နာဂတွင် တက္ကသိုလ်ဝင်တန်း တစ်ဦးမျှမအောင်သော ကျောင်း ၅ ကျောင်းရှိ

0
3703

နွမ်းနွမ်း
နန်းယွန်း၊ ဩဂုတ်-၉

နာဂဒေသတွင် တက္ကသိုလ်ဝင်စာမေးပွဲ တစ်ဦးမျှအောင်မြင်သူမရှိသော ကျောင်း ၅ ကျောင်းရှိသည်ဟု ဒေသဦးစီးရုံးမှ သိရသည်။

၎င်းတို့မှာ လေရှီးမြိုနယ်မှ ကုံကိုင်လုံ အထကခွဲ၊ ကူးကီး အထကခွဲကျောင်း၊ လဟယ်မြို့နယ်တွင် ထန်ပါခွေ အထကကျောင်း၊ ယမ်းကြုံး အထကခွဲနှင့် ပုံညို အထကခွဲကျောင်းတို့ ဖြစ်သည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နာဂဒေသမှ ကျောင်းသားကျောင်းသူ ၁၀၉၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၈၃ ဦး အောင်မြင်ရာ အောင်ချက်ရာခိုင်နှုန်း ၁၆.၇၁ ရှိ၍ ယခင်နှစ်ထက် ၉ ရာခိုင်နှုန်း တိုးလာကြောင်း ဒေသဦးစီးရုံး ပညာရေးဦးစီး ဦးအောင်သန်းလှိုင်က ပြောသည်။

နာဂဒေသတစ်ခုလုံးတွင် အထကခွဲနှင့် အထကကျောင်း စုစုပေါင်း ၁၃ ကျောင်းရှိသည်။ အောင်မြင်သူ မရှိခဲ့သော လေရှီးမြို့နယ်ရှိ အထကခွဲကျောင်းများတွင် အထက်တန်းပြ ဆရာ၊ဆရာမများ လုံလောက်မှုမရှိကြောင်း လေရှီးမြို့နယ် ပညာရေးမှူး ဦးချစ်ငွေက ပြောသည်။

“ကူးကီးမှာ ဒီနှစ် အထက်တန်းပြ နှစ်​ေယာက်ပဲရှိတယ်။ တစ်ယောက်က မီးဖွားခွင့်သွားလိုက်တော့ အတန်း နှစ်တန်းကို ဆရာတစ်ယောက်တည်း ထားရတယ်။ အထက်အုပ်မရှိဘူး။ အလယ်အုပ်နဲ့ အဓိကတော့ သင်ကြားရေး ဆရာ၊ ဆရာမ မလုံလောက်လို့ပေါ့” ဟု ၎င်းက ပြောသည်။

ကျောင်းခွဲများမှာ မြို့နယ်စာစစ်ဌာနသို့ စာမေးပွဲသွားဖြေရပြီး ထခွဲများ ဖွင့်လှစ်ခြင်းမှာ မကြာသေးဘဲ ကျောင်းသားနှင့်ဆရာအင်အား နည်းကြောင်း သိရသည်။

“ရှုဒေါင့် မျိုးစုံကနေ အားနည်းတယ်။ ဆရာ၊ ဆရာမ အင်အားနည်းတာတွေ ဘာသာပြဆရာတွေ အင်အားနည်းလို့ ထခွဲကျောင်းကိုပစ်ပြီး တခြားကျောင်းတက်ကြတယ်။ ဘာသာတွဲတွေနဲ့ ကိုက်ညီတဲ့ ဆရာ၊ ဆရာမ မရဘူး။ စားဝတ်နေရေး ခက်ခဲတယ်။ ရွာတွေအနေအထားက ညဆို စာကြည့်ဖို့ မီးမရှိတာတွေ ရှိတာပေါ့ ” ဟု နာဂဒေသဦးစီးရုံး လူမှုရေးတာဝန်ခံ လေရှီးမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကာစီရန်းက ပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်မှုမှာ လဟယ်မြို့နယ်တွင် ၂၃ ဦး၊ လေရှီး မြို့နယ်တွင် ၇၀ဦးနှင့် နန်းယွန်းမြို့နယ်တွင် ၉၀ ဦးတို့ အောင်မြင်ကြပြီး အိန္ဒိယနယ်စပ် ဆွမ္မရာမြို့ အထက်တန်းကျောင်းသည် အောင်ချက်အကောင်းဆုံး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here