ဒေါက်တာမြင့်မြင့်သိန်းနှင့် တွေ့ဆုံခြင်း

0
1512

“အပူပိုင်းဒေသဖြစ်လို့ ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်ပါတယ်”

အိအိဖြိုး မေးသည်။

ယခုလို မိုးရာသီမှာ ရာသီတုပ်ကွေးဟာလည်း ခေါင်းပြန်ထောင်လာပါပြီ။ ရာသီတုပ်ကွေးနဲ့ ကိုဗစ်ကာလ လိုက်နာရမယ့်အချက်တွေကို ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်သိန်းနဲ့ ယခုတစ်ပတ် တွေ့ဆုံမေးမြန်းထားပါတယ်။

MGZ – ခုလို ရာသီတုပ်ကွေးချိန်မှာ သတိထားရမယ့်အချက်လေး အရင်ပြောပြပါဒေါက်တာ။

DMMT – ရာသီတုပ်ကွေးက အသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်နိုင်တယ်။ ကိုဗစ်နဲ့ ကူးစက်ပုံ ဆင်တူပါတယ်။ ဒီရာသီမှာဆိုရင် ကိုဗစ်ရော၊ ပြင်းထန်ရာသီတုပ်ကွေးရော ဖြစ်မယ်ဆိုရင် ထိန်းမနိုင်ဖြစ်ကုန်မှာ စိုးရတယ်။ ဖျားရင် လူတွေက ဆေးရုံဆေးခန်းသွားကြရမယ်။ ကိုဗစ်က လူတွေ မစုဝေးရဘူး။ ကိုဗစ်ကတော့ ပိုသေစေနိုင်တယ်။ ဒီအချိန်မှာ ရာသီတုပ်ကွေးကြောင့် ဆေးရုံဆေးခန်း သွားကြရရင် လူတွေစုပြီး ကိုဗစ်ကူးစက်မှာလည်း စိုးရိမ်ရတယ်။

MGZ – ရာသီတုပ်ကွေး အမျိုးအစား ဘယ်နှစ်မျိုးလောက်ရှိလဲရှင့်။

DMMT – ရာသီတုပ်ကွေး ပိုးအမျိုးအစားပေါင်း ABCD ဆိုပြီး လေးမျိုးရှိပါတယ်။ ရာသီတုပ်ကွေး ပိုး Aနဲ့B က တကမ္ဘာလုံးအနှံ့ပျံ့နှံ့နေပြီး ကပ်ရောဂါအသွင် ဖြစ်စေနိုင်ပါတယ်။

MGZ – ရာသီတုပ်ကွေးက ဘယ်လိုကူးစက်လဲ။

DMMT -ချောင်းဆိုးနှာချေလိုက်တဲ့ အမှုန်အမွှားလေးတွေကနေတဆင့် အနီးပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို လျင်မြန်စွာကူးစက်တယ်။ အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်တယ်ဆိုပေမယ့် ရောဂါပိုးကပ်ညိနေသောလက်ကလည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့် လက်ကလည်း သန့်ရှင်းဖို့ လိုပါတယ်။”သန့်ရှင်းသောလက် ဆေးတစ်ခွက်” ဆိုတဲ့အတိုင်း လက်ကလေးသာ သန့်ရှင်းနေရင် လူတွေအတွက် ဆေးတစ်ခွက်ဖြစ်စေမှာပါ။

MGZ – ရာသီတုပ်ကွေးက ဘယ်လိုပျံ့နှံ့လဲ။

DMMT – ရာသီတုပ်ကွေးရောဂါက လူထူထပ်သောနေရာတွေမှာ လွယ်ကူလျင်မြန်စွာပြန့်ပွားနိုင်ပါတယ်။ ကျွန်မတို့နိုင်ငံက အပူပိုင်းဒေသဖြစ်လို့ အချိန်ကာလပုံမှန်မရှိသော ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်ပါတယ်။

MGZ – ဘယ်လိုအရွယ်တွေ ဘယ်လိုလူတွေမှာ ကူးစက်လဲ။

DMMT – ဖြစ်နိုင်တာတော့ လူတိုင်း အသက်အရွယ်မရွေး ဖြစ်နိုင်တယ်။ ပိုမိုပြင်းပြင်းထန်ထန် ခံစားရတဲ့သူတွေက ကိုယ်ဝန်ဆောင်မိခင်များ၊ ၅ နှစ်အောက်ကလေးများ၊ အသက် ၆၅ နဲ့ အထက် အသက်အရွယ်ကြီးတဲ့သူတွေ၊ နာတာရှည်ရောဂါ ရှိတဲ့သူတွေ၊ ခုခံအားနည်းသူများတဲ့သူတွေမှာ ဖြစ်ပွားရင် ပိုမိုပြင်းထန်တတ်လို့ အထူးသတိထားရမယ်။

MGZ – ရာသီတုပ်ကွေးကာကွယ်ဆေးကို ဘယ်လိုအရွယ်တွေ အဓိကထားထိုးသင့်လဲ။

DMMT – ဘယ်အရွယ်မဆို ထိုးစေချင်တယ်။ WHO က အကြံပြုထားတာကတော့ ၆ လနဲ့ အထက် ကလေးတွေအားလုံး ထိုးစေချင်တယ်။ လူကြီးက လူတိုင်းမထိုးချင်နေလို့ရတယ်။ ပန်းနာရင်ကျပ်ရှိတဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နာတာရှည်ရောဂါအခံရှိတဲ့သူတွေ၊ အသက် ၆၀ နဲ့အထက် လူကြီးတွေ၊ အဓိကထား ထိုးသင့်တယ်လို့ အကြံပြုပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကတော့ လူနာတွေနဲ့ အဓိကထိတွေ့ရတော့ မဖြစ်မနေထိုးသင့်တယ်။

MGZ – ရာသီတုပ်ကွေးနဲ့ COVID-19 ရဲ့ မတူတဲ့အချက်ကလေးပြောပြပါ။

DMMT – အများစုကတော့ ဖျားနာချောင်းဆိုး လည်ချောင်းနာတာ၊ ဝမး်လျှောတာ၊ နှာရည်ယိုတာက တူတူပဲ။ COVID-19 ကတော့ အနံ့မရဘူး။ ဒါပေမယ့် ကိုဗစ်တိုင်း အနံ့မရတာမဟုတ်ဘဲ ၂၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ဒီဗိုင်းရပ်စ်နှစ်ခုက ဆင်တူလို့ ရောနိုင်ပါတယ်။ နောက်မတူတာက ရောဂါပိုးဝင်ပြီးတော့ လက္ခဏာပြတဲ့အချိန်က မတူဘူး။ ရာသီတုပ်ကွေးက ၄/၅ရက်ပဲ ကြာပြီး ကိုဗစ်က ၁၄ ရက်ကနေ ၂၁ ရက်မှာ လက္ခဏာပြတယ်လို့ ခန့်မှန်းထားကြတယ်။ ကိုဗစ်ကတော့ လူကိုသေစေနိုင်ဖို့ ရာခိုင်နှုန်းပိုများတယ်။ ကိုဗစ်က ကူးစက်မှုပိုမြန်တယ်။ ရာသီတုပ်ကွေးက လူတယောက်ဖြစ်ရင် နောက်ထပ် ၁.၃ ကူးစက်နိုင်ချေမှာ ကိုဗစ်က၂.၅ ထိကူးနိုင်တယ်။ ပြင်းထန်မှုက ကိုဗစ်က ပိုပြီးဆိုးရွားတာတွေ ဖြစ်စေတယ်။ သေနှုန်းက ရာသီတုပ်ကွေးက တစ်ထောင်မှာ တစ်ယောက်သေတဲ့အချိန်မှာ ကိုဗစ်က ၁၀ဝ မှာ ၁ယောက်ကနေ ၄ ယောက်ထိသေနိုင်တယ်။

MGZ – မိမိကိုယ်ကို ရာသီတုပ်ကွေး ရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲရှင့်။

DMMT – လက္ခဏာတွေ့ပြီဆိုရင်တော့ COVID စစ်သလိုပဲ လည်ချောင်း၊ နှာခေါင်းတို့ဖတ်ယူစစ်ရမယ်။ မုံရွာမှာတော့ ပြည့်သူ့ဆေးရုံကြီးမှာပဲ စစ်လို့ရတယ်။ ယူထားတဲ့တို့ဖတ်ကို ရန်ကုန် National Lab မှာ ပို့ပြီးစစ်ရတယ်။ အချိန်တိုအတွင်းမှာ အဖြေသိနိုင်တယ်။ သွေးစစ်ရင်တော့ Influenza A လား၊ B လားပဲသိနိုင်မယ်။

MGZ –ရာသီတုပ်ကွေးကို ဘယ်လို ကာကွယ်နိုင်မလဲ။

DMMT – COVID-19 ရောဂါကာကွယ်နည်းအတိုင်း စနစ်တကျလိုက်နာမယ်ဆိုရင် ရာသီ တုပ်ကွေးကို ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။ အရင်နှစ်တွေက မုံရွာမှာ H1N1 ဖြစ်တာတွေ့ရတယ်။ အရင်နှစ်တွေကလည်း ဖြစ်နေတာပဲ။ မသိ လိုက်ကြတာနဲ့ တပြုံကြီးမသေတာဘဲရှိတာ။ H1N1 က အဆုတ်ကိုထိပြီး ပြင်းထန်အဆုတ်ရောင်ကနေ သေစေနိုင်ပါတယ်။ ရောဂါလက္ခဏာပေါ်လာရင် ကောင်းမွန်စွာအိပ်စက်အနားယူခြင်း၊ ရေပတ်တိုက်တာတွေ၊ အရည်များများသောက်တာတွေ လုပ်ရမယ်။

MGZ – ရာသီတုပ်ကွေးနဲ့ပတ်သက်ပြီး ဒေသတွင်းမှာ ဆေးလုံလောက်မှုရောရှိလား။

DMMT – ဒီနှစ်မှာ ထိုးချင်တဲ့အရေအတွက်ကများပြီး ဆေးဝယ်လို့ရတဲ့အရေအတွက်က နည်းတဲ့အတွက် မလုံလောက်သလိုဖြစ်တယ်။ Cold Change System ကောင်းကောင်းနဲ့ တဖက်နိုင်ငံက သယ်လာပြီး မသိုလှောင်ဘဲ Door to Door စနစ်နဲ့ ဆေးတွေသုံးမယ်ဆိုရင်တော့ လုံလောက်နိုင်တယ်။ ပုံမှန်ကုမ္ပဏီတွေရဲ့ ဆေးထက်တော့ ဈေးကြီးမယ်။ ဆရာဝန်တွေကိုယ်တိုင်က ကိုယ်သုံးတဲ့ကာကွယ်ဆေး Safe ဖြစ်၊ မဖြစ် စိစစ်ဖို့လိုမယ်။

MGZ – ကာကွယ်ဆေးတွေက အလွယ်တကူ ထိုးနှံနိုင်ရဲ့လား။ ဆေးကဈေးကြီးတဲ့အတွက် လက်လုပ်လက်စားတွေ ဆေးမထိုးနိုင်ဘူး ဝေဖန်နေကြတဲ့အပေါ် ဘယ်လိုမှတ်ချက်ပေးချင်လဲ။

DMMT – ရာသီတုပ်ကွေး ကာကွယ်ဆေးတွေက ဈေးကြီးတယ်ဆိုတာ နှစ်စဉ်ထိုးရတာဖြစ်တဲ့အတွက် နိုင်ငံတော်က နှစ်စဉ်ထိုးဖို့ မတတ်နိုင်ဘူး။ တုပ်ကွေးက ၆ လကနေ ၉ နှစ်အတွင်း ပထမ စထိုးတဲ့နှစ်မှာ ၂ လုံးထိုးရတယ်။ နောက်နှစ်တွေမှာ အသစ် Strain ပေါ်တိုင်း ထိုးရတာဖြစ်တဲ့အတွက် နိုင်ငံတော်အနေနဲ့လည်း မတတ်နိုင်ပါဘူး။ နိုင်ငံတော်က ကျန်းမာရေးဝန်ထမ်းတွေအားလုံးကိုတော့ ထိုးပေးပါတယ်။ ဒီနှစ်မှာ ကိုဗစ်ဖြစ်တော့ ရာသီ တုပ်ကွေးကာကွယ်ဆေး လိုအပ်မှုက အရင်နှစ်တွေကထက် နိုင်ငံတကာမှာ ပိုများလာတယ်။ ဒီနှစ်ကြတော့ သယ်ယူပို့ဆောင်ရတာကလည်း အခက်အခဲဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဖြန့်နေကျ Company နှစ်ခုက မြန်မာ FDA approved ဖြစ်တဲ့ဆေးတွေက ကျတော့ ဈေးမတက်ဘူး။ ဈေးကွက်မှာ မြန်မာ FDA approved မဖြစ်တဲ့ မှောင်ခိုဝင်တဲ့ဆေးတွေကျ တော့ ဈေးတက်တယ်။

MGZ – FDA Approved ဆေးတွေကျတော့ အန္တရာယ်ရှိနိုင်လား။

DMMT – WHO က သတ်မှတ်ထားတဲ့ ကာကွယ် ဆေး ၅ မျိုးကို မြန်မာပြည်တင်သွင်းတာတွေက လုံလောက်မှုမရှိတဲ့အတွက် တချို့က ထိုင်းကနေတဆင့် သယ်ပြီးရောင်းကြတယ်။ ဒီဘက်မှာ FDA Approved မဖြစ်ပေမယ့် သူ့တို့နိုင်ငံက FDA တော့ Approved ဖြစ်ပါမယ်။ ဆေးတွေကို စိစစ်ရမှာက Cold Change ကောင်းကောင်းနဲ့ သယ်ပေးဖို့ပဲ။

MGZ – ရာသီတုပ်ကွေးဖြစ်ပွားရင် သူ့ရဲ့နောက်ဆက်တွဲ ရောဂါလက္ခဏာတွေက ဘယ်လိုတွေဖြစ်နိုင်လဲ။

DMMT – အများစုကတော့ သာမန်ဖျားရုံလောက်နဲ့ပဲ ပြီးသွားကြတာများတယ်။ အဲဒီကနေ ပြင်းထန်လာတဲ့သူတွေက အဆုတ်မှာ နမိုးနီးယားဖြစ်လာတယ်ဆိုရင် အသက်ရှူမဝဖြစ်လာ တယ်။ မောလာတယ်။ ကျန်းမာဌာနရဲ့ သတ်မှတ်ချက်တွေအရ ဘယ်အဆင့်ဆိုရင် ဘယ်လိုလုပ်ရတယ်ဆိုတာရှိတယ်။ ဆိုးသွားတယ်ဆိုရင် အဓိက ထိတာက အဆုတ်ပဲ။ ဗိုင်းရပ်စ်အရမ်းပြင်းရင် ဦးနှောက်ကိုထိပြီး တက်တာတွေ၊ သတိလစ်တာ တွေဖြစ်နိုင်တယ်။ ဗိုင်းရပ်စ်က အရမ်းဆိုးလွန်းအားကြီးရင် Organ တွေပါထိနိုင်တယ်။

MGZ – ဒီရာသီတုပ်ကွေးနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဘာများဖြည့်စွက်ပြောချင်ပါသေးလဲရှင့်။

DMMT – လူတွေက အခုဆိုရင် အကြောက်တရား လျော့သွားပြီး Mask မတပ်ကြတာ၊ မှန်မှန်ကန်ကန်မတပ်တာ၊ လက်မဆေးတာတွေ တွေ့ရတယ်။ ပြည်သူတွေက ကိုဗစ်ကိုကြောက်သလို သူနဲ့ဆင်တူတဲ့ ပြင်းထန် ရာသီတုပ်ကွေးကို သတိထားကြပါ။ အခုလတ်တလောဖြစ်နေတဲ့ သွေးလွန်တုပ်ကွေးကိုလည်း သတိထားဖို့ဆိုရင် COVID ရဲ့ ကာကွယ်နည်းတွေအတိုင်း ကာကွယ်ကြပါ။ ဒါတွေကို လိုက်နာမယ်ဆိုရင်တော့ ကိုဗစ်ကိုရော၊ ပြင်းထန်ရာသီ တုပ်ကွေးကိုပါ ကာကွယ်နိုင်မှာပါ။

MGZ – အခုလို အချိန်ပေးတာ ကျေးဇူးတင်ပါတယ်ရှင့်။

LEAVE A REPLY

Please enter your comment!
Please enter your name here