မုံရွာတွင် ကလေးများကို တောင်းရမ်းခိုင်းသည့် မိဘများ ခံဝန်ကတိ ထိုးခိုင်း

0
8818

ဖြူစင်ဝေ
မုံရွာ၊ ဇွန်-၂၈

မုံရွာမြို့တွင်း လိုက်လံတောင်းရမ်းနေသည့် ကလေးများကို စည်ပင်နှင့် ဈေးကော်မတီမှ ယနေ့နံနက်ပိုင်းတွင် ယာယီထိန်းသိမ်းပြီး ၎င်းတို့၏ မိဘများကို ခေါ်ယူကာ ခံဝန်ကတိထိုးခိုင်းသည်။

ချင်းတွင်းရတနာဈေးအတွင်း လိုက်လံတောင်းရမ်းသည့် ကလေး ၁၀ဦး ကို ထိန်းသိမ်းပြီး နောင်တွင် တောင်းရမ်းမခိုင်းရန် မိဘများအား လက်မှတ်ထိုးဝန်ခံစေခြင်းဖြစ်သည်။

“ခုလောလောဆယ်တော့ သတိပေးတာပဲ လုပ်ထားသေးတယ်၊ မိဘတွေကို နောက်နောင်မလွှတ်ဖို့ လွှတ်ရင် ကလေးသူငယ် ဥပဒေအရ အရေးယူသွားမယ် ဆိုတဲ့အကြောင်း လက်မှတ်ထိုးခိုင်းထားတယ်”ဟု ဈေးအရာရှိ ဦးအောင်ကိုဝင်းက ပြောသည်။

ကလေးငယ်များသည် ချောင်းဦးမြို့နယ်မှ ဖြစ်ပြီး မုံရွာသို့ အဖွဲ့လိုက် လာရောက်တောင်းရမ်းကြခြင်းဖြစ်သည်။

မိဘအုပ်ထိန်းသူတစ်ဦးက “သမီးတွေက ကျောင်းတက်ကြပါတယ်၊ စာအုပ်လိုချင်လို့ လွှတ်တာပါ၊ အကြီးမကတော့ ကျောင်းတက်ခိုင်းလို့ မရတော့ဘူး ဒီတောင်းတဲ့ဘက် မျောသွားလို့၊ ကျန်တဲ့ကလေးတွေက ကျောင်းတက်ကြပါသေးတယ်”ဟု ပြောသည်။

တောင်းရမ်းအဖွဲ့တွင် အငယ်ဆုံးကလေးမှာ ၈ နှစ်ရှိပြီး အသက် ၁၈ နှစ်အထိ အရွယ်စုံ ပါဝင်သည်။

မုံရွာမြို့ လူစည်ကားရာ ဈေးကြီးများသို့ တစ်နေ့လျှင် တောင်းရမ်းသည့် ကလေးငယ် ၃၀ ဦးခန့် ရှိကြောင်း ဈေးသူဈေးသားများက ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here