ပုလဲ မြကုန်းရွာတွင် ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး ဆေးရုံရောက်

0
195

ကိုသစ္စာ
မုံရွာ၊ဇူလိုင်-၇

ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ပုလဲမြို့နယ် မြကုန်းရွာတွင် ယနေ့နံနက် ၇ နာရီက စစ်ဆေးရေးဂိတ်တည်ဆောက်ရန် မြေနေရာသတ်မှတ်စဉ် ရဲတပ်ဖွဲ့နှင့် ဒေသခံများ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူစုခွဲရန် ပစ်ခတ်ရာမှ ဒေသခံနှစ်ဦး ရာဘာကျည် ထိမှန်၍ ဆေးရုံရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ရွာဥပစာတွင် ကျေးရွာပိုင် သစ်ပင်များကို ရှင်းလင်း၍ စစ်ဆေးရေးဂိတ်ဆောက်ရန် ရဲတပ်ဖွဲ့၏ စီစဉ်မှုကို ဒေသခံများက လက်မခံဘဲ တားမြစ်ရာမှ ပစ်ခတ်မှု ဖြစ်ခဲ့ခြင်းဖြစ်သည်။

ရဲအင်အား ၈၀ ခန့်က မြေနေရာသတ်မှတ်ရန် လာရောက်စဉ် ဒေသခံ ၂၀၀ ကျော်မှ တားမြစ်ရာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်းသည်ဟု ဒေသခံများကပြောသည်။

“တစ်ယောက်က ခြောက်ချက်၊ တစ်ယောက်က နှစ်ချက် ထိတယ်၊ ပုလဲဆေးရုံ ပို့ထားတယ် “ဟု ရွာခံ ကိုဇော်မျိုးကပြောသည်။

ယင်းအပြင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး လေးဦးတို့လည်း ဖမ်းဆီးခံထားရပြီး လက်ရှိအချိန်ထိ တင်းမာနေဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။

၎င်းနေရာသည် တရားမဝင်သစ်သယ်ဆောင်ရာ လမ်းကြောင်းဖြစ်ခြင်း၊ မူးယစ်ဆေးနှင့် အိန္ဒိယမှ တရားမဝင်ကုန်စည်များကို ပိတ်ဆို့စစ်ဆေးနိုင်ရန် ဗျူဟာကျသော နေရာဖြစ်ခြင်းကြောင့် စစ်ဆေးရေးဂိတ်ဆောက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က ပြောကြားထားသည်။

ဒေသခံများကမူ ၁၉၈၂ ခုနှစ် ကတည်းက မိမိတို့ စိုက်ပျိုးခဲ့သော ကျေးရွာပိုင်စိုက်ခင်းဖြစ်၍ သစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်းကို လက်မခံဘဲ တားမြစ်နေသည်မှာ နှစ်ပတ်နီးပါး ကြာပြီဖြစ်သည်။

ပစ်ခတ်နှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ထံ ဆက်သွယ်ရန်ကြိုးစားသော်လည်း လတ်တလောအထိ အဆက်အသွယ် မရသေးပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here