မိဿဘုံဂဠုန်ကူးတွင်မှ ကြုံဘူးလေ့ဖြစ်ဟန်

0
84

အခါတပါး၌ အန္တာတိကဒေသရှိတခုသောနေရာတွင် မဇ္ဇျိမတိုင်းမှ ကော်ရိုနာ အမျိုးနွယ်ဝင် ဗိုင်းရပ်နှစ်ကောင်သည် အဆွေခင်ပွန်းဖြစ်ကြလျက် “ချပ်တင်း”ခေါ် အလ္လာပသလ္လာပစကား စမြည်ထွေလီကာလီ ပြောဆိုလျက်ရှိကြလေသည်။

တစ်ကောင်သောကော်ရိုနာက”ကျွန်ပ်ကား ဤဘဒ္ဒကမ္ဘာကြီးရှိ နိုင်ငံတော်တော်များများ၏ နေရာများစွာတို့ကို ရောက်ရှိခဲ့ဖူးပြီ။ ဟောသည် ဘဒ္ဒကမ္ဘာကြီးပေါ်တွင် ကျွန်ုပ် မရောက်ဖူးသော နေရာဟူသည် ရွေးစေ့ငယ်မျှပင်မရှိချေပါတကား” ဟု ရင့်ကျူးကြွေးကြော်လေသည်။ ထိုအခါအခြားသော ကော်ရိုနာက”အဆွေတော်ကိစ္စတခုအား အဆုံးတိုင်မစေ့ငုမလေ့လာအန်ဖဆိုက်ဇ်မလုပ်ဘဲလျက် ဤသို့မကျူးရင့်ရာ”ဟုဆိုလေ၏။

“အို အဆွေတော်၊ အသို့ရှိ၏နည်း၊ အကြောင်း တစုံတရာရှိဘိသလော”

“ရှိပေ၏။ အဆွေတော်၊ ဤမည်သော အာရှတိုက်၏ ဤမည်သောနိုင်ငံ၊ ဤမည်သောနေရာတို့အား အသင်ရောက်ခဲ့ဖူးသလော” ဟုမေးလေရာ ကျူးရင့်သူကော်ရိုနာက စဉ်းစားခြင်းအမှုပြုလေတော့၏။ ရိုက်စ်ကွတ်ကာခေါ် ထမင်းအိုး တခါချက်ခန့်ကြာသော်လည်းမပေါ်၊ အလက် ထရစ်စီတီခေါ် လျှပ်စစ်မီးတခါပျက်ခန့်ကြာသော်လည်း မမှတ်မိသည်ဖြစ်ရကား”ထိုမည်သောအာရှတိုက်ရှိ ထိုမည်သော နိုင်ငံအား ကျွုန်ုပ်ရောက်ခဲ့ဘူးခြင်း မရှိပါအဆွေတော်”ဟု ဝန်ခံ ပြောကြားလေ၏။

“အဆွေတော်ရော ရောက်ဖူးပါ၏လော”ဟု ပြန်လည်မေးမြန်းစုံစမ်းလေရာ”

“ရောက်ဖူးယုံမျှမက ရက်အနည်းငယ်ပင် သွားလာလှည့်လည်ခဲ့ဖူးပါသည်။ အဆွေတော်၊ အထူးသဖြင့် ထိုမည်သောနိုင်ငံ၏ ထိုမည်သောမြို့ကြီးရှိ ထိုမည်သောတက္ကသီလာကျောင်းတော် မဟာကြီးများဆီ ကျွန်ုပ်ရောက်ခဲ့ဘူးပေသည်” ဟု ဖြေဆိုပြောကြားလေသည်။

ထိုအခါ ပထမကော်ရိုနာက “အိုအခြင်းအဆွေတော် ထိုမည်သောနိုင်ငံကြီး၏ ထိုမည်သောမြို့က ထိုမည်သောတက္ကသီလာကျောင်းတော်ကြီးဆီ သင်ရောက်ရှိ ဗစ်ဇစ်တီးလုပ်ခဲ့ခြင်း အလုံးစုံတို့ကို ကျွန်ုပ်အား ပြန်လည်ရီဗြူးလုပ် ပြောပြပါလော့” ဟု တောင်းပန်ပြောဆို ရီကွက်စ်လုပ်လေရာ ဒုတိယ ကော်ရိုနာမှ “အော့ဖ်ကော့စ်၊ ကောင်းလှပေပြီ အဆွေတော်၊ အိုင်ဝယ်တဲလ်ယူ၊ အသင့်အား ကျွန်ုပ်ပြောပြအံ့”ဟု ပြောလေ၏။ ဤသို့ဖြင့် အောက်ဖော်ပြပါအတိုင်း ဤဇာတ်တော်ကြီး အဲလေဤစာမူကြီးဖြစ်ပေါ်လာရခြင်းဖြစ်ပေသည်။

တနေ့သ၌ မဇ္ဇျိမဒေသဇာတိ ကော်ရိုနာဗိုင်းရပ်နှင့် မွေးခြင်းပေါက်ဖော်တသိုက်တို့သည်”ဒဇိတိုး Disease Tour ” ခေါ် ရောဂါဖြန့်ဖြူးရေးခရီးရှည်ကြီး ထွက်လာကြလျက် နေရာဒေသ အတော်အတန်နှံ့နှံ့ စပ်စပ်သို့ရောက်ရှိကြကာ လည်ပတ်ပျော်ပါးလျက် ရှိကြလေသည်။ တခုသောနိုင်ငံ၏တခုသော တက္ကသီလာသို့ ဆိုက်ရောက်ကြသောအခါ အံ့ဩခြင်းကြီးစွာဖြစ်မိကြလေသည်။ အသို့နည်းဟူမူ ၎င်းတို့ရောက်လေရာနေရာဒေသတိုင်းတွင် လူအများတို့မှာရောဂါကူးစက်ခံရခြင်းဘေးမှကင်းဝေးစေရန်အလို့ငှာ လော့ခ်ဒေါင်းလုပ်ခြင်း၊ ကွာရင်တိုင်းလုပ်ခြင်းစသည့် နည်းလမ်းတို့ပြုလုပ် ကာကွယ်ကြသဖြင့် တိတ်ဆိတ်ခြောက်သွေ့ လူသူကင်းမဲ့လျက်ရှိသော မြို့ကြီးပြကြီးနိုင်ငံကြီးများသာတွေ့ခဲ့ရကြလေရာ ယခုမူ ဤသို့မဟုတ်ပေ။

“အလို ရှူကြလော့ရောင်းရင်းတို့၊ လူစုလူဝေးကြီးမား ကြက်ပျံမကျ စည်ကားလှသည့်ဤနေရာဒေသကားအသို့နည်း”

“ရောင်းရင်းငဲ့ ဤဒေသကား တက္ကသိုလ်ဟု ခေါ်ဝေါ်သမုတ်အပ်သော ဒေသဖြစ်ပေသည်”

“ယခုကဲ့သို့ လူစုလူဝေးများပြားစွာ လှုပ်လှုပ်ရွရွဆိုကြကကြလျက်ရှိနေကြသည်ကား အဘယ်သို့သောအကြောင်းကိစ္စများရှိကြအံ့နည်း”

“အိုအဆွေတော် ယူနီဗက်စတီ ဝေါထားဖတ်စတီးဘဲလ်ခေါ် တက္ကသီလာသင်္ကြန်ပွဲတော်ကြီး ပြုလုပ်ကျင်းပနေချိန်ဖြစ်ပါပေသည်”

“အလို နိပ်ပဟ၊ ယခုကဲ့သို့လူထုကြီးကို ရောဂါဖြန့်ဝေရသော် ဘဲရီးအီးဇီးလွယ်စွာလွယ်ကူလှသည် ရှိအံ့မဟုတ်တုံလော ရောင်းရင်းတို့”

“ဟုတ်ပေသည်။ ကျွန်ုပ်တို့ရောဂါဝင်ရောက် ဖြန့်ဖြူးရန် ချီတက်ကြပါကုန်စို့၊ ကမ်းမွန်လက်စ် ရောခ့်အင်ရိုးသပါတီ” ကော်ရိုနာနှင့်အပေါင်းအပါတို့ နှစ်ထောင်း အားရဝမ်းသာကြသည်ဖြစ်ရကား လူအုပ်ကြီးထဲသို့ ဝင်ရောက်စွဲကပ်ရန်အလို့ငှာ ပျော်ရွှင်မြူးတူးစွာ အသီးသီးပြေးဝင်ကြကုန်လေသည်။ ဤစဉ်တွင်ပင် အန်အိတ်စပက်တက်ဆပ်ပရိုက်စ်ခေါ် မမျှော်လင့်သောအခြင်းကိစ္စများ ဖြစ်ပေါ်လာလေ၏။

စောင်းညှင်းပသာဂီတကဗျာတို့ဖြင့် ကြည်နူးပီတိ ဂွမ်းဆီထိလျက် လှုပ်လှုပ်ရွရွရှိနေကြကုန်သော တက္ကသိုလ်ကျောင်းသားအမျိုးကောင်းသားတို့သည် ပုရွက်ဆိတ်အုံအားတုတ်ဖြင့်ထိုးမိသကဲ့သို့လည်းကောင်း၊ ဆိုင်ကယ်ဦးထုပ်ဖမ်းမည့် ယာဉ်ထိမ်းရဲများ ရုတ်ရက်ဘွားကနဲပေါ်လာဘိသကဲ့သို့လည်းကောင်း၊ လမ်းဘေးဈေးသည်များကြား စည်ပင်ဖမ်းဆီးရေးကားရောက်သွားဘိသကဲ့သို့လည်းကောင်း ရုန်းရင်းဆန်ခတ် ထိတ်လန့်တကြား၊ ဝရုန်းသုန်းကားဖြစ်သွားကြလေသည်။ အကြောင်း ဘယ်သို့ရှိဘိသနည်းဟု အကဲခတ်လတ်သော်

“အလိုခိုက်ရန်ဖြစ်ပွားနေကြပါလား ဟရို့”

အမောင်တက္ကသီလာကျောင်းတော်သားတို့သည် ဖိုက်တင်းခေါ် ခိုက်ရန်သတ္တရုအချင်းချင်းပြုလျက်ရှိနေကြလေပြီ။ ရင်ဘတ်ကိုတွန်းကြ၏။ ညာလက်ကိုဆန့်တန်းလျက်ထိုးကြ၏။ ခေါင်းကို ဘယ်ညာရမ်းကြလေ၏။ ခြေခက်တို့ကို ခုန်ပေါက်ပြေးလွှား လှုပ်ရှားကြစေ၏။ ရေအိုင်ထဲဝယ် ဘုံးဘုံးလဲကျ၏။ ခြေထောက်ဖြင့်ကန်ကျောက် ကြလေ၏။ ညစ်ညမ်းသောစကားတို့ဖြင့် အော်ဟစ်ဆဲရေးတိုင်းထွာကြလေ၏။ ပြေးသူကပြေးကြ၏။ လိုက်သူကလိုက်ကြလေ၏။ စောင်းညင်းပသာ ဂီတကဗျာသံတို့ကား ရပ်ရလေ၏။ ဝရုန်းသုန်းကားပါတကား။ ကော်ရိုနာတို့တသိုက်လဲ ရောဂါဝင်ရောက်စွဲကပ်ရန်မပြုလုပ်နိုင်ဖြစ်ရကား ဝေးဝေးမှ နေကြရရှာလေ၏။ လျှပ်စစ်မီးတခါပျက်ခန့်ကြာသော် စောင်းညင်းပသာဂီတကဗျာသံတို့ ပြန်လည်သက်ဝင်သောတဆင်ကြပြန်လေသည်။ ကော်ရိုနာတို့တသိုက်လည်း ဝင်ရောက်စွဲကပ်ကြအံ့ ဟူ၍လူအုပ်ကြီးထဲ အသီးသီးတိုးဝင်ကြပြန်၏။ လျှပ်စစ်မီး တခါပျက်ခန့် ကြာလတ်ပြန်သော် အမောင်တက္ကသီလာကျောင်းတော်သားတို့က ဖိုက်တင်းခေါ်ခိုက်ရန်သတ္တရု အချင်းချင်းပြုကြပြန်လေသည်။ ရင်ဘတ်ကိုတွန်းကြပြန်၏။ ညာလက်ကိုဆန့်တန်းလျက်ထိုးကြပြန်၏။ ခေါင်းတို့ကို ဘယ်ညာရမ်းကြပြန်လေ၏။ ခြေလက်တို့ကိုခုန်ပေါက်ပြေးလွှားလှုပ်ရှားကြပြန်လေ၏။ ရေအိုင်ထဲဝယ် ဘုံးဘုံးလဲကျကြပြန်၏။ ခြေထောက်ဖြင့်ကန်ကျောက်ကြပြန်လေ၏။ ညစ်ညမ်းသောစကားတို့ဖြင့် အော်ဟစ်ဆဲရေး တိုင်းထွာကြပြန်လေ၏။ ပြေးသူကပြေးကြ၏။ လိုက်သူကလိုက်ကြပြန်လေ၏။ စောင်းညင်းပသာဂီတကဗျာသံတို့ကား ရပ်ရပြန်လေပြီ။ ကော်ရိုနာတို့တသိုက်လဲ ရောဂါဝင်ရောက်စွဲကပ်ရန်မပြုလုပ်နိုင်ဖြစ်ရကား ဝေးဝေးမှ နေကြရရှာပြန်လေ၏။ လျှပ်စစ်မီးတခါပျက်ခန့်ကြာပြန်သော် စောင်းညင်းပသာဂီတကဗျာသံတို့ ပြန်လည်သက်ဝင်လှုပ်ရှား ပျော်ပါးမြူးတူးကြ ပြန်လေသည်။ ကော်ရိုနာတို့တသိုက်လည်း ရောဂါ ပျံ့နှံ့စွဲကပ်ကြစေရန်အလို့ငှာ ကျောင်းသားထုကြီးထံသို့ ပြေးဝင်ချီတက်ရန် ပြင်ဆင်ကြပြန်၏။

ဟန်ပြင်နေကြစဉ်တွင် အမောင်ကျောင်းသားထုကြီးက ခိုက်ရန်သတ္တရု အချင်းချင်းပြုကြပြန်လေသည်။ ဦးခေါင်းကို ထိုးကြိတ်ကြပြန်၏။ ဆံပင်ကိုဆွဲကြ၏ ခြေလက်တို့ ယမ်းခါမြောက်လျက် ခုန်ပေါက်ထိုးကြိတ်ကြ၏။ ရေအိုင်ထဲဝယ် ဘုံးဘုံးလဲကျကြပြန်၏။ ရွံ့ထဲဗွက်ထဲ လူးသူက လူးလိမ့်ကြ၏။ ခြေထောက်ဖြင့်ကန်ကျောက်ကြပြန်လေ၏။ ညစ်ညမ်းသောစကားတို့ ဖြင့်အော်ဟစ်ဆဲရေး တိုင်းထွာကြပြန်လေ၏။ ပြေးသူကပြေးကြ၏။ လိုက်သူကလိုက်ကြပြန်လေ၏။ စောင်းညင်းပသာဂီတကဗျာသံတို့ကား ရပ်ရပြန် လေပြီ။ ကော်တိုနာတို့ တသိုက်လဲ ရောဂါဝင်ရောက် စွဲကပ်ရန်မပြုလုပ်နိုင်ဖြစ်ရကား ဝေးဝေးမှနေကြရရှာပြန်လေ၏။ ဤသို့အခြင်းအရာဖြင့် အကြိမ်ကြိမ်အခါခါရုတ်ရုတ်သဲသဲဖြစ်လေကာ ကော်ရိုနာတို့လည်းအချင်းချင်း တိုင်ပင်နှီးနှောဆွေးနွေးကြရ ရှာလေတော့သည်။

“အို အချင်းကော်ရိုနာအပေါင်းတို့၊ ကျွန်ုပ်တို့ ဒဇိတိုး disease tour ထွက်လာခဲ့ကြပြီး လူထုတိုင်းကို လွယ်ကူစွာ ရောဂါစွဲကပ်စေခဲ့သည်မှာ အတိုင်းတိုင်းပြည်ပြည် နှံ့ခဲ့ကြလှပြီမဟုတ်တုံလော”

“ဟုတ်မှန်ပါသည်”

“ဤမည်သောတိုင်းပြည် ဤမည်သောမြို့က ဤမည်သောတက္ကသီလာကျောင်းသားထုကြီးကျမှ ကျွန်ုပ်တို့ လက်ပမ်းကျ၍ ကိုယ်စိတ်ပင်ပမ်းနှလုံး ညှိုးနွမ်းနေကြရချေပြီမဟုတ်လော”

“ဟုတ်မှန်ပါပေသည်”

“ဤသို့ဆိုလျှင် အဆွေတို့ ကျွန်ုပ်တို့ဆက်လက်ကျိုးစားကြမည်လော လှည့်ပြန်ကြမည်လော” ဟူ၍အမေးရှိလေရာ”လှည့်၍သာပြန်ကြသင့်ပါသည်” ဟူ၍ ကိုရိုနာအပေါင်းက နှလုံးစိတ်ဝမ်းညှိုးနွမ်းကြလျက် အားအင်ဆုတ်ယုတ် ကုန်ခမ်းပင်ပမ်းကြကာတညီတညာတည်း ရေရွတ်မြည်တမ်း ဝမ်းနည်းငိုကြွေးကြကုန်လေသည်။

ဤသို့ဖြင့်ကော်ရိုနာတသိုက်လည်း ဤမည်သည်သောအာရှတိုက်၊ ဤမည်သောနိုင်ငံ၊ ဤမည်သောမြို့က ဤမည်သော တက္ကသိုလ်ကျောင်းသားအပေါင်းကို မဝင်ရောက်မစွဲကပ်နိုင်ပဲ ၎င်းတို့သာအားအင်ကုန်ခမ်းမောပမ်းနွမ်းနယ်ခြင်းကြုံတွေ့ကြရလျက် နှလုံးစိတ်ဝမ်းညှိုးနွမ်းခြင်း ဖြစ်ကြရကာ ဇာတိမြေမဇ္ဇျိမတိုင်း၊ ဂန္ဓာလရာဇ်ပြည်ကြီးသို့ အထုပ်ပိုက်၍ ကသုတ်ကရိုက်ပြန်သွားခဲ့ကြရရှာလေတော့သည်။ တက္ကသီလာကျောင်းသားထုကြီးကား ကော်ရိုနာမသိ၊ ၀ူဟန် မသိသဖြင့် ဝေါထားဖတ်စတေဘဲလ်ခေါ် တက္ကသိုလ်မဟာသင်္ကြန်ပွဲကြီးအား ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နှင့် ဆက်လက်ပြုလုပ်ကျင်းပ နေကြလေရာ အလင်းရောင်ပျောက်မှ ပြီးစီးကြသော ဟူလေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here