တက္ကသိုလ်ဝင်စာမေးပွဲကျသော ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး

0
9751

မောင်စိန်ချို
ပင်လည်ဘူး၊ ဩဂုတ်-၉

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာတွင် တက္ကသိုလ်ဝင်စာမေးပွဲကျသော ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ယနေ့နံနက် ၈ နာရီခန့်က ဖြစ်ပွားသည်။

သေဆုံးသူမှာ အသက် ၁၈ နှစ်အရွယ် လူငယ်ဖြစ်ပြီး နေအိမ်ခြံဝန်း အိမ်အဟောင်းတွင် ကြိုးဆွဲချသေဆုံးနေကြောင်း အကြောင်းကြားသဖြင့် ဝန်းသို မြို့မရဲစခန်းက သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“သူ့တို့မိသားစုထဲက အစ်ကို၊ အစ်မတွေက ဆယ်တန်းအောင်ဘွဲ့ရပြီး ပညာတတ်တွေလည်း ဖြစ်တယ်။ မိဘတွေက ဆိုဆဲ ဖိအားပေးတာမျိုး မလုပ်ဘူးတဲ့။ သူက ၁၀ တန်းတောင်မအောင်တော့ သိမ်ငယ်စိတ် ဖြစ်သွားတာနေမှာလို့ သူ့မိဘတွေက ပြောတယ်”ဟု ဝန်းသိုမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်ဇေယျာလင်းက ပြောသည်။

ကြိုးဆွဲချ သေဆုံးခဲ့သောကျောင်းသားသည် တက္ကသိုလ်ဝင်စာမေးပွဲအား ၂ နှစ်မြောက်ဖြေဆိုခြင်း ဖြစ်သည်။

“အောင်စာရင်း ထွက်မယ်မှန်းသိလို့ ည ၁၂ နာရီလောက်ထိ မအိပ်ဘဲစောင့်နေတာ။ သူ့ သူငယ်ချင်းတွေနဲ့တောင် စကားပြောဖြစ်ကြသေးတယ်တဲ့”ဟု သေဆုံးသူ၏ အဒေါ်ဖြစ်သူတစ်ဦးက ပြောသည်။

ရဲစခန်းက သေမှုသေခင်းဖွင့်၍ ရုပ်အလောင်းအား ဝန်းသိုမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here