ကိုသစ္စာ
မုံရွာ၊ ဇူလိုင်-၂
COVID-19 ထိန်းချုပ်ရေး အထောက်အကူဖြစ်စေရန် ဖျားနာ လူနာများအား အခမဲ့ကုသပေးသည့် မုံရွာ Fever Clinic ဆေးခန်းအား ဇူလိုင် ၃ ရက်နေ့မှ စ၍ ရပ်နားတော့မည်ဖြစ်သည်။
၎င်းဆေးခန်းကို အထက (၂) ကျောင်းအနီး လူငယ်စင်တာတွင် မေလ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ၂ လကြာ ကုသပေးမှုများ ပြုလုပ်ခဲ့သည်။
“လာပြတဲ့ လူနာလည်း မရှိတော့ဘူး၊ ဆေးခန်းဖွင့်စဉ်မှာလည်း COVID-19 သံသယလူနာလည်း မတွေ့ရှိခဲ့ပါဘူး၊ ဒါပေမယ့် စေတနာ့ဝန်ထမ်းအဖွဲ့ကတော့အသင့် ဆက်ထားသွားမှာပါ၊ နောင်တစ်ချိန် တစ်ခုခုဖြစ်ရင် အချိန်မရွေးပြန်ဖွင့်နိုင်အောင်ပါ “ဟု မြန်မာနိုင်ငံဆရာဝန်အသင်း (မုံရွာ)၏ အတွင်းရေးမှူး ဒေါက်တာ ဝင်းသန့်ဦးက ပြောသည်။
Fever Clinic ဆေးခန်းကို ဆရာဝန်အသင်း (မုံရွာ) MMA နှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဖွင့်လှစ်ခဲ့စဉ်ကာလအတွင်း အထူးကုဆရာဝန်ကြီးများ၊ လုပ်အားပေး ဆရာဝန်များ၊ စေတနာ့ဝန်ထမ်းလူငယ်များ ဦးဆောင်၍ လူနာ ၂၀၀ ကျော်အား ကုသပေးနိုင်ခဲ့သည်ဟု ဆိုသည်။
ဓာတ်ပုံ-MMA