတာပါ”

“ဟာဗျာ ဒီလူက ဘာမို့ရသွားတာလဲ”

“အိုအေ ဒီကောင်မက ဘယ်သူ့ပိုင်လို့ ဘယ်သူကပြောပေးလို့ရတာမှန်းမသိအေ”

အလို၊ မြို့သူမြို့သားများ ဘာကိစ္စတွေများ ငြင်းခုန်နေကြသနည်း။

“ဒီမှာဗျ ဟိုမြို့မိမြို့ဖတွေ ပြန်ပေးဆွဲခံရတာ ဘယ်လိုလုပ်ကြ ကြ”

“ဟာဗျာ၊ သူတို့ဟာသူတို့ ပြန်ပေးဆွဲခံရတာ ဘာဖြစ်လဲဗျာ၊ ဒီမှာ ဂုဏ်ပြုလက်မှတ်မရလို့ ဒေါကန်နေတာနော်”

“အေးလေ သူ့လူနဲ့သူတို့ဟာသူတို့ရွေးပြီး မြို့မိမြို့ဖတာ ဘယ်သူတွေမှန်းတောင် ကျုပ်တို့ သိတောင်မသိရဘူး၊ ဘာရွေးစရာလိုတုံးဗျ၊ ဒီမှာမှ ဂုဏ်ပြုလက်မှတ်ရဖို့ ကြိုးစားလှုပ်ရှားနေတာ”

“ဘာ ဘာဂုဏ်ပြုလက်မှတ်”

“အို ကမ္ဘာ့ကပ်ရောဂါကာလကြီးမှာ မေတ္တာ၊ စာဂ၊ ပရဟိတစိတ်၊ ဝီရိယတွေနဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသူတွေကို နိုင်ငံအကြီးအကဲကိုယ်တိုင် ဂုဏ်ပြုလက်မှတ်ပေးအပ်နေတာဗျ၊ ဟော ဟိုမှာ ဘာထူးလဲမသိဘူး။ သွားလိုက်ဦးမယ်”

(၅)

၀ါးများဖြင့်တည်ဆောက်ထားသော မဟာစိမ်းစိုမြိုင်စခန်း၏ အထူးခန်းထဲမှ လက်မရွံ့ဆရာကြီး ယူစွတ်အဘဒူလာနိုးဝေ စိတ်ပျက်စွာထွက်လာသည်။ ယခုပင် ဆားပုလင်းစိန်ဖိုးကွန့်နှင့် ဖုန်းဆက်သွယ်ပြောဆိုခဲ့သည်။

“ကဲ မြို့မိမြို့ဖတို့”

“ဗျာ ဒီနေ့ဘာ ဘာကျွေးမှာလဲ၊ ဝိုင်ဖိုင်ကလည်း ကော်နက်ရှင်မကောင်းဘူး လဲပေးပါ၊ နေ့လည်ကျရင် ကြေးအိုးသောက်ချင် ချင်”

“တိတ်ကြစမ်းဗျာ၊ ဒီမှာ ခင်ဗျားတို့ကို ဘယ်သူကမှ စိတ်မဝင်စားကြဘူးတဲ့၊ ရွေးဖို့လည်း အစီအစဉ် မရှိဘူးတဲ့”

“ဟာ အာ့ဆို တို့ကဒီ ဒီမှာဆက်နှပ်နေကြယုံပဲ ပေါ့ ဟေးဟေး”

“ဒါဆို ဒီနေ့ခေါင်းလျှော်ဦးမယ်၊ ဗျူတီပါလာ လိုက်ပို့ပေးပါ”

“တော်ကြပါတော့ဗျာ”

သောတကမန်းဆယ့်ခြောက့်ခါပြန်လူဆိုးကြီး လက်မရွံ့ ယူစွတ်အဘဒူလာနိုးဝေ တစ်ယောက် ကြမ်းပြင်ပေါ်ထိုင်ချကာ အော်ငိုရှာလေသည်။

ဤသို့ဖြင့် ရက်အနည်းငယ်အတွင်းတွင်စခန်းရှိ ရိက္ခာများလည်းကုန်၊ လူတွေလည်းပင်ပမ်း၊ ဘယ်သူမှလည်းအရေးတယူလာမရွေးသဖြင့် ပြန်ပေးဆွဲထားမိသော မြို့မိမြို့ဖများအား ဆားပုလင်းစိန်ဖိုးကွန့်ရုံးခန်းသို့ လက်မရွံ့လူဆိုးကြီး ယူစွတ်အဘဒူလာနိုးဝေကိုယ်တိုင် လာရောက်အပ်နှံ အဖမ်းခံသွားသည်ဟူသော သတင်းသည် တစ်ကမ္ဘာ လုံး၏ ဘရိတ်ကင်းနယူးဖြစ်သွားလေသည်။

ဆားပုလင်းစိန်ဖိုးကွန့်မှာ ဂျန့်ပရိုမိုးရှင်းဖြင့် ရာထူးတိုးကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တော်ကြီးသို့ အပန်းဖြေခရီးလွှတ်ခံရလေတော့သည်။

မြို့တော်သူမြို့တော်သားများကတော့ ဂုဏ်ပြုလက်မှတ်ရကြရန် အပြိုင်အဆိုင် ကြိုးစားကြဆဲပင် ရှိကြလေသည်။

“ဂုဏ်ပြုထိုက်သူများဖြစ်ကြပါစေ”

LEAVE A REPLY

Please enter your comment!
Please enter your name here