တံခါးပိတ်လိုက်ရတဲ့ ကမ္ဘာကြီး

0
52

ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးဟာ သူ့ကိုယ်သူ ပိတ်သွားပါတယ်။ နိုင်ငံတွေက covid-19 အတွက် အကြောက်တလန့် ဖြစ်လောက်အောင် သေကြေမှုတွေများလာနေတော့ ကိုယ့်နိုင်ငံတံခါးကို ကိုယ်ပိတ်ပြီး သီးခြားဖြစ်အောင်နေရင်း ရောဂါဘေးကနေ တတ်နိုင်သမျှဝေးအောင် လျော့ပါးလာအောင် ကြံဆောင်လာကြတယ်။ နိုင်ငံသားတွေကိုလည်း လူ့အဖွဲ့စည်းနဲ့ ဝေးဝေးနေခိုင်းလာတယ်။ တခြား တဖက်က စီးပွားရေးမှာလည်း လဲကျလုနီးနီးဖြစ်နေလို့ အစိုးရတွေက ကြားဝင်ဆောင်ရွက်ရတာတွေ ရှိလာနေပါတယ်။ ကုမ္မဏီတွေကို ပိုက်ဆံထုတ်ပေးတာ၊ ထုတ်ချေးတာ၊ အမေရိကန်နိုင်ငံသားတွေကို ပိုက်ဆံထုတ်ပေးမှာ၊ ဘဏ်တိုးနှုန်း ချပေးတာ စတဲ့ ဘဏ္ဍာရေး အစီအမံတွေ ဆောင်ရွက်လာနေကြပါတယ်။

ဒါပေမယ့် ကူတာကယ်တာတွေက ဘယ်လောက်ထိလုပ်ပေးနိုင်မလဲ၊ ဒီကပ်ရောဂါရော ဘယ်လောက်ကြာနိုင်မလဲ၊ ဆက်လက်ပြီး ကမ္ဘာကြီးက ပိတ်ထားရဦးမလား စတာတွေ ဒီနေ့အချိန်မှာ မြင်လာနေရပါတယ်။

သူတို့နိုင်ငံတွေက ခန့်မှန်းချက်တွေကတော့ ကြောက်စရာကောင်းသလို၊ ပိုဆိုးလာမယ်လို့လညး် ဆိုပါတယ်။ ကမ္ဘာကြီးလည်း ထပ်ခါထပ်ခါ ပိတ်ရတာတွေ ရှိနိုင်တယ်၊ ရှေ့မှာက မရေရာသေးတဲ့ ဆေးဝါးထုတ်လုပ်မှု၊ ကာကွယ်ဆေးနဲ့ စီးပွားရေး ပျက်လုလုအခြေအနေတို့ကြောင့် ရွေးချယ်စရာတွေလည်း ခက်ခဲလာမယ် ဆိုကြပါတယ်။

ကမ္ဘာ့မြို့တော်ကြီးတွေက လမ်းတွေမှာလည်း လူသူကင်းမဲ့လာသလို၊ အစိုးရတွေကလည်း ရောဂါဖြစ်ပွားမှု များပြားတဲ့ နိုင်ငံတွေဆီကလာတဲ့ ခရီးသည်တွေ ဝင်မလာနိုင်အောင်ပိတ်ပင် တားဆီးလာကြပါတယ်။ စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံထက် အီတလီနိုင်ငံမှာ ရောဂါဖြစ်ပွားနှုန်း အရှိန်အမြန်ဆုံးနဲ့ အသေပျောက်အများဆုံးဖြစ်လာလို့ ယခုစာရေးနေချိန်ထိ တကမ္ဘာလုံး အတိုင်းအတာနဲ့ ရောဂါရှိသူ ၄ သိန်းကျော်၊ သေဆုံးသူ ၁၇၀ဝ၀ ကျော်ရှိနေပါတယ်။ အီတလီက ခုချိန်ထိ သေဆုံးသူ ၆၀ဝ၀ ကျော်နဲ့ တရုတ်က သေဆုံးသူ ၃၀ဝ၀ ကျော်ရှိနေခဲ့ပါတယ်။

ကမ္ဘာ့ စီးပွားရေးကလည်း ပညာရှင်တွေ မှန်းထားတာထက်ပိုဆိုးလာနေပါတယ်။ တရုတ်ရဲ့ စက်မှုထုတ်ကုန်ဟာ ဇန်နဝါရီ၊ ဖေဖော်ဝါရီလမှာ ၃ ရာခိုင်နှုန်းကျမယ်လို့ မှန်းထားရာက လက်တွေ့မှာ ၁၃ ရာခိုင်နှုန်းကျော် ကျဆင်းသွားပါတယ်။ လက်လီရောင်းချမှုဟာ ၄ ရာခိုင်နှုန်း ကျဆင်းမယ်မှန်းထားရာက ၂၀.၅ ရာခိုင်နှုန်း ကျော်ကျဆင်းသွားပါတယ်။ မရွေ့ပြောင်းနိုင်တဲ့ အက်ဆက်ပေါ်မှာရင်းနှီးမြှုပ်နှံမှုက ၂၄ ရာခိုင်နှုန်း ကျဆင်းခဲ့လို့ မှန်းထားတာထက် ၆ ဆ ကျော် ကျဆင်းသွားပါတယ်။ အဆိုးဆုံးသော စီးပွားပျက် ကပ်နဲ့ ရင်ဆိုင်နေရလို့ အစိုးရတွေကလည်း ကယ်တင်ရေးအစီစဉ်တွေ ရေးဆွဲနေရပါပြီ။

နိုင်ငံတွေ အနေနဲ့လည်း လူမှုရေးတွေ ၊စီးပွားရေးတွေ၊ ပညာရေး ကဏ္ဍစုံအောင်ကို စဉ်းစားရင်း ခေါင်းခြောက်နေရပါပြီ။ လန်ဒန်က ပညာရှင်တစ်စုက မူဝါဒချမှတ်သူတွေစဉ်းစားနိုင်အောင် မော်ဒယ်တစ်ခုကို သူတို့ စဉ်းစားကြည့်ရာမှာ သိပ်အခြေနေ ကောင်းပုံမရပါဘူး။ တစ်နည်းက လျော့ချတဲ့နည်းပါ။ ကပ်ရောဂါ ပြန့်နေမှုလျော့သွားဖို့ သီးခြားထားတာတွေ၊ ကူးစက်တဲ့ အိမ်တွေ စောင့်ကြည့်သီးခြားထားတာတွေပါဝင်တဲ့ လုပ်ဆောင်ချက်ပါ။ နောက်တစ်ချက်က ကပ်ရောဂါကို အရေးယူဆောင်ရွက်မှုများစွာ ဆောင်ရွက်ဖို့ပါ။ ဥပမာ- လူတိုင်း အိမ်ထဲနေရမယ်၊ အိမ်ကနေ အလုပ် လုပ်မရသူဘဲထွက်ရမယ်၊ ကျောင်းတွေ အားလုံးပိတ်ထားရမယ်။ ပထမလျော့ချတဲ့နည်းက ကပ်ရောဂါကို ထိန်းချုပ်ဖို့ပါ။ နောက်တစ်နည်း အရေးယူတဲ့နည်းကတော့ ကပ်ရောဂါလာတဲ့ လမ်းကို ပိတ်ဆို့တာပါ။

ခန့်မှန်းသူတွေ ဆက်လက်တွက်ချက်ကြည့်ရာမှာ ဗိုင်းရပ်စ်သာ ဆက်ပြန့်နေမယ်ဆိုရင် အမေရိကန်မှာ သေဆုံးသူ ၂.၂ သန်းရှိနိုင်မယ်၊ အင်္ဂလန်မှာ ၅ သိန်းခန့်ရှိနိုင်မယ် ဆိုပါတယ်။ ကူးစက်ခံရတဲ့ အိမ်တွေကို ကွာရင်တင်းနဲက ဆက်စောင့်ကြည့်နေမယ်ဆိုရင် တဝက်တော့ သက်သာနိုင်မယ် ဆိုပါတယ်။ ဒါပေမယ့်တခြားတဖက်မှာတော့ ဆေးရုံသုံးပစ္စည်းတွေရဲ့ လိုအပ်ချက်ဟာ ၈ ဆလောက် ပိုများလာမယ်လည်း ပြောလာပါတယ်။ ဒီဆောင်ရွက်ချက်နှစ်ရပ်ကို ဂျာမဏီလို နိုင်ငံမျိုးက အကောငး်ဆုံးသော ကျနး်မာရေးပစ္စည်းနဲ့ စနစ်တွေရှိနေလို့ အဆင်အပြေဆုံးနဲ့ ထိခိုက်မှု အနည်းဆုံးတော့ ဖြစ်နိုင်တယ်ဆိုပါတယ်။ သူတို့ ဆက်ပြောတာက ဒီဗိုင်းရပ်စ်ဟာ အင်္ဂလန်နဲ့ အမေရိကန် ၈၀ ရာခိုင်နှုန်း လောက်ကိုလည်း ဆက်လက်ကူးစက်နိုင်ပါတယ်လို့ ဆိုပါတယ်။

နောက်တစ်ချက်ပြောတာက ဒီရောဂါလျော့ပါး သွားတယ်ဆိုရင်တောင် ယခင်နမူနာများအတိုင်း နောက်တစ်ခါ ပြန်လှည့်လာနိုင်ပါတယ်။ ကာကွယ်ဆေးမပေါ်မချင်း စိတ်မချရနိုင်လို့ ဆိုပါတယ်။ ကာကွယ်ဆေးအတွက်ကလည်း လပေါင်းများစွာကြာနိုင်တယ်လို့ ဆေးပညာရှင် တစ်ယောက်က ဘီဘီစီမှာ ပြောကြားသွားပါတယ်။ အခုပြောခဲ့တဲ့ မှန်းဆချက်ဟာ ပညာရှင်တွေက တွေ့ရှိချက်အပေါ်ကနေ တွက်ချက်ထားတာပါ။

ကွာရင်တင်းနဲ့ ဆိုရှယ်ဒစ်စတန့်ကိုလုပ်ဖို့ တရုတ်နဲ့ တောင်ကိုရီးယားမှာ နည်းပညာသုံးလာပါတယ်။တရုတ်မှာဆိုရင် ဘယ်သူက ရောဂါရှိတယ်၊ မရှိဘူး။ ပြပေးတဲ့ app တွေသုံးလာပါတယ်။ တောင်ကိုရီးယားမှာတော့ လူစုလူဝေးကို ရှောင်ဖို့၊ ကူးစက်မှုကို ခြေရာခံနိုင်ဖို့ ဆိုရှယ်မီဒီယာကနေတဆင့် ဘစ်ဒေတာနဲ့ စောင့်ကြည့်လာပါတယ်။ ဒီမိုကရေစီ တိုင်းပြည်တွေ ဒီမိုကရေစီမကျတော့တဲ့ အချိန်ရောက်လာပါတယ်။ အချိန်ကာလကလညး် ပုံမှန်မဟုတ်တာကြောင့်လည်း ပါပါတယ်။

အစိုးရတွေက ကတိတွေပေးလာပါတယ်။ ပြင်သစ်သမ္မတကဆိုရင် ကုမ္မဏီတွေရဲ့ အရွယ်အစားက ဘယ်လောက်ပဲဖြစ်နေပါစေ သေချာပေါက် ထိခိုက်တော့မယ်လို့ဆိုပါတယ်။ တို့နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်နဲ့ စစ်ဖြစ်နေသလိုဖြစ်နေတယ်။ ဒေသတွင်းရွေးထားမယ်လို့ ဆိုပါတယ်။ ဂျာမနီက ကုမ္ပဏီ အတိုင်းအဆ မပြောထားဘဲ ချေးငွေပေးမယ်လို့ ဆိုပါတယ်။ ဂျပန်က ၄ ဘီလျံဒေါ်လာလောက် ဒီအတွက် ထုတ်သုံးပေးမယ်ဆိုပါတယ်။ အင်္ဂလန်ကဆိုရင် ကုမ္ပဏီတွေကို ဘီလျံ ၃ ရာလောက် ကူညီမယ်လို့ ဆိုပါတယ်။

ဒီနှစ်ဝက်လောက်ထိ GDP ကျဆင်းနေနိုင်ပေမယ့် ခန့်မှန်းသူ အများစုကတော့ ပုံမှန်အနေအထားကို နှစ်ဝက်ကျော်လောက်မှာ ပြန်ရောက်နိုင်မယ်ဆိုပါတယ်။ ဒီစကားကိုပြောရတာက တရုတ်ဆီကနေ အတွေ့ကြုံ့ကို ကြည့်ပြောတာပါတဲ့။ ခုချိန်မှာ တရုတ်နိုင်ငံရဲ့ စက်မှုလုပ်ငန်းအကြီးစားတွေထဲက ၉၀ ရာခိုင်နှုန်းကျော်က ပြန်လည်ပတ်နေပါပြီ။ ဖေဖော်ဝါရီလ ပထမပတ်တုန်းက တရုတ်စတော့ ဈေးကွက်ဟာ အတော်အခြေအနေဆိုးခဲ့ပေမယ့် ခုအချိန်မှာ အကောင်းလို့တောင် ပြောရမယ့်အနေထိပြန်ရောက်သွားတယ် ဆိုပါတယ်။ ကမ္ဘာကြီးအနေနဲ့ကတော့ ဒီဗိုင်းရပ်စ် နိမ်နှင်းမှုကို တစ်နှစ်ကျော်ကျော်လောက် ဆက်လိုက်တိုက်သွားရဖို့ ရှိနိုင်ပါတယ်။ အများမျှော်လင့်သလို ကမ္ဘာ့ထုတ်ကုန်တွေကတော့ ကျဆင်းသွားမှာ အမှန်ပါပဲ။

အစိုးရတွေအနေနဲ့ အခွန်တွေလျော့ချတာ၊ ငွေဖြစ်လွယ်မှုဖြစ်လာအောင် မက်လုံးပေးတဲ့ အစီစဉ်တွေ ချပေးရတာတွေလုပ်ဖို့ တတ်နိုင်မယ် မထင်ပါဘူး။ ဘာလို့လဲဆိုတော့ အစိုးရတွေဟာ ကုသရေး၊ ကာကွယ်ဆေးဖော်ရေး၊ ဆေးရုံအသုံး စရိတ်တွေ ပိုသုံးလိုက်ရခြင်း၊ တခြားသော ဒီရောဂါနဲ့ ဆက်စပ်ရာ နေရာများမှာ ပိုသုံးလိုက်ရခြင်းတို့ကြောင့်ပါတဲ့။ ကိုဗစ် ၁၉ ရောဂါဟာ ချမ်းသာတဲ့နိုင်ငံလည်း ထိတာပါပဲ။ ဒါပေမယ့် ကျန်းမာရေးစနစ် ခိုင်မာတောင့်တင်းကောင်း မွန်ရင်တော့ သက်သာနိုင်ပါတယ်။ ရင်းနှီးမြှုပ် နှံသူတွေက အတိုးနှုန်းနည်းနည်း ပြန်ချေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒါပေမယ့် ဆင်းရဲတဲ့ နိုင်ငံတွေကတော့ ရောဂါရဲ့ ခြိမ်းခြောက်မှုကလည်း ပိုမိုမြန်ဆန်လာမယ်၊ ချေးလို့ရမယ့်နေရာနည်းမယ်၊ အလုပ်သမားဈေးကွက်ကလည်း အင်ဖော်မယ်ကဏ္ဍဖြစ်နေလို့ အကာကွယ်အတွက် ခက်ခဲ မယ။် အဲတော့ ချမ်းသာတဲ့ တိုင်းပြည်က ကပ်ဘေးကနေ ကျော်လွှားသွားနိုင်ချိန်မှာ ဆင်းရဲတဲ့ တိုင်း ပြည်တွေရဲ့ အလားအလာကတော့ သိပ်မရေရာလှဘူးလို့ ဆိုနိုင်ပါတယ်။ အားလုံးကပ်ဘေးကနေ ကျော်လွှားနိုင်ပါစေ။

Ref:economist,bbc

LEAVE A REPLY

Please enter your comment!
Please enter your name here