နာဂအမျိုးသားပါတီ မြို့နယ် ၆ ခုတွင် ရွေးကောက်ပွဲ ဝင်ပြိုင်မည်

0
1133

နွမ်းနွမ်း
နန်းယွန်း၊ ဇူလိုင်-၄

နာဂဒေသတွင် ပါတီသစ်ဖြစ်သော နာဂအမျိုးသားပါတီ (NNP)သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မြို့နယ် ၆ ခု၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ ခန္တီး၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊ နန်းယွန်းတို့နှင့် ကချင်ပြည်နယ် တနိုင်းမြို့နယ်များတွင် ယှဉ်ပြိုင်မည်ဟု ပါတီဗဟိုရုံးမှ ထုတ်ပြန်သည်။

မဲဆန္ဒနယ်များတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် နေရာများအတွက် မဲဆန္ဒနယ် ၁၅ နေရာအထိ ဝင်ပြိုင်မည်ဖြစ်သည်။

NNP အနေဖြင့် ကိုယ်စားလှယ်လောင်းရွေးရာတွင် မြို့နယ်ကို ဗဟိုပြု၍ မိမိမြို့နယ်အကြောင်း နားလည်သူ၊ အမှန်တကယ်ကိုယ်စားပြုသူ၊ မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တို့အား သိနားလည်သူများကို ရွေးချယ်မည်ဟု ပါတီဥက္ကဌ ဦးရူမောင်က ပြောသည်။

“နာဂဒေသမှာ ပညာတတ်နည်းတယ်၊ ပညာတတ်တွေ ပေါအောင် လုပ်ပေးရမယ်၊ နာဂဒေသမှာ အရင်းမြစ်တွေရှိတယ်၊ ပညာရှင်တွေလိုအပ်တယ်၊ လူငယ်တွေ ပညာရေးအခွင့်အလမ်းတွေ၊ အလုပ်ကိုင်အခွင့်လမ်းတွေ လုပ်ပေးမယ်၊ နာဂတွေ ငွေကြေးကြွယ်ဝသူမရှိဘူး၊ ဒါပေမယ့် မြေကြီး ပိုင်တယ်၊ ဒီမြေကြီးနဲ့ စားနပ်ရိက္ခာဖူလုံမှုအတွက် လုပ်ဆောင်မယ်” ဟု ၎င်းက ပြောသည်။

ပါတီသစ်အနေဖြစ် နာဂအမျိုးသားပါတီသည် မိမိယှဉ်ပြိုင်မည် မဲဆန္ဒနယ်တွင် အနိုင်ရရန် မျှော်လင့်ထားသည်ဟု ဆိုသည်။

နာဂအမျိုးသားပါတီသည်၂၀၁၉ စက်တင်ဘာလ ၂၅ ရက်တွင် မှတ်ပုံတင်ရခဲ့ပြီး ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက်တွင် ဗဟိုရုံးချုပ် တည်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here