နိုင်ငံရေးစနစ်နဲ့ ကပ်ဘေး

0
34
Photo - bostonglobe

သက်ဆွေအေး ရေးသည်။

အဓိကကျတဲ့ အကျပ်အတည်းတွေက အရေးပါတဲ့ အကျိုးဆက်တွေရှိလာတတ်ပါတယ်။ ပြီးတော့ ကြိုမြင်နိုင်တာလည်း သိပ်မရှိဘူး။ မဟာစီးပွားပျက်ကပ် (The Great Depression ) ဖြစ်ရပ်ကနေ တစ်ကိုယ်တော်ဝါဒ၊ အမျိုးသားရေးဝါဒ၊ ဖက်ဆစ်ဝါဒနဲ့ ဒုတိယကမ္ဘာစစ်ထိဖြစ်လာခဲ့တဲ့ နောက်ဆက်တွဲ အကျိုးဆက်ဆိုတာတွေ ရှိခဲ့ဖူးပါတယ်။

ဒီကနေ သဘောတူညီအသစ်တစ်ခု ပေါ်ထွက်လာခဲ့သလို ကမ္ဘာ့စူပါပါဝါ အမေရိကန်ဆိုတာလည်း ပေါ်ထွက်လာပါတယ်။ နောက်ဆုံးတော့ ကိုလိုနီစနစ် တိုက်ဖျက်ရေးထိ ဖြစ်လာပါတယ်။

အမေရိကန်မှာ ၉/၁၁ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ကနေ အမေရိကန်ရဲ့ မအောင်မြင်ခဲ့တဲ့ လက်တုံ့ပြန်ဆောင်ရွက်မှုနှစ်ခု ရှိခဲ့ပါတယ်။ ဒီလို အမေရိကန်ရဲ့ မအောင်မြင်မှုကနေ အီရန်ဆိုတာ ထင်ထင်ရှားရှားဖြစ်လာသလို ရယ်ဒီကယ်အစ္စလာမ် ဘာသာရေးပုံစံသစ်လည်း ပေါ်လာပါတယ်။ ၂၀ဝ၈ ခုနှစ် ဘဏ္ဍာရေးအကျပ်တည်းကနေ ကမ္ဘာတဝှမ်းက ခေါင်းဆောင်အပြောင်းအလဲဖြစ်စေတဲ့ လူပြိန်းကြိုက်ဝါဒ ဆန့်ကျင်အုပ်စုဆိုတာလည်း ပေါ်ထွက်လာပါတယ်။ အနာဂတ် သမိုင်းပညာရှင်တွေကလည်း လက်ရှိဖြစ်နေတဲ့ ကိုရိုနာကပ်ဘေးရဲ့ သက်ရောက်မှုကို နှိုင်းယှဉ်သုံးသပ်ခြေရာခံပါလိမ့်မယ်။ ဒီနေရာမှာ စိန်ခေါ်မှုက အချိန်မတိုင်ခင် ကြိုတင်တွက်ဆနိုင်စွမ်းပဲ ဖြစ်ပါလိမ့်မယ်။

ကိုဗစ်ကပ်ဘေးကို တုံ့ပြန်ကြတဲ့ နိုင်ငံတွေရဲ့ ဆောင်ရွက်ချက်တွေက ကောင်းမွန်တာတွေရှိပါတယ်။ ဘာကြောင့် ကောင်းမွန်ရသလဲဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ ဒီနေရာမှာ အုပ်ချုပ်တဲ့အစိုးရစနစ်နဲ့ မဆိုင်တာ တွေ့ရပါတယ်။ တချို့သော ဒီမိုကရေစီနိုင်ငံတွေက ကောင်းကောင်းဆောင်ရွက်နိုင်တာ တွေ့ရသလို တချို့သော ဒီမိုကရေစီနိုင်ငံတွေက ရုပ်ပျက်ဆင်းပျက် ဖြစ်လာတာ တွေ့ရပါတယ်။ အာဏာရှင်နိုင်ငံတွေလည်း ကောင်းတာရှိသလို ဆိုးရွားသွားတာလည်း တွေ့ရပါတယ်။

ကိုဗစ်ကပ်ဘေးကို အောင်အောင်မြင်မြင် တုံ့ပြန်နိုင်တဲ့ တာဝန်ရှိတဲ့အချက်တွေကတော့ ၃ ချက် တွေ့ရပါတယ်။ နိုင်ငံတော်ရဲ့ စွမ်းဆောင်ရည် (state capacity)၊ လူမှုယုံကြည်ချက် (social trust ) နှင့် ခေါင်းဆောင်နိုင်မှုစွမ်းရည် (Leadership) တို့ပဲ ဖြစ်ပါတယ်။ အဲဒီသုံးချက်ဆိုလိုတာကို ပြန်ရှင်း ရရင် (၁) ကျွမ်းကျင်ပိုင်နိုင်တဲ့ နိုင်ငံတော်ရဲ့ ဆောင်ရွက်ချက်၊ (၂) နိုင်ငံတော်အပေါ်ယုံကြည်ပြီး နားထောင်လိုက်နာတတ်တဲ့ ပြည်သူရှိတဲ့ အစိုးရတစ်ရပ်၊ (၃) စွမ်းဆောင်ရည်ပြည့်ဝတဲ့ ခေါင်းဆောင်မှုဆိုပြီး ပြန်ပြောလို့ရနိုင်ပါတယ်။ ဒီအချက်တွေရှိရင် ကိုဗစ်တုံ့ပြန်ရာမှာ လေးစားအထင်ကြီးလောက်စရာ စွမ်းဆောင်နိုင်တာ တွေ့ရပါတယ်။ ထိခိုက်သေကြေပျက်စီးနည်းအောင် လုပ်လာနိုင်ပါတယ်။ အစိုးရဆောင်ရွက်ချက်တွေ မတော်မရော်ဖြစ်နေတဲ့ နိုင်ငံတွေ၊ လူ့အဖွဲ့အစည်းမှာ အစွန်းရောက်အုပ်စု ရှိနေတဲ့နိုင်ငံတွေ၊ နိုင်ငံခေါင်းဆောင်ရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းတာတွေနဲ့ဆိုရင် အခြေအနေတွေဆိုးတာ တွေ့ရပါတယ်။ ဒီအခြေအနေမျိုးကနေ နိုင်ငံသားတွေနဲ့ စီးပွားရေးကို ထိခိုက်ပျက်စီးစေပါတယ်။

ကိုဗစ် ၁၉ ဗိုင်းရပ်စ်အကြောင်း ပိုသိရလေလေ ဒီအခက်အခဲ အကျပ်အတည်းဟာ နှစ်ပေါင်းများစွာ ကြာနိုင်တယ်ဆိုတာ ထင်ရပါတယ်။ ဗိုင်းရပ်စ်က ကြောက်စရာကောင်းပေမယ့် သေဆုံးမှု နည်းပါတယ်။ ဒါပေမဲ့ ကူးစက်လွယ်ပြီး တခါတလေ ရောဂါလက္ခဏာ မပြတာလည်း ဖြစ်နိုင်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်က သေဆုံးမှုမှာ အင်မတန်များပါတယ်။ ဒါပေမယ့် ကူးစက်ခံရဖို့ ခက်ပါတယ်။ ကူးစက်ခံရရင်လည်း သေဆုံးတာ မြန်ပါတယ်။ ကိုဗစ်နဲ့တော့ ဆန့်ကျင်ဘက်လို့ ပြောနိုင်မယ် ထင်ပါတယ်။ အီဘိုလာလောက် လူတွေရဲ့ အလေးအနက်ထားမှုက မရှိသလောက်ပါပဲ။ တစ်ကမ္ဘာလုံးကို ပျံ့နှံ့တယ်၊ သေဆုံးမှု များတယ်ဆိုပေမယ့် နောက်လည်း သိပ်ကြောက်မယ်မထင်ပါဘူး။ ကိုဗစ်အပေါ်မှာ အောင်မြင်စွာ အနိုင်ယူလိုက်နိုင်ပါတယ်ဆိုတဲ့ အစိုးရတွေ ရှိမလာနိုင်ပါဘူး။ နောက်ပြီး စီးပွားရေးတွေကိုလည်း တုံ့ဆိုင်းဆိုင်းနဲ့ တဖြည်းဖြည်းပဲဖွင့်လာကြပါလိမ့်မယ်။ ဒီနေရာမှာ စီးပွားရေးတိုးဖွင့်လာလေ နောက်ဆက်တွဲလှိုင်းအနေနဲ့ ကူးစက်မှုအသစ်တွေ ပိုဖြစ်လာပါလိမ့်မယ်။ ဂရပ်မျဉ်းနဲ့ပြတဲ့အခါ အင်္ဂလိပ်အက္ခရာ V ပုံစံနာလန်ထလာတယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာ အလွန်အမင်း အကောင်းမြင်ရာ ရောက်တယ်လို့ ဆိုရပါမယ်။ ဂရပ်နဲ့ ပြတဲ့အခါ တကယ်ဖြစ်လာနိုင်တာကတော့ W ပေါင်းများစွာ စဉ်ကာ ဆက်ကာ ဖြစ်လာတာမျိုးပါ။ ကမ္ဘာ့စီးပွားရေးကလည်း ကိုဗစ်မတိုင်ခင်အခြေအနေကို မြန်မြန်ပြန်ရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

စီးပွားရေးအရတော့ သာမန်ထက်ပိုကြာတဲ့ အကျပ်အတည်းကနေ စီပွားရေးလုပ်ငန်းတွေ ပိုမိုကျရှုံးလာမယ်။ ရှော့ပင်းမောလ်လိုဆိုင်တွေ၊ လက်လီဆိုင်တွေ၊ ခရီးသွားလုပ်ငန်းလို လုပ်ငန်းတွေ ပျက်သုဉ်းသွားနိုင်တယ်လို့ ဆိုလိုပါတယ်။ အမေရိကန်စီးပွားရေးမှာ ပါဝင်နေတဲ့ ကုမ္ပဏီတွေရဲ့ ပါဝင်မှုအဆင့်က ဆယ်စုနှစ်များစွာအတွင်း တဖြည်းဖြည်းတက်နေပါတယ်။ ဒီအချိန်မှာ ကပ်ဘေးကနေ တွန်းပို့သလိုဖြစ်သွားတဲ့အတွက် ထပ်များသွားနိုင်ပါတယ်။ ဒီကပ်ဘေးကို ပိုက်ဆံများများရှိတဲ့ ကုမ္ပဏီတွေကသာ ကျော်လွှားသွားနိုင်ပါလိမ့်မယ်။ ဒီနေရာမှာ နည်းပညာကုမ္ပဏီကြီးတွေကတော့ အကျိုးအရှိဆုံး ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကိုဗစ်ကာလအတွင်း လူတိုင်း နည်းပညာဆက်နွယ်မှုနဲ့ မကင်းကြလို့ သူတို့က ပိုအရေးပါလာတဲ့ သဘောပါ။

နိုင်ငံရေးအကျိုးဆက်တွေကလည်း ပိုမို သိသာလာနိုင်ပါတယ်။ အများအတွက် လူအများစုက မိမိကိုယ်တိုင်စွန့်လွှတ်ပေးဆပ်လာတဲ့ သူရဲကောင်းဆန်တဲ့ အပြုအမူတွေ လူထုကြား ခဏတော့ လုပ်လာတာ တွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ ရေရှည်လုပ်လာတာ မဟုတ်နိုင်ပါဘူး။ ကပ်ဘေးကနေ တရွေ့ရွေ့နဲ့ ဖြစ်လာနေတဲ့ လူပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်တာ၊ တာရှည်စီးပွားပျက်ကပ်ဖြစ်လာတာ၊ အရင်က မကြုံဖူးတဲ့ အကြွေးဝန် ပိလာတာတို့ကနေပြီး လူ့အဖွဲ့စည်းမှာ တင်းမာမှုတွေ မလွဲမရှောင်သာ ဖြစ်လာစေနိုင်ပြီး ဒီကနေ နိုင်ငံရေးမှာ ဆိုးရွားတဲ့တုံ့ပြန်မှုတွေ ဖြစ်လာနိုင်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ အာဏာဖြန့်ဝေမှုကတော့ အရှေ့ကိုပဲ ဦးတည်သွားတာဖြစ်နိုင်ပါတယ်။ ဒါကလည်း ကိုဗစ်နဲ့ပတ်သက်ပြီး အရှေ့အာရှစီမံပုံက အနောက်(ဥရောပ၊ အမေရိကန်) တို့ထက် သာနေလို့ပါပဲ။ ရောဂါကပ်ဘေးကို တရုတ်နိုင်ငံက စတင်ခဲ့တာ၊ တရုတ်အစိုးရက ဖုံးဖိထားတာ၊ တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားစေတာရှိပေမယ့် တရုတ်နိုင်ငံဟာ ဒီရောဂါကပ်ဘေးကြီးကနေ အမြတ်ထွက်သွားပါလိမ့်မယ်။ အနည်းဆုံးတော့ တရုတ် အစိုးရဟာ အခြေအနေကို ပြန်ထိန်းထားနိုင်ခဲ့ပြီး စိန်ခေါ်မှုအသစ်တွေဆီကို ဆက်လက်ချီတက်နေ တာပါ။ တစ်ဖက်ကလည်း စီးပွားရေးကို မြန်မြန်လမ်းကြောင်းပေါ် ပြန်ရောက်လာဖို့နဲ့ ရေရှည် ထိန်းထားနိုင်ဖို့ ဆောင်ရွက်နေတာပါ။

ဒီနေရာမှာ အမေရိကန်ကတော့ ဆန့်ကျင် ဘက်လို့ ပြောရပါမယ်။ ကိုဗစ်ကပ်ဘေးကို တုံ့ပြန်ပုံဟာ ဆိုးဆိုးရွားရွားဖြစ်နေသလို နိုင်ငံ့ သိက္ခာလည်း အင်မတန်ကျဆင်းလာပါတယ်။ အမေရိကန်ဟာ အစိုးရစွမ်းဆောင်ရည် ကောင်းကောင်းရှိသလို ကပ်ဘေးစီမံခန့်ခွဲမှုမှာလည်း လေးစားလောက်စရာ သမိုင်းအတွေ့အကြုံတွေ ရှိနေပေမယ့် လက်ရှိမှာလူ့အဖွဲ့အစည်းဟာ အကွဲကွဲ ဖြစ်နေပါတယ်။ စွမ်းဆောင်ရည်မပြည်၀တဲ့ ခေါငး်ဆောင်က နိုင်ငံတော်လည်ပတ်ရမယ့် ယန္တရားတွေကို ကောင်းကောင်းမလည်ပတ်နိုင်အောင် ပိတ်ဆို့နေသူဖြစ်နေပါတယ်။ သမ္မတကြီးကိုယ်တိုင်ကလည်း ညီညွတ်ရေးကို မြှင့်တင်ပေးရမယ့်အစား အကွဲကွဲဖြစ်ရေးကို ပိုသဘောကျနှစ်သက်သူပါ။ သူဟာ အကူညီရန်ပုံငွေပေးတာကိုလည်း နိုင်ငံရေး အမြတ်ထုတ်သလို အရေးကြီးတဲ့ဆုံးဖြတ်ချက်အတွက် မြို့တော်ဝန်တွေကို တာဝန်ယူခိုင်းနေပါတယ်။ နောက်တစ်ချက်က နိုင်ငံတကာ အင်စတီကျူးရှင်းတွေရဲ့ တုံ့ပြန့်မှုကိုမစောင့်ဘဲ တိုက်ခိုက်တာမျိုးတွေပါ။ တစ်ကမ္ဘာလုံးက ကိုဗစ်ကပ်ဘေး အပေါ် ရုပ်မြင်သံကြားကနေကြည့်ပြီး တရုတ်နိုင်ငံရဲ့ မြန်ဆန်တဲ့ ဆောင်ရွက်ချက်တွေနဲ့ အံ့အားသင့် နှိုင်းယှဉ်ကြည့်လာကြပါတယ်။

ရှေ့လာမယ့်နှစ်တွေမှာလည်း ကိုဗစ်နဲ့ဆက် စပ်ပြီး အမေရိကန်ဟာ အကျဘက်ရောက်သွားပါလိမ့်မယ်။ လစ်ဘရယ်နိုင်ငံတကာအစီစဉ် ပျက်စီးလာတာ ဆက်ဖြစ်နေမယ်။ ကမ္ဘာတဝှမ်းမှာ ဖက်ဆစ်ဝါဒ ပြန်လည်ခေါင်းထောင်လာနိုင်ပါတယ်။ ဒါပေမဲ့ လစ်ဘရယ်ဒီမိုကရေစီ အသစ်တဖန်ပြန်လည်မွေးဖွားလာတာလည်း ဖြစ်လာနိုင်ပါတယ်။ ဒီလစ်ဘရယ်စနစ်မှာလည်း သံသယဝါဒီတွေကို မမျှော်လင့်တဲ့ အရှုပ်အထွေးအကြိမ်များစွာ ဖြစ်စေခဲ့ပါတယ်။ ပြန်လည်မွေးဖွားလာမယ့် လစ်ဘရယ်စနစ်မှာ အခက်အခဲအကျပ်တည်းက သင်ခန်းစာယူပြီး ကောင်းသွားနိုင်တဲ့ အသစ်မွေးဖွားလာနိုင်တဲ့ သိသာထင်ရှားတဲ့ ပါဝါတွေ ရှိနိုင်ပါတယ်။ လစ်ဘရယ်စနစ် ပြန်လည်မွေးဖွား ပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့အမြင်နဲ့ ဖက်ဆစ်စနစ် ခေါင်းထောင်လာနိုင်တယ်ဆိုတဲ့အမြင် နှစ်ခုစလုံးဟာ ထောင့်အသီးသီးက ပေါ်ထွက်လာနိုင်ပါတယ်။ ကံမကောင်းဘူး ပြောရမလားပါဘဲ။ လက်ရှိသွားနေတဲ့လမ်းကြောင်းကို သိသိသာသာ မပြောင်းလဲနိုင်ဘူးဆိုရင် ယေဘုယျခန့်မှန်းရရင် တော့ မှုန်ဝါးဝါးနဲ့ ကောင်းလာမယ်မထင်ပါဘူး။

Ref: the pandemic and political order by Francis Fukuyama –July ,2020 foreign affair.

LEAVE A REPLY

Please enter your comment!
Please enter your name here