ပင်လည်ဘူးတွင် ဘိန်းဖြူဆပ်ပြာခွက် နှစ်ထောင်ကျော်နှင့် စိတ်ကြွဆေးပြား ကိုးသောင်းနီးပါး ဖမ်းမိ

0
3986

မောင်စိန်ချို
ပင်လည်ဘူး၊ ဩဂုတ်-၆

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ ပင်လည်ဘူး-ဖောင်းပြင်သွားလမ်းတွင် ကားတစ်စီးပေါ်မှ ဘိန်းဖြူဆပ်ပြာခွက် နှစ်ထောင်ကျော်နှင့် စိတ်ကြွဆေးပြား ကိုးသောင်းနီးပါး ဖမ်းဆီးရမိကြောင်း ပင်လည်ဘူး မြို့မရဲစခန်းမှ သိရသည်။

ကသာခရိုင် အထူးမူးယစ်တပ်ဖွဲ့စု (၆)နှင့် ပင်လည်ဘူးမြို့နယ်ရဲတပ်ဖွဲ့၊ မိုးသောက်ကြယ်(မူး/တား)အဖွဲ့တို့ ပူးပေါင်း၍ ဝါးဘိုးချောင်းရွာ အနောက်ဘက် ပင်လည်ဘူး-ဖောင်းပြင်သွားလမ်း ရေဝေတောင်ထိပ်တွင် ဖမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ည ၈ နာရီချိန်ခန့်က ပင်လည်ဘူးမှ ဖောင်း​ပြင်မြို့ဘက်သို့ မောင်းနှင်လာသော အဖြူရောင် VIGO အမျိုးအစား ကားတစ်စီးအား ရပ်တန့်ရှာဖွေခဲ့ရာ ၄င်းကားတွင် မူးယစ်ဆေးဝါးများ မတွေ့ရှိခဲ့သော်လည်း မိနစ်ပိုင်းအတွင်း နောက်မှလိုက်ပါမောင်းနှင်လာသော HINOကား ကြမ်းခင်းအံဝှက်အတွင်း ဝှက်သယ်လာသော မူးယစ်ဆေးများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဖမ်းမိမှုတွင် ဘိန်းဖြူဟုယူဆရသော မူးယစ်ဆေးဝါး (၁၀)ဂရမ်စီပါ ဆပ်ပြာခွက်(၂၃၉၈) ခွက် အလေးချိန် ၂၃.၉၈ ကီလိုဂရမ်နှင့် WYစာတန်းပါဆေးပြား(၈၇၇၅၀)ပြား ဖြစ်သည်။

“ပထမကားတစ်စီးမှာ မူးယစ်ဆေးတွေ မတွေ့ပေမယ့် လူမျိုးပုံစံတွေက ဒီဘက်က လူတွေလို မဟုတ်ဘူးလေ။ အကြောင်းကိစ္စ အခိုင်မာမရှိဘဲတော့ သူတို့မလာလောက်ဘူးဆိုပြီး နောက်က မောင်းလာတဲ့ကားကိုပါ စစ်ဆေးရတာ။ ကားကြမ်းခင်းကြီးက နှစ်ထပ်လုပ်ထားတယ်ဆိုတာ သိသာနေတာ”ဟု လိုက်ပါဖမ်းဆီးခဲ့သူ မိုးသောက်ကြယ်(မူး/တား)ခေါင်းဆောင် ဦးခင်ဇော်ဝင်းက ပြောသည်။

ဖမ်းမိသော မူးယစ်ဆေးများ၏တန်ဖိုးမှာ ကျပ်သိန်းပေါင်း နှစ်သောင်းရှစ်ထောင်နီးပါးရှိနိုင်ကြောင်း ဖမ်းဆီးရေးအဖွဲ့တွင် ပါဝင်သူထံမှ သိရသည်။

ဖမ်းမိသူများတွင် ရှမ်းတရုတ်လူမျိုးများ ပါဝင်ပြီး ရှမ်းပြည်နယ် တာမိုးညဲမြို့နယ်နေသူ သုံးဦး၊ ပြင်ဦးလွင်မြို့နယ်မှ တစ်ဦးနှင့် ဝန်းသိုမြို့နယ်မှ အမျိုးသမီးတစ်ဦး တို့ဖြစ်သည်။

ဖမ်းမိသော ကားနှစ်စီးနှင့် လူငါးဦးအား ပင်လည်ဘူးမြို့မရဲစခန်းတွင် မယ(ပ)၁၆၃/၂၀ မူး/စိတ်ပုဒ်မ ၁၉(က)၂၁ တို့ဖြင့် အမှုဖွင့်ထားသည်။

ဓာတ်ပုံ-မျိုးလွင်

LEAVE A REPLY

Please enter your comment!
Please enter your name here