တက္ကသိုလ်ဝင်တန်း ဝိဇ္ဇာတွဲ တစ်နိုင်ငံလုံး စတုတ္ထအမှတ်အများဆုံးရသူ မဂျုးဂျုးခင်နှင့် တွေ့ဆုံခြင်း

0
7171

တင်မျိုးငြိမ်း မေးသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဝိဇ္ဇာဘာသာတွဲမှာ တစ်နိုင်ငံလုံး စတုတ္ထအမှတ်အများဆုနဲ့ စစ်ကိုင်းတိုင်း ပထမရခဲ့တဲ့သူက ချင်းတွင်းဒေသအထက်ပိုင်း ဟုမ္မလင်းမြို့နယ် ကောယားကျေးရွာမှ မဂျုးဂျုးခင်ပါ။

အမှတ်ပေါင်း ၄၈၉ မှတ်နဲ့ မြန်မာ၊ သချာၤ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ ဘာသာရပ်များနဲ့ ဂုဏ်ထူး ၅ ဘာသာ ဆွတ်ခူးခဲ့ပါတယ်။

တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ဖို့ သူမရဲ့ကြိုးစားခဲ့ပုံများနဲ့ ဘဝပုံရိပ်ကို မုံရွာဂေဇက်မှ မေးမြန်းထားပါတယ်။

MGZ – ညီမလေးက မူလတန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ဘယ်စာသင်ကျောင်းတွေမှာ တက်ရောက်ခဲ့လဲ။

JJK – သူငယ်တန်းက ခန္တီးမြို့ဘကကျောင်း (ဘုန်းတော်ကြီးသင်ပညာရေးကျောင်း) မှာ တက်ရောက်ခဲ့ပါတယ်။ ပထမတန်းကတော့ ရေစကြိုမှာ တက်ပါတယ်။ ဒုတိယတန်းကနေစလို့ တက္ကသိုလ်ဝင်တန်းအထိ ကောယားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှာပဲ တက်ရောက်ခဲ့ပါတယ်ရှင့်။

MGZ – ညီမရဲ့ မိသားစုအလုပ်အကိုင်အကြောင်းလေး ပြောပြပါဦး။

JJK – သမီး မိဘတွေက တောင်သူပါ။ လက်ဖက်ခူးပြီး လုပ်ကိုင်စားသောက်ပါတယ်။ မောင်နှမသုံးယောက်ရှိပါတယ်။ သမီးက အကြီးဆုံးပါရှင့်။ ကျူရှင်တွေ၊ စာသင်ဝိုင်းတွေလည်း မတက်ပါဘူးရှင့် ။

MGZ သူငယ်တန်းကနေစလို့ တက္ကသိုလ်ဝင်တန်းအထိ ကျူရှင်တွေ၊ စာသင်ဝိုင်းတွေကို မိဘက မထားနိုင်လို့လား။ ကိုယ်ကိုယ်တိုင်က မတက်ချင်လို့လား။

JJK – ၈ တန်းအထိကတော့ ကျူရှင်တက်ခဲ့ပါတယ်ရှင့်။ ၉ တန်းနဲ့ ၁၀ တန်းကတော့ မတက်ပါဘူးရှင့်။ နားမလည်တာရှိရင် ကျောင်းကဆရာမတွေ လာပြပေးပါတယ်ရှင့်။ သမီးကိုယ်တိုင်က မတက်ချင်လို့ပါရှင့်။

MGZ – မိဘအလုပ်အကိုင်မှာရော ကူညီလုပ်ကိုင်ပေးခဲ့ရသေးလား။

JJK – မိဘကိုလည်း ကူခဲ့ရပါတယ်ရှင့်။ ငယ်ငယ်လေးထဲကစလို့ အမေနဲ့လက်ဖက်ခူး အမြဲလိုက်ပါတယ်။ ၁၀ တန်းတက်တဲ့နှစ်ကျတော့ အမေက မခူးခိုင်းတော့ပါဘူး။ စာပဲ ဂရုစိုက်ခိုင်းပါတယ်ရှင့်။

MGZသူငယ်တန်းကနေစလို့ တက္ကသိုလ်ဝင်တန်းအထိ ဘာဆုတွေရခဲ့ဖူးလဲ။

JJK – သူငယ်တန်းကနေစလို့ စာဘက်မှာတော့ ပထမတွေပဲ ရတယ်ရှင့်။ အပတ်စဉ်စာမေးပွဲတွေလည်း ပထမတွေပဲ ရခဲ့ပါတယ်ရှင့်။ အားကစားဘက်မှာတော့ သိပ်မထူးချွန်ပါဘူးရှင့်။

MGZညီမလေး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့ ကြိုးစားခဲ့ပုံလေးတွေရယ်၊ ရည်ရွယ်ချက်လေးရယ် ပြောပေးပါဦး။

JJK – သမီးက ပုံမှန်ပဲ ကြိုးစားသွားတာပါ။ စားချိန် စားတယ်။ စာကျက်ချိန် စာကျက်တယ်။ အလောတကြီးမလုပ်ဘူး။ သမီးရည်မှန်းချက်ကတော့ ပညာရေးတက္ကသိုလ်တက်ပြီး ဆရာမလုပ်ဖို့ ရည်ရွယ်ထားပါတယ် ။

MGZ – ကျေးဇူးတင်ပါတယ်ဗျ။

LEAVE A REPLY

Please enter your comment!
Please enter your name here