မားကက်ရီဆာ့ချ်

0
93

အမေရိကန်နိုင်ငံ အီလီနွိက်ပြည်နယ် ချီကာဂိုမြို့က အိမ်တစ်အိမ်တွင် အရပ်မြင့်မြင့် မျက်နှာရှည်ရှည်နှင့် စူးရှထက်မြက်သောမျက်လုံးတစ်စုံကို ရွှေရောင်မျက်မှန်တပ်ဆင်ထားသော ပုဂ္ဂိုလ်ကြီးတစ်ယောက် လက်တော့ပ်တစ်လုံးနှင့် အလုပ်ရှုပ်လျက်ရှိသည်။ သူ့မျက်နှာတွင် စိတ်ရှုပ်ထွေးမှု၊ စိုးရိမ်ကြောင့်ကြမှုတို့ ဖြစ်ပေါ်လျက်ရှိပြီး တခါတခါတွင် လက်တော့ပ်ထဲမှ တစုံတရာထွက်ပေါ်လာတော့မည့်အလား စိတ်အားထက်သန်စွာ စူးစူးစိုက်စိုက် ရှာဖွေလေ့လာနေသည်ကို တွေ့ရလေသည်။

နောက်ကျောဘက်နှင့်ဘေးဘက်မှ နံရံများရှိ ခန့်ညားလှသောစာအုပ်စင်များတွင် စာအုပ်များ စီစီရီရီရှိနေကြသော်လည်း စားပွဲပေါ်နှင့် အီတာလျံကော်ဇောခင်းထားသော ကြမ်းပြင်ပေါ်တွင်တော့ စာအုပ်အချို့က ပြန့်ကြဲလျက်။ အချို့မှာ ဘုတ်မှတ်ခ်ခေါ် ကတ်ပြားကလေးများညှပ်ထား လျက်ဖတ်လက်စဖြစ်ပုံရပြီး အချို့မှာ ကြမ်းပြင်တွင် အထပ်လိုက် ချထားလျက်ရှိလေသည်။ ခပ်လှမ်းလှမ်းက မဟော်ဂနီရောင် တောက်နေသည့်စားပွဲကလေးပေါ်တွင်တော့ သောက်လက်စဖြစ်ဟန်တူ သော ကော်ဖီတစ်ခွက်က အငွေ့တထောင်းထောင်း ထနေဆဲ။ ဤမျှ လွန်စွာအလှုပ်ရှုပ်လျက်ရှိသော ပုဂ္ဂိုလ်ကြီးကား မည်သူနည်း။

ဖားသားအော့မော်ဒန်မားကက်တဲန်င်းခေါ် ခေတ်သစ်ဈေးကွက်ဖော်ဆောင်ရေးဗျူဟာဖခင်ကြီး ‘ဖီးလစ်ကော်တလာ’ပင်တည်း။

ဟုတ်သည်။ မားကက်တင်းခေါ်ဈေးကွက်ဖော်ဆောင်ရေး သဘောသဘာဝများ ဗျူဟာများသီအိုရီများ အယူအဆများနှင့်ပတ်သက်သော ဘုတ်အုပ်ပေါင်း ၅၀ ကျော် ရေးသားပြုစုထားသူ ကမ္ဘာကျော် ဆရာကြီး၊ အီလီနွိုက်ပြည်နယ်၊ အီဗန်ဆန်မြို့၊ အနောက်မြောက်တက္ကသိုလ်၊ စီမံခန့်ခွဲရေးကျောင်းမှ ပါမောက္ခ ‘ဖီးလစ်ကော်တလာ’ ပင် ဖြစ်ပေတော့သည်။

ပါမောက္ခကြီးအနေဖြင့် မည်သည့်ကိစ္စအတွက် အလုပ်ရှုပ်နေပါသနည်း။ ဟိုတလောကပင် မြန်မာပြည်ကို လာရောက်ဟောပြောသွားသေးသည် မဟုတ်လော။ ဟုတ်သည်။ သူမြန်မာရွှေပြည်ကြီးကို ရောက်ခဲ့သည်။ ရန်ကုန်တည်းဟူသော ရွှေမြို့တော်ကြီး ရောက်ခဲ့သည်။ ကြယ်ငါးပွင့်အဆင့်ရှိ ဟော်တယ်ကြီးမှာ သူဟောပြောခဲ့သည်။ ရွှေမြန်မာတို့သည် သူဟောပြောမည့် အကြောင်းအရာထက် သူနှင့်ဆယ်လ်ဖီဓာတ်ပုံရိုက်ကြဖို့သာ အာရုံရှိကြသူများ ဖြစ်သည်ဟု သူထင်သည်။ နောက်ဆိုလျှင် ဆယ်ဖီဆွဲချိန်ကိုပါ အစီအစဉ်ထဲထည့်ဆွဲထားဖို့ မြန်မာပြည်က စီစဉ်သူတွေကိုသူမှာခဲ့ရဦးမည်။ သူ့သီအိုရီ တွေ၊ စထွပ်ဒဂျီတွေကို စိတ်မဝင်စားကြဟု သူထင်သည်။

သို့သော် မြန်မာပြည်အလယ်ပိုင်းက မြို့တစ်မြို့ကို သူရောက်သွားတော့မှ မြန်မာတွေသည် သူ့သီအိုရီတွေ စထွပ်ဒဂျီတွေသ ဘောတရားတွေကို ကြေညက်ကြယုံသာမက သူ့ကိုတောင် ‘ကျော်’ သွားကြပြီဆိုသည်ကို အလန့်တကြားတွေ့လိုက်ရလေတော့သည်။

သူ ဖုန်ရွာရွှေမြို့တော်ကြီးသို့ရောက်ခဲ့သည်။ ထိုမြို့က အသားဖြူဖြူ၊ ရုပ်ခပ်ဖြောင့်ဖြောင့် ထောင်ထောင်မောင်းမောင်းနှင့် အမြဲတမ်းပြုံးနေတတ်သော၊ ဗဟုသုတအရာတွင် လွန်စွာမှ နှိုက်နှိုက်ချွတ်ချွတ် နှံ့နှံ့စပ်စပ်ရှိလှသော ဒေသခံဧည့် လမ်းညွှန်၏ကျေးဇူးဖြင့် ထိုမြို့အကြောင်းသူသိခဲ့ရသည်။ ဤတွင် မြို့ကလူများ၏ မန်းနေ့ချ်မန့်နှင့် မားကက်တင်းအိုင်ဒီယာများကို သူလက်ဖျားခါစဖွယ် သိမြင်လိုက်ရခြင်း ဖြစ်ပေတော့သည်။

‘ဒါကတော့ ညဈေးတန်းပါ။ နိုင်ငံကျော်တဲ့ ကျနော်တို့မြို့အထိမ်းအမှတ်တခုပါ’

‘အိုးသိပ်ကောင်းတာပေါ့’

‘ဒီညဈေးဟာ မူလက ဒီနေရာမဟုတ်ပါဘူး။ နာရီစင်နားကနေ ရွှေ့လာခဲ့တာပါ’ ‘သြော်ဒါဆို ဈေးကွက်သုတေသနတွေလုပ် အချိန်ယူပြင်ဆင်သုံးသပ်ပြီးမှ ရွှေ့ပြောင်းထားတာပေါ့။ ဘဲရီးဂွတ်။ ဒါနဲ့ သုတေသနလုပ် စစ်တမ်းကောက်ချိန်ဘယ်လောက်ကြာလဲ သုံးနှစ်လောက် အချိန်ယူရမယ်ထင်..ထင်’

‘ရက်၂၀ ပါ’

‘ဟင် ဘယ်လို’

‘ဟုတ်တယ်ရက်၂၀လောက်အတွင်းကြေငြာ ပြီး ရွှေ့ချလိုက်တာ။ ခုမြင်တဲ့အတိုင်း စည်ကားနေတာပဲ မဟုတ်လား’

‘အိုးမိုင်ဂေါ့ ရက် ၂၀’

နောက်တစ်ရက်စောစောတွင် ဧည့်လမ်းညွှန်လေးက ခရမ်းချဉ်သီးဈေးလိုက်ပြသည်။ ခရမ်းချဉ် သီးတောင်းများတဖက်တချက်နှင့် ဆိုင်ကယ်များကို သဘောကျသည်။ ဓာတ်ပုံတဖျတ်ဖျတ်ရိုက်သည်။ ‘အိုး ဆိုးအဝက်ဆမ်း’

‘ဒီဈေးလဲ လူတအားစည် လမ်းပိတ်နေလို့ ရွှေ့ပစ်မှာပါ။ နေရာသတ်မှတ်ပြီးပါပြီ’ ‘အိုး…ကောင်းတာပေါ့။ ဝယ်လိုအားများ များရှိတဲ့နေရာကို ကုန်ပစ္စည်းကလိုက်ရွှေ့ရောင်းရမှာ ဘေ့ဆစ်သီအိုရီပဲလေ သိပ်ကောင်းတာပေါ့’

‘မဟုတ်ပါဘူး။ ခုရွှေ့မယ့်နေရာမှာ ဘယ်ဝယ်လိုအားမှ မရှိပါဘူး။ ကုန်ပစ္စည်းကို အရင်ရွှေ့မှာပါ။ ဝယ်လိုအားက နောက်က လိုက်လာပါလိမ့်မယ်’

‘အိုးမိုင်ဂေါ့ ဘဲရီးဘရေ့အိုင်ဒီယာ၊ သီအိုရီ နဲ့လွဲ…လွဲ’

‘ခင်ဗျား ညဈေးတန်းအောင်မြင်တာ တွေ့တယ်မဟုတ်လား’

‘သြော်…ဟုဟု..ဟုတ်’

ထို့နောက်ရက်တွင် ကမ္ဘာကျော်ပါမောက္ခကြီးအား ဖုန်ထူဂေဇက်မှ သတင်းထောက် ကိုသေတ္တာ နှင့်အဖွဲ့မှ အင်တာဗျူးပါရစေကြောင်း ခွင့်တောင်း တွေ့ဆုံကြလေသည်။

‘ခုတခါမေးမြန်းချင်တာကတော့ ဈေးတွေရွှေ့တာနဲ့ပတ်သက်ပြီး ပါမောက္ခကြီးရဲ့ အမြင်လေး သိပါရရ’

‘အိုး နိုးနိုး ပလိစ်၊ ဒီကိစ္စတွေ ခုမဖြေပါရစေနဲ့။ ကျွန်တော်လိုက်မမှီပါဘူး။ ကျွန်တော့်စာအုပ်တွေထဲ လည်းမရေးခဲ့ဘူးပါဘူး။ ဘယ် ဟောပြောပွဲမှာလည်း မဟောပြောခဲ့ဘူးတဲ့ အကြောင်းအရာတွေပါပဲ။ ကျွန်တော့်နိုင်ငံပြန်ပြီး ပြန်လေ့လာပြီးမှ ဖြေဆိုပါရစေ’

ထို့နောက် ရက်အနည်းငယ်အကြာတွင် အမေရိကန်နိုင်ငံအီလီနွိက်ပြည်နယ် ချီကာဂိုမြို့က အိမ်တစ်အိမ်တွင် အရပ်မြင့်မြင့်မျက်နှာရှည်ရှည်နှင့် စူးရှထက်မြက်သောမျက်လုံးတစ်စုံကိုရွှေရောင်မျက်မှန် တတ်ဆင်ထားသောပါ မောက္ခ ကြီး ဖိလစ်ကော်တလာတစ်ယောက် လက်တော့ပ် တစ်လုံးနှင့်အလုပ်ရှုပ်လျက်ရှိသည်။ ထို့နောက် မျက်နှာဝင်းကနဲဖြစ်သွားကာ မြန်မာနိုင်ငံအလယ်ပိုင်း ဖုန်ရွာရွှေမြို့တော်ရှိ ဖုန်ထူဂေဇက်ဂျာနယ်တိုက်သို့ အိုဗာဆီးကောလ် လှမ်းခေါ်လေတော့သည်။

‘ဟလို ဖုန်ထူဂေဇက်ကပါလား’

‘ဟုတ်ပါတယ်ခင်ဗျာ။ အဲနသီးဝီကန်ဒူးဖော်ယူ ဆာ’

‘ကျွန်တော် ကော်တလာပါ။ ခင်ဗျားတို့နဲ့ပတ်သက်ပြီး ကျွန်တော်သိလိုက်တဲ့အချက် လှမ်းပြောတာပါ’

‘ဟုတ်ကဲ့ ပြောပါခင်ဗျာ’

‘ခုကမ္ဘာမှာက မားကက်တင်းဖိုး (Marketing 4.0)ဗျ၊ ခင်ဗျားတို့မြို့က မားကက်တင်းဖိုက်ဗျို့ ဖိုက်ဖိုက်။ ဘယ်နိုင်ငံမှမသိကြသေးဘူး။ ကျွန်တော်တောင် နားမလည်သေးဘူး။ အဲဒါကို ကျွန်တော် လှမ်းဝန်ခံတာပါ’

ဤသို့ဖြင့် နောက်တစ်နှစ်ခန့်ကြာသောအခါ မန်ဆာချူးဆက်တက္ကသိုလ် သုတေသနမဟာဌာနမှူးလက်မှတ်ဖြင့် ဖုန်ရွာ ရွှေမြို့တော်ကြီးအား ‘မန်းနေ့ချ်မန့်အော့ဖ်သယ်ရီးယား Management of the year ဆုကြီးပေးအပ်လိုက်ကြောင်း သတင်းအား ဖုန်ထူဂေဇက်ဂျာနယ်တော်ကြီးတွင် စာလုံးမည်းကြီးဖြင့် ပါလာလေတော့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here