မုံရွာတွင် ဓားခုတ်လုယက်ခံခဲ့ရသူများ နှင့်တွေ့ဆုံခြင်း

0
59

မုံရွာမြို့ပေါ်မှ ဇန်နဝါရီ ၁၇ ရက်နေ့ တစ်ညတည်းမှာပင် ဓားခုတ်လုယက်မှု ၃ခု ဖြစ်ခဲ့ပါတယ်၊ ၂ ခုကတော့ မြို့တွင်း မိန်းလမ်းမကြီးဘေး ကန်သာယာ ကန်ပတ်လည်မှာပါ၊ ကျန် ၁ ခု ကတော့ မုံရွာတက္ကသိုလ်ကျောင်းနောက်ပေါက်လမ်း ၊ ဗန္ဓုလလမ်း သလ္လာရပ်ကွက်ရုံးနားမှာ ဖြစ်ခဲ့တာပါ၊ ကာယကံရှင်တွေ ပြောပြချက် အရ ဓားကိုင်လုယက်တဲ့သူတွေဟာ ဆယ်ကျော်သက်လူငယ်တွေ ဖြစ်ပြီး အားလုံးမျက်နှာမှာ Mask အုပ်ပြီး ပြစ်မှု ကျူးလွန်ကြတာဖြစ်ပါတယ်၊ အဖြစ်အပျက် ၃ ခု ကို ဆက်စပ်ကြည့်တဲ့အခါ ယင်းအဖွဲ့တစ်ဖွဲ့တည်းကပဲ နေရာအနှံ့မှာ ကျူးလွန်မှုတွေ ရှိခဲ့တဲ့ပုံပါ။

ဓားခုတ်၊ဓားထောက်လုယက်ခံခဲ့ရသူများကို မုံရွာဂေဇက်မှ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မှတ်ချက်။ ။ ကာယကံရှင်များ၏ သဘောဆန္ဒအရ ၎င်းတို့၏ ရုပ်ပုံများကို ဖော်ပြခြင်း မပြုပါ။

ကိုဝေယံဟိန်း
အောင်ချမ်းသာရပ်ကွက်၊နယ်မြေ -၆

“ ည ၁၁ နာရီလောက်မှာ ( အချိန်လွဲနိုင် )​​​​ကျွန်တော်က ဝင်းယူနတီနဲ့မျက်စောင်ထိုး ကန်သာယာဘက် မှာ ဘီယာသောက်ရင်း ဖုန်းကြည့်နေတာ၊ အရင်ဆုံး ဆိုင်ကယ်နဲ့ တစ်ယောက်ရောက်လာပြီး ဂုတ်ပေါ် ဓားရှည်တင်ပြီး ဖုန်းကိုဆွဲယူတယ် ၊နောက် ထပ်လူတွေ ထပ်ရောက်လာတယ်၊ အကုန် မျက်နှာမှာ Mask တွေ တပ်ထားတယ်။ ဓားရှည်တွေ ပါတယ်၊ ရုပ်ဆိုး နဲ့ ဝမ်းတူးဖိုက် ဆိုင်ကယ် ၂စင်း၊ လူက ၆ ယောက် ပါတယ်၊ ဖုန်းကို ယူတော့ ဖုန်းထဲမှာ ဒေတာတွေ အများကြီးရှိလို့ ကျွန်တော်လည်း ပိုက်ဆံယူပါ ဒီဖုန်းတော့ မယူပါနဲ့ပြောတာ၊ အဲဒီထဲက တစ်ယောက်က iPhone ကြီး ငါမလုပ်တက်ဖူးဆို ပြီး ပြန်ပေးတယ်၊ငါတို့က ပိုက်ဆံမလိုချင်ဘူး၊ ဘီယာသွားဝယ်ပေးဆိုပြီး ကျွန်တော့် ဆိုင်ကယ်နဲ့သော့ကို ထားခဲ့ခိုင်းတယ်၊ ကျွန်တော်လည်း အဲဒီနားက ဆိုင်​ကို ခြေလျင် သွားဝယ်တာ၊အစကတော့ လူကြီးတွေခေါ်ပြီး သွားဖို့၊ ဒါပေမယ့် ကျွန်တော့် ဆိုင်ကယ် မောင်းပြေးမှာမို့ သူတို့ကျေနပ်အောင် ဘီယာ ၁၅ ဗူး ဝယ်ပေးတာ၊ အမှောင်ထဲမှာ သောက်နေကြရင်း ကျွန်တော့ ဆိုင်ကယ်သော့လေး ပြန်တောင်းတော့ မင်းလက်က ဟန်းချိန်းက လှတယ်လို့ ပြောတယ်၊ ကျွန်တော်လည်း သူတို့ကျေနပ်အောင် ယူသွားပါဆိုပြီးပြောတယ်၊ စတီး ဟန်းချိန်းပါ မတန်ပါဘူး၊ အဲဒါယူပြီးမှ သူတို့က ထွက်သွားတာ၊ တော်တော်ကံကောင်းလို့ ပြောရမှာပဲ၊ မဟုတ်ရင်တော့ အသေပဲ “။

ကိုသီဟအောင်
ဝမ်ပေါင် ကြေးနီကုမ္ပဏီဝန်ထမ်း

“ ကျွန်တော်က ကုမ္ပဏီက ပေးတဲ့ အိမ်ယာမှာနေတာ၊ အဲဒီနေ့က မုံရွာမှာ သူငယ်ချင်းတွေ ဆီလာရင်း ကုမ္ပဏီကို အပြန် ဖုန်းမေ့ကျန်ခဲ့လို့ပြန်ယူတာ၊ ၁၀နာရီ ၅၀ လောက်အချိန်ပဲ ၊ ကျွန်တော် ကန်သာယာ ပတ်လမ်းမှာ အပေါ့သွားဖို့ မိန်းလမ်းကနေ ပြည်ထောင်စုလမ်းဘက်က မောင်းမယ်ဆိုပြီး ခေတ္တ ရပ်တာ၊ မျက်နှာအုပ်ထားတဲ့ လူငယ် ၂ယောက်လာ တာ ဆိုင်ကယ်မီးရောင်နဲ့တွေ့တယ်၊ အစကတော့ တုတ်၊ ဓား လက်နက် စစ်တဲ့အဖွဲ့ထင်တာ၊ သူတို့လက်ထဲမှာ ဓားရှည်တွေ ကိုင်ထားတာမြင်တော့မှ ဆိုင်ကယ်ကို ပြန်လှည့်ဖို့လုပ်တာ၊ ကျွန်တော်ဆိုင်ကယ်က ဘိန်းကြီးဆိုတော့ ပြန်ကွေ့တာ မလွယ်ဘူး၊အဲဒါနဲ့ ဂီယာကြီးချိန်းပြီး မောင်းတာ နောက်ကအဖွဲ့ ကလာဆုံပြီး လှမ်းရိုက်တယ်၊အစက တုတ်မှတ်နေတာ၊အိမ်ရောက်မှ ဆိုင်ကယ်ဦးထုတ်မှာ ဓားရာတွေ့လို့ ဓားနဲ့ခုတ်တာသိတာ၊ ရှေ့က တစ်ယောက်က ဓားအိမ်မချွတ်ပဲ လှမ်းရိုက်တယ်၊ကျွန်တော်က ငုံရှောင်တော့ ဆိုင်ကယ်လှမ်းကန်တာ၊ ပေါင်ကို ကန်မိတယ်၊ ပြည်ထောင်စုလမ်းဘက် မောင်းပြီးနောက်ပြန်ကြည့်တော့ သူတို့လိုက်မလာဘူး၊ မီးရောင်ထဲ မြင်ရတာတော့ ဆိုင်ကယ် ၂စီး၊လူ ၄ယောက်ပဲ၊ ရုပ်ဆိုးဆိုင်ကယ်နဲ့၊ အဲတာနဲ့ သူငယ်ချင်းတွေ ခေါ်ပြီး ရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်၊ အကုန် ဆင်ခြင်နိုင်အောင် ကျွန်တော် ဖေ့စ်ဘွခ်မှာ တင်ပြီး ပြောတာပါ၊ အဲဒီညက အဖြစ်အပျက်က တော်တော်ဆိုးတယ် “။

ကိုအောင်ကျော်ဦး
သလ္လာရပ်ကွက် အမှတ် -၇

“ ရပ်ကွက်ရုံး နား ကွမ်းမြို့တော် ဆိုင်နား ဓာတ်တိုင်မှာ ကျွန်တော်က ဖုန်းသုံးနေတာ၊ ည ၁၀နာရီခွဲလောက်ပေါ့ ၊ရုပ်ဆိုး ဆိုင်ကယ် ၂ စင်းနဲ့ လူငယ် ၅ ယောက်ပဲ၊တစ်ယောက်က ဆင်းလာပြီး ဖုန်းကို ဆွဲလုတာ၊ ကျွန်တော်က ပြန်လုတာပေါ့၊သူတို့က မျက်နှာစည်းထားပေမယ့် အဲဒီလို ပုံစံတွေတွေ့ဖူးတော့ ဟေ့ကောင် မင်းတို့ ငါသိတယ်လို့ပြောလိုက်တာ၊ သိတော့ ခုတ်တယ်ကွာဆိုပြီး ခုတ်တယ်၊ ဗယ်ဘက်လက်နဲ့ခံလိုက်တာ ၊ကျွန်တောက အော်တော့ ထွက်ပြေးသွားကြတာ၊ အိမ်ကိုပြန်ပြီး လက်က ဒဏ်ရာက ကြီးတော့ ဆေးရုံကိုသွားတာ၊ ဆေးရုံမှာ လက်က ဓားဒဏ်ရာက အရိုးထိတော့ ဓာတ်မှန်ရိုက်ပြီး ဒီနေ့မှ (ဇန်နဝါရီ ၁၉) ရက်မှ ချုပ်ရတယ်။ ဘယ်သူ ဘယ်ဝါတွေမှန်းလည်း မသိတော့ ရဲစခန်းမှာတော့ အမှုဖွင့်မထားဘူး ”။

ဓာတ်ပုံ- ဓားခုတ်ခံခဲ့ရသောကိုသီဟအောင် ဆိုင်ကယ် ဦးထုပ်

No photo description available.

LEAVE A REPLY

Please enter your comment!
Please enter your name here