မုံရွာ ရေလှိုင်းတုကစားကွင်းတွင် လူသေမှု စတင်စုံစမ်း

0
15387

မုံရွာဂေဇက်
မုံရွာ၊ ဇူလိုင်-၅

မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ရေလှိုင်းတုကစားကွင်း Chindwin Water Park တွင် ယမန်နေ့ မွန်းလွဲပိုင်းက ရေချိုးသူတစ်ဦး သေဆုံးမှုအား သက်ဆိုင်ရာမှ ယနေ့ စုံစမ်းစစ်ဆေးမှု စတင်ပြီဖြစ်သည်။

သေဆုံးသူမှာ မုံရွာမြို့ ရန်ကင်းရပ်ကွက်နေ အသက် ၃၁ အရွယ် ကိုအောင်မြင့်ဖြစ်ပြီး အော့အန်၍ သတိလစ်သွားခြင်းကြောင့် ဆေးရုံသို့ လူနာတင်ကားဖြင့် ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

“ဆေးစာကတော့ မထွက်သေးပါဘူး၊ သူအန်ပြီး ရေကူးကန်ပေါ်တက်လာတော့ ကလေးတွေက ဝိုင်းနှိပ်ပေးကြသေးတယ်ပြောတယ်၊ အရက်နံ့ရတယ်၊အရက်သေစာ သောက်စားထားတဲ့ လက္ခဏာရတယ်”ဟု နယ်မြေရဲစခန်းမှူး ရဲအုပ်ခင်သန်းက ပြောသည်။

COVID-19 ထိန်းချုပ်ကာလအတွင်း လူစုလူဝေးဖြစ်စေမည့် အပန်းဖြေဥယျာဉ်၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေ၊ အနှိပ်ခန်းများ ဖွင့်လှစ်ခွင့် ပေးမထားဘဲ ယခုကဲ့သို့ ရေလှိုင်းတုကစားကွင်း ဖွင့်သည့်အပေါ် မြို့နယ်အုပ်ချုပ်ရေးမှလည်း စုံစမ်းမှု ပြုလုပ်သွားမည်ဟု ဆိုသည်။

“စည်ပင်၊ ထွေအုပ်၊ ကျန်းမာရေးဌာနတို့ ခွင့်ပြုချက်ရမှ ဖွင့်ရမှာပါ၊ အခုက ဖွင့်ခွင့်ပေးမထားသေးပါဘူး၊ ဒီနေ့ စုံစမ်းမှုတွေ လုပ်နေပါတယ်’ ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက ပြောသည်။

ဇူလိုင် ၄ ရက်နေ့သည် လပြည့်နေ့နှင့် ရုံးပိတ်ရက်တိုက်ဆိုင်ခြင်းကြောင့် ၎င်းကစားကွင်း၌ လူထောင်ချီဝင်ရောက်ခဲ့သည်ဟု ကစားကွင်းပိုင်ရှင် ဦးနိုင်စိုးက ပြောသည်။

ရေလှိုင်းတုကစားကွင်းအား ဖွင့်ခြင်းမဟုတ်ဘဲ ၎င်းဝန်းအတွင်း စားသောက်ဆိုင်ကိုသာ ဇွန်လ ၁၆ ရက်နေ့က စတင် ဖွင့်လှစ်ထားပြီး ရေလာကူးသူများခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရေကူးကန်ဘက် ဝင်ရင် တစ်ယောက်ကို တစ်ထောင်တော့ ကောက်ပါတယ်၊ ရေလှိုင်းတုလည်း ဖွင့်မထားဘူး၊ ရိုးရိုးရေကူးကန်လိုပါပဲ၊ ရေနစ်တာ မဟုတ်ဘူး၊ အဲဒီကောင်လေးက မူးပြီး အန်နေလို့ ဝိုင်းပြုစုပြီး အိမ်ပြန်ပို့မယ်အလုပ်မှာ ကားပေါ်သတိလစ်သွားလို့ ဆေးရုံကို ပို့လိုက်တာပါ၊ ဒီထဲမှာ အရက်သေစာ သောက်စားခွင့်မပြုထားပါဘူး၊ လူက များလွန်းတော့ လုံခြုံရေးတွေလည်း ထိန်းမရဖြစ်သွားတာ၊ ကျော်ဝင်တဲ့သူတွေလည်း ရှိတယ်” ဟု ဦးနိုင်စိုးက ပြောသည်။

သေဆုံးခြင်းကြောင်းအရာအား မုံရွာဆေးရုံကြီးတွင် စစ်ဆေးပြီးမှ အတည်ပြုနိုင်မည်ဟု ဆိုသည်။

မုံရွာ Chindwin Water Park အား ယခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး တစ်လအကြာ၌ COVID -19 ကြောင့် ပိတ်ခဲ့ခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here