ဖျက်ဆီးလိုက်သော အမှတ်သညာများ၊ မျက်နှာဖုံးတပ် ဆွေးနွေးပြောဆိုမှုများ

0
36

အောင်သူငြိမ်း ရေးသည်။

ရုပ်ထုတွေက အတိတ်ကာလရဲ့ ကောင်းသတင်းဂုဏ်ပုဒ်နဲ့ ရှက်စရာတွေ၊ အမှတ်သညာတွေကို ကိုယ်စားပြုပါတယ်။ ယူနိုက်တက်ကင်းဒမ်းက ဘရစ်စတိုဒေသမှာ တချိန်တုန်းက ကျွန်ရောင်းဝယ်သူ ကုန်သည်၊ နောက်ပိုင်းတော့ အလှူပေးဒါနပြုသူ အက်ဒ်ဝပ် ကော်လ်စတွန် Edward Colston (၁၆၃၆-၁၇၂၁)ရဲ့ ရုပ်ထုကို ဖြိုချခဲ့ကြပါတယ်။ အမေရိကန်မှာ ဆန္ဒပြသူတွေကလည်း ကျွန်စနစ်နဲ့ စွန်းထင်းနေတဲ့ ပြည်တွင်းစစ်ကာလက ရုပ်ထုတွေကို ဖြိုချခဲ့ကြပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ကတော့ ဒီရုပ်ထုများကို ထိန်းသိမ်းထားချင်ပါတယ်။ ဖျက်ဆီးပစ်တာမျိုး မလိုလားပါဘူး။

ဘယ်သူကမှန်ပါသလဲ။

သမိုင်းမှာတော့ ရုပ်ထုတွေမှာ အတိတ်ကာလက ထွန်းပြောင်ဂုဏ်ဆောင်ခဲ့တာတွေ များပြီးတော့ ဆိုးရွားစွာ ဆုံးရှုံးခဲ့ရတဲ့ အမှတ်သညာမျိုးတော့ နည်းပါတယ်။ အဆိုးဆုံး ဆုံးရှုံးခဲ့မှုကတော့ ဗြိတိသျှစစ်တပ်တွေရဲ့ ၁၈၄၂ ခုနှစ် “ခိုင်ဘာ တောင်ကြား”မှာ ဆုံးရှုံးမှုအဖြစ် အမှတ်ရနေကြပါတယ်။ ဗြိတိသျှတပ်တွေ အာဖဂန်နစ္စတန်က ဆုတ်လာကြတော့ တိုက်ခိုက်ခံရပြီး စစ်သားနဲ့အရပ်သား ၁၆၀ဝ၀ ကျဆုံးခဲ့ရပါတယ်။ လူတစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ပါတယ်။ ဒီနေ့တိုင်ပဲ ခိုင်ဘာတောင်ကြား ဆုံးရှုံးရမှုကို “နောက်ပြန်ဆုတ်မယ့် မဟာဗျူဟာ (Exit strategy) မရှိမှုအဖြစ် သင်္ကတပြု ပြောဆိုနေကြရပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ရုရှားတွေရော၊ အမေရိကန်တွေပါ အာဖဂန်နစ္စတန်မှာ ဒီလိုအရှုံးမျိုး ကြုံတွေ့ခဲ့ကြရပါတယ်။

နာမည်ကျော် ဂုဏ်သိက္ခာရှိတဲ့ မဂ္ဂဇင်းတစောင်ဖြစ်တဲ့ “နိုင်ငံခြားရေးရ” Foreign Affairs ကတော့ ၂၀၁၈ ဇန်နဝါရီ။ ဖေဖော်ဝါရီထုတ် တစောင်လုံးမှာ နိုင်ငံတွေက သူတို့ရဲ့ အတိတ်က ရက်စက်ကြမ်းကြုတ်မှုကို ဘယ်လိုဆုပ်ကိုင် အမှတ်ရပါသလဲလို့ ဆွေးနွေးထားပါတယ်။ ပြတိုက်တွေ၊ လူအများ ပညာပေးလုပ်ငန်းတွေကတော့ ဒီလို ဖြစ်ရပ်မျိုး ဘာကြောင့် ဖြစ်လာရတယ်ဆိုတာ ကျိုးကြောင်းရှင်းပြပါတယ်။ အခု လူမှုအဖွဲ့အစည်းက ဒီပြဿနာကို ဘယ်လိုရင်ဆိုင်ကြမယ်ဆိုတာမျိုး ဆွေးနွေးကြပါတယ်။ သတိရခြင်းတွေက နာကျင်စရာကောင်းလှပါတယ်။ ဆွေးနွေးပြောဆိုမှုတွေက ခက်ခဲပါတယ်။ တယောက်နဲ့တယောက် အပြစ်ဖို့နေကြရင် ကွဲပြားမှုက ပိုနက်ရှိုင်းနိုင်ပါတယ်။

လူတိုင်းလူတိုင်း၊ မိသားစုတိုင်း၊ နိုင်ငံတိုင်းမှာ အမှားတွေ၊ ဝမ်းနည်းစရာတွေ၊ မကောင်းကျော်စောသတင်းတွေ ရှိတတ်ကြပြီး မေ့ပစ်ထားချင်ကြပါတယ်။ ဒီလို အတိတ်တွေကို သူတို့နည်းဟန်နဲ့ ဖြေရှင်းကြပါတယ်။ တချို့က မေ့ပစ်ကြတယ်။ တချို့က ရှက်စရာကိစ္စတွေကို ဖုံးကွယ်ထားကြပါတယ်။ လူအနည်းစုကတော့ သူတို့အတိတ်ကာလက ပြစ်မှုတွေကို ကောင်းကျိုးအလုပ်လုပ်တာတွေ၊ အလှူဒါနပေးတာတွေနဲ့ ဆောင်ရွက်ဖြေရှင်းကြပါတယ်။ ပိုပြီးစမတ်ကျတဲ့ သူတွေကတော့ ကြော်ငြာ PR ကုမ္ပဏီတွေ ငှားပြီးတော့ ကြည့်ကောင်းအောင် လုပ်ကြပါတယ်။ ဒါပေမယ့် အမှတ်ရစရာတွေ၊ ဒီနေ့လက်ငင်းကာလ ကျွန်တော်တို့ ကြည့်နေရတဲ့ သမိုင်းတွေကတော့ များမြောင်ရှုပ်ထွေးလှပါတယ်။

ဒီနေ့ကာလမှာ အရေအတွက် သန်း ၈၀ဝ၀ ကျော်ရှိမယ့် စမတ်ဖုန်း၊ ကင်မရာတွေက အချိန်နဲ့တပြေးညီ ဖြစ်ပျက်သမျှကို မှတ်တမ်းတင်နေကြပါတယ်။ ရှုပ်ထွေးပွေလီတဲ့ ဖြစ်ရပ်တွေကို လျှော့ချလွယ်ကူစေဖို့၊ ဖြစ်ပျက်နေတဲ့ လားရာတွေကို တွိဒ်ရေးသားကြလို့၊ လူတွေ “မှတ်မှတ်သားသား ပြောကြားချက်”ဆောင်းဘိုက် (soundbites) တွေနဲ့ အဖြူနဲ့အမဲ (အမှားနဲ့အမှန်၊ လူသူတော်စင်နဲ့ မိစ္ဆာ) ခပ်လွယ်လွယ်ပဲ ပုံဖော်နေကြပါတယ်။ ကျွန်တော်တို့နေထိုင်တည်ရှိနေတဲ့ အရှုပ်အထွေးတွေကို အဖြေထုတ်ပေးရမယ့်အစား တစိတ်တပိုင်း ဘာသာရေးဆန်ဆန် စိတ်ခံစားမှုတွေနဲ့ ပုံဖော်နေကြတယ်။ ကျိုးကြောင်းဆီလျော် စဉ်းစားရမယ့်ကိစ္စတွေကို မလုပ်ဘဲနေကြပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့မကြိုက်တာတွေကို ဖျက်ဆီး၊ ဒီလိုလုပ်ပြီး၊ တစုံတယောက်ကို အပြစ်ဖို့လိုက်တော့တာ ပါပဲ။

ဒီလိုခံစားမှုတွေကို အထူးသဖြင့် အခုလို ကူးစက်ကပ်ရောဂါကာလမှာ နားလည်ပေးနိုင်ပါတယ်။ New York Times သတင်းစာက ဆောင်းပါးရှင် ဒေးဗစ်ဘရုခ်စ် (David Brooks) ကတော့ အမေရိကဟာ အမြင့်ဆုံး အကျပ်အတည်း ၅ ခုကို တစ်ပြိုင်တည်းမှာ ဖြတ်သန်းနေရတယ်လို့ ဖော်ထုတ်ရေးထားခဲ့ပါတယ်။ အဲဒါတွေကတော့ ကူးစက်ကပ်ရောဂါကို အတွေ့အကြုံမရှိဘဲ ဖြတ်သန်းနေရခြင်း၊ လူမျိုးရေးဝါဒကို ရင်ဆိုင်နေရခြင်း၊ နိုင်ငံရေးအရ အစွန်းနှစ်ဖက်ကွဲပြားမှု ပိုကြီးလာခြင်း၊ တစိတ်တပိုင်း ဘာသာရေးဆန်ဆန် ရုန်းကန်နေမှုနဲ့ စီးပွားပျက်ကပ်တို့ ဖြစ်ကြပါတယ်။ ပစိဖိတ်သမုဒ္ဒရာရဲ့ တဖက်ကမ်း ဟိုမှာဘက်အမေရိကန်မှာတော့ ကြည့်ရတာ အမေရိကန်ကတော့ သူ့နည်းသူ့ဟန်နဲ့ “ယဉ်ကျေးမှုတော်လှန်ရေး”ကို ဆောင်ရွက်နေပုံရပါတယ်။ အကြီးအကျယ် ပြောင်းလဲနေမှု အချိန်ကာလမှာ လူမှုအသိုက်အဝန်းတိုင်းက စိတ်ပိုင်း၊ ကိုယ်ကျင့်ပိုင်းဆိုင်ရာ ထွက်ပေါက်ကို ရှာဖွေနေကြပုံပါပဲ။

၁၉၉၇ ဇူလိုင်လက စတင်ပြီး၊ ဟောင်ကောင်ကလညး် နာကျင်စရာယဉ်ကျေးမှုတော်လှန်ရေးကို ဖြတ်သန်းနေခဲ့ပါတယ်။ တနိုင်ငံ စနစ်နှစ်မျိုး ဖီလော်ဆော်ဖီအောက်မှာ ကိုလိုနီအတိတ်ကာလက ရုပ်ထုတွေ၊ လမ်းနာမည်တွေကို ပြောင်းလဲစရာ မလိုအပ်ပါဘူး။ ဒါပေမယ့် ဟောင်ကောင်လူထုတွေနဲ့ အနောက်ကမ္ဘာက ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ သေနတ်ပြောင်းဝမှာ နယ်မြေတခုအဖြစ် အတင်းအကျပ် သွပ်သွင်းခံလိုက်ရတယ်ဆိုတာ မေ့နေကြပါပြီ။

ဟောင်ကောင်လူထုတွေ ဖတ်လို၊ ထိန်းသိမ်းလိုကြတဲ့ ကိုလိုနီသမိုင်းမှာတော့ တရုတ်နိုင်ငံဆိုတာ အဂတိလိုက်စားမှုတွေ ပြည့်နေတယ်။ မိစ္ဆာ ဖိနှိပ်တယ်ဆိုတာမျိုး၊ ဗြိတိန်က ဟောင်ကောင်ကို ဒီမိုကရေစီအကြောင်းကြောင့် သိမ်းပိုက်ခဲ့ရတယ်ဆိုတာမျိုး ဖော်ပြထားပါတယ်။

ဒီနေ့ကာလမှာ ဗြိတိန်ကိုယ်တိုင်က အရင်ကျွန်ပြု၊ ကျွန်ရောင်းဝယ်ခဲ့တဲ့ သမိုင်းတွေနဲ့ ခြောက်လှန့်ခံနေရပါတယ်။ သြစတြေးလျက အဘိုရီးဂျင်း ဌာနေလူမျိုးတွေ၊ နယူးဇီလန်က မော်ရီဌာနေတိုင်းရင်းသားတွေနဲ့ ကနေဒါက ဌာနေအမေရိကန်တိုင်းရင်းသားတွေ ကိစ္စကလည်း ကိုလိုနီခေတ်ကာလလွန် မတရားမမျှတမှုတွေ ပြသနေပါတယ်။ ထိပ်သီးရေပေါ်ဆီခေါင်းဆောင်တွေက နှစ်များစွာမေ့လျော့နေခဲ့ကြတဲ့ ကြီးမားတဲ့ လူမှုရေး ပြဿနာတွေပါ။

အမေရိကန်ပြည်ထောင်စုကိုယ်၌က အကျဉ်းထောင်တွေထဲမှာ လူအများဆုံး ထိန်းသိမ်းထားတဲ့ ကာလမှာ ကျန်နေရာတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်လိုဘယ်ပုံ ပြစ်တင်ရှုတ်ချနိုင်မှာပါလဲ။ ဒီထောင်တွေထဲ အများဆုံးရှိနေကြတာက အာဖရိကန် အမေရိကန် (လူမဲ) တွေနဲ့ ဟစ်စပန်နစ် အနွယ်တွေဖြစ်ပါတယ်။ ကျင့်ဝတ်ရေးရာအရ တဖက်သားကို ဆုံးဖြတ်မှတ်ချက်ချဖို့ဆိုတာက ကျနော်တို့ကိုယ်တိုင်မှာလည်း အပြစ် သိပ်ကင်းကြတာတော့ မဟုတ်ပါဘူး။

တနည်းဆိုရရင် တချိန်က ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာအပေါ် ခင်ဗျားရဲ့ အမှတ်သညာက ကျွန်တော်ရဲ့ အမှတ်သညာနဲ့ သိပ်ကွာခြားရင် ဘယ်လိုဖြစ်မှာပါလဲ။ ကျွန်တော်တို့ တယောက်နဲ့တယောက် ဘယ်လိုဘယ်ပုံ ဆက်သွယ်ပြောဆိုကြမှာပါလဲ။ အကယ်၍ ကျွန်တော်က ခင်ဗျားအတွက် အရေးကြီးလှပါတယ်လို့ သတ်မှတ်ထားတဲ့ ရုပ်ထုကို ဖျက်ပစ်ခဲ့ရင်၊ ခင်ဗျားကို ကိုယ်စားပြုထားတယ်၊ ခင်ဗျားရဲ့ တန်ဖိုးထားမှု၊ အဓိပ္ပာယ်တွေကို ဖျက်ဆီးပစ်ခဲ့ရင်၊ ဘယ်သူက မှန်တယ်လို့ ဆုံးဖြတ်မှာပါလဲ။

ဒီလို လူမှုရေးအရ ကွဲပြားနေမှု နောက်ကွယ်က အကြောင်းတခုက နှာခေါင်းစည်း၊ မျက်နှာဖုံး သုံးသင့်၊ မသုံးသင့် အငြင်းအခုန်ဖြစ်နေကြတာပါပဲ။

အရှေ့အာရှမှာတော့ ကူးစက်ရောဂါဘေးကာလမှာ နှာခေါင်းစည်းတပ်ဖို့က ယဉ်ကျေးမှု ပိုင်းဆိုင်ရာအရ အငြင်းပွားမှုနည်းပြီး၊ လက်ခံကြပါတယ်။ အမှန်ပါပဲ။ အရှေ့အာရှမှာ လူတွေက ကိုယ့်အသိနဲ့ကိုယ် နှာခေါင်းစည်း ဝတ်ဆင်ကြပြီး၊ ကူးစက်ရောဂါကပ်ဘေးကို ရှောင်ရှားနိုင်ကြပါတယ်။

“ကူးစက်ကပ်ရောဂါကို အတွေ့အကြုံမရှိဘဲ
ဖြတ်သန်းနေရခြင်း၊ လူမျိုးရေးဝါဒကို
ရင်ဆိုင်နေရခြင်း၊ နိုင်ငံရေးအရ
အစွန်းနှစ်ဖက်ကွဲပြားမှု
ပိုကြီးလာခြင်း၊ တစိတ်တပိုင်း
ဘာသာရေးဆန်ဆန် ရုန်းကန်နေမှုနဲ့
စီးပွားပျက်ကပ်တို့ ဖြစ်ကြပါတယ်။”

ကိုယ့်ကိုယ်ကိုယ်ရော၊ သူများကိုပါ ကာကွယ်နိုင်တဲ့ ကောင်းကျိုးကို နားလည်သဘောပေါက်ထားကြပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုမှာကျတော့ နှာခေါင်းစည်းဝတ်ဆင်ဖို့ မလိုလား ငြင်းပယ်ကြပါတယ်။ သမ္မတထရမ့်ကစလို့ လူတဦးချင်းရဲ့ အတ္တမာန (ego) နဲ့ အခွင့်အရေးကို ထိခိုက်စေတယ်လို့ မြင်တယ်။ လူတဦးချင်းရဲ့ လွတ်လပ်ခွင့်ကို နိုင်ငံတော်က ဝင်ရောက်စွက်ဖက်တယ်လို့ မြင်ကြပါတယ်။

ကူးစက်ကပ်ဘေးနဲ့ စီးပွားရေးအရ ခြေချုပ်ချ လော့ခ်ဒေါင်း (economic lockdown) လုပ်တာတွေက အခုပဋိပက္ခကို လူတဦးချင်းဆိုင်ရာ ကောင်းကျိုး individual “good” နဲ့ အခွင့်အရေးပေးခြင်းအားဖြင့် လူအများ ဘေးအန္တရာယ်ဖြစ်စေတယ် မြင်လို့ ထိန်းသိမ်းကြတာ ဖြစ်ပါတယ်။

လူတဦးချင်းရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေက အခြားသူတွေ ထိခိုက်နစ်နာရစေဖို့ မဖြစ်စေသင့်ပါဘူး။ New York Times သတင်းစာက ဆောင်းပါးရှင် နီကိုလပ်စ် ခရစ္စတော့ဖ် (Nicholas Kristof) ပြောသလို “နှာခေါင်းစည်း ဝတ်ဆင်ဖို့ ငြင်းဆန်တာက မူးနေပြီး ကားမောင်းသလိုပါပဲ” တဲ့။

“ရမ်းကားတဲ့၊ ကိုယ်ကျိုးမကြည့်တဲ့ အမူအကျင့်ကြောင့် စီးပွားရေးကို ထိခိုက်စေပြီး၊ အပြစ်မဲ့တဲ့ လူတွေကိုလည်း သေစေနိုင်၊ အန္တရာယ်ရှိစေနိုင်ပါတယ်”လို့ ရေးပါတယ်။ ခင်ဗျားက စီးပွားရေး အပေါ်ရော၊ ဘဝတွေအပေါ်ရော တစ်ပြိုင်တည်းနဲ့ ထိခိုက်စေမှာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ နှင့် တသီးပုဂ္ဂလဝါဒ နိဂုံး “COVID-19 and the end of Individualism” ဆိုတဲ့ စာအုပ်ရေးသားသူ ကိန်းဘရစ်ချ်က စီးပွားရေးပညာရှင် ဒိန်းကွိုင်းလ် (Diane Coyle) က သတိပေးတာကတော့ လူတွေဟာ လူမှုရေးသတ္တဝါတွေဖြစ်ကြတယ်။ လူတဦးချင်းစီရဲ့ ဆုံးဖြတ်ချက်က လူတိုင်းအပေါ် သက်ရောက်မှု ရှိစေတယ် ဆိုတာပါပဲ။ အပြန်အလှန် သက်ရောက်မှုဖြစ်စေတဲ့၊ အပြန်အလှန် မှီခိုမှုရှိနေကြတဲ့ အန္တရာယ်ဘေးနဲ့ ပတ်သက်လို့ စောင့်ကြည့်၊ သုံးသပ်ဖို့ဆိုတာက လူမှုအဖွဲ့အစည်းတွေ ကြားထဲရှိနေတဲ့ ဘေးအန္တရာယ်တွေကို နိုင်ငံတော်က စောင့်ကြည့်လေ့လာနေဖို့ လိုမယ်လို့ ဆိုပါတယ်။ ဒါနဲ့ပဲ ကူးစက်မှု ခြေရာခံဖို့ အက်ပ် apps တွေ ဖြစ်လာပါတယ်။

ဒါပေမယ့် ဒီလိုအက်ပ် apps တွေကို စီးပွားရေးသဘောနဲ့ လုံခြုံရေးရည်ရွယ်ချက်တွေ အတွက်ပါ အသုံးချနိုင်ကြပါတယ်။

တကယ့်ပြဿနာကတော့ လူအများကောင်းကျိုးချမ်းသာ (Public Good) နဲ့ တစ်ကိုယ်ရေ ပုဂ္ဂလိကအရေး၊ အခွင့်အရေး ယှဉ်ကြည့်ရမှာပဲ။ ဒီကိစ္စကလည်း အလွန်အငြင်းပွားဖွယ်ဖြစ်ပြီး၊ အဖြေကောင်းလည်း နည်းပါးလှပါတယ်။ တိုးပြီး သိလာကြတာက လူတဦးချင်းလုပ်ရပ် သို့မဟုတ် ဗိုင်းရပ်စ်က စီးပွားရေးကြီးတခုလုံးကို၊ ထောက်ပံ့ရေးကွင်းဆက်ကြီး တခုလုံးကို၊ ကာကွယ်ရေးစနစ်ကြီးကို ဆွဲချသွားနိုင်တာပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ နောက်ဆက်တွဲ တန်ဖိုးကုန်ကျစရိတ်က နည်းပါတယ်။

ဒါပေမယ့် ကူးစက်ကပ်ဘေးကြီး ဖြစ်လာရင်တော့ သိပ်များသွားပါတယ်။ အခု ကိုဗစ်ကပ်ဘေးကြောင့်ပဲ ဒီနှစ်မှာ ဒေါ်လာ သန်း ၁၀ ထရီလီယံလောက် ကုန်ကျခဲ့ပြီး၊ ၂၀၂၃ အထိဆိုရင် ဒေါ်လာ ၃၀ ထရီလီယံလောက် ကုန်ကျရပါလိမ့်မယ်။

ဖျက်သိမ်းခံလိုက်ရတဲ့ အမှတ်သညာတွေက လူမှုရေးအရ ဆွေးနွေးပြောဆိုမှုတွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ကိုဗစ်ကပ်ဘေးအလွန် ကမ္ဘာမှာ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတွေက ကျနော်တို့ ခန့်မှန်းထားတာထက် ပိုလို့ရှုပ်ထွေး ပွေလီလှပါတယ်။ ဥတုကပ်ဘေး ဖောက်ပြန်ပြောင်းလဲမှု၊ လူမှုရေးအရ ဆင်းရဲ-ချမ်းသာ ကွာဟမှု၊ နည်းပညာ ရုတ်ချည်းပြောင်းလဲမှုနဲ့ ပထဝီနိုင်ငံရေး အင်အားယှဉ်ပြိုင်မှု ပြင်းထန်နေချိန် ဒီလိုကာလမှာ၊ လူတဦးချင်းအတွက်၊ လူမှုအဖွဲ့အစည်းကောင်းကျိုးအတွက် ဘယ်လိုလူမှုယဉ်ကျေးမှုပုံစံ (Civilisati-Onal Model) တွေက သင့်တော်မှာပါလဲ။

လူမှုယဉ်ကျေးမှုဆိုင်ရာ ပြောဆိုဆွေးနွေးမှုတွေက အခုမှ “စလုံးရေးစ”စတင်မှာပါ။ မိသားစုတိုင်း၊ လူမှု အသိုက်အဝန်းတိုင်း၊ နိုင်ငံတိုင်း နည်းလမ်းပေါင်းစုံနဲ့ ကိုယ့်အတွင်းမှာ ပြောဆိုဆွေးနွေးမှုတွေကို စတင်ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းမှာ နာကျင်ဖွယ် အမှတ်သညာတွေကို ဖြေရှင်းကြရမှာမို့ပါ။ အချို့ကတော ့ လော်စပီကာနဲ့ ပြောကြပါမယ်။ ကြွေးကြော်သံတွေ ရွတ်ကြပါမယ်။

အချို့ကတော့ တိတ်တိတ်ဆိတ်ဆိတ် သိပ်မမြင်သာဘဲ ပြောကြမှာပါ။ ကျွန်တော်တို့ ပြောဆိုဆွေးနွေးမှုတွေက ကျွန်တော်တို့ ချစ်ရသူတွေနဲ့၊ မိဘတွေနဲ့၊ အိမ်ထောင်ဖက်တွေနဲ့၊ မိတ်ဖက်တွေ့နဲ့၊ သူငယ်ချင်းတွေနဲ့ ပြောဆိုကြရပါလိမ့်မယ်။ ပြောင်ကျကျ အငြင်းအခုံ ရန်ဖြစ်ပြောဆိုတာမျိုး မဟုတ်ဘဲ တိတ်ဆိတ်စွာလည်း ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က မိသားစုတစ်ခု၊ လူမှု အသိုက်အဝန်းတစ်ခု၊ နိုင်ငံတခုတည်းမှာ ရှိနေ မယ်ဆိုရင်တော့ ပြောဆိုဆွေးနွေးမှုကတော့ လုပ်ရမှာပါပဲ။ ဘယ်လောက်ပဲ နာကျင်သည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ ပြောကိုပြောရပါလိမ့်မယ်။

ကျွန်တော်တို့အားလုံးကို စည်းနှောင်ထားပေးနိုင်မယ့် ဘုံတူညီချက်ရှိတဲ့ ချည်စကိုတော့ ရှာဖွေဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့ သူတို့က ကျွန်တော်တို့ကို အစည်းပြေကွဲထွက်စေမှာပါပဲ။

(၂၀၂၀ ဇူလိုင် ၅ ရက် The Nation သတင်းစာ Asia News Network က Andrew
Sheng ရေး Deleted memories and masked conversations ဆောင်းပါး)

LEAVE A REPLY

Please enter your comment!
Please enter your name here