သတင်းထောက်နှင့် ရှေ့နေအမျိုးသမီး မူးယစ်ကွင်းဆက်ဖြင့် ဖမ်းခံရ

0
7956

မုံရွာဂေဇက်
မုံရွာ၊ သြဂုတ်-၂

မုံရွာမြို့တွင် သြဂုတ် ၁ ရက်နေ့ ညနေပိုင်းက ရတနာပုံရပ်ကွက်နေ လူငယ်တစ်ဦးထံမှ မူးယစ်ဆေးဖမ်းမိရာ ကွင်းဆက်အဖြစ် အလွတ်သတင်းထောက်နှင့် အလုပ်သင်ရှေ့နေ အမျိုးသမီးတို့ ဖမ်းခံရသည်။

ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့သည် မူးယစ်ဆေးသတင်းအရ ရတနာပုံရပ်ကွက် အမှတ် (၅) လမ်းတွင် စောင့်ဆိုင်းနေရာ ဆိုင်ကယ်စီးလာသော အသက်၂၄ နှစ်အရွယ် လူငယ်အား ဖမ်းဆီးစစ်ဆေးခဲ့သည်။

၎င်းထံမှ ဘိန်းဖြူ ဝ.၁၂ ဂရမ် ရှာဖွေတွေ့ရှိခဲ့ပြီး ထိုသူ၏နေအိမ် သလ္လာရပ်ကွက်၊ အမှတ် (၉) ရပ်၊ ဘယသုခလမ်းသို့ သွားစစ်ရာ ဘိန်းဖြူ ၅ ဂရမ်ကို ထပ်မံရှာဖွေ သိမ်းဆည်းမိခဲ့ကြောင်း မုံရွာမြို့နယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါလူငယ်အား စစ်ဆေးရာ မူးယစ်ဆေးများကို နန္ဒဝန်ရပ် အေးရိပ်သာလမ်းနေ လင်မယားနှစ်ဦးထံမှ ရောင်းချရန် ပေးအပ်ထားခြင်းဖြစ်ကြောင်း ထွက်ဆိုသဖြင့် ၎င်းတို့အား ဖုန်းဖြင့် ဆက်သွယ်ချိန်းဆိုစေခဲ့သည်။

အဆိုပါနှစ်ဦးမှာ ကားဖြင့် လာရောက်စဉ် အဆီကျဗိုက်ချပ်ဆေးဘူးအတွင်း ဝှက်သယ်လာသော ဘိန်းဖြူ ၂ ဂရမ် တွေ့ရပြီး ဖုန်း၊ ငွေစက္ကူများကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

“မူးယစ်အထူးတပ်ဖွဲ့က သွားဖမ်းတာပါ။ ကျွန်တော်တို့ အပိုင်နယ်မြေမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ စခန်းမှာ ချုပ်ထားပါတယ်”ဟု နယ်မြေရဲစခန်းမှူး ရဲအုပ်ခင်သန်းက ပြောသည်။

ထပ်မံဖမ်းမိသော လင်မယားတွင် ဇနီးဖြစ်သူမှာ တမူးမြို့မှ အလွတ်တန်းသတင်းထောက်ဖြစ်ပြီး မုံရွာမြို့တွင် လက်ရှိနေထိုင်သူဖြစ်ကြောင်း နယ်မြေရဲစခန်းမှ သိရသည်။

ထိုလင်မယား၏နေအိမ်သို့ ဖမ်းဝရမ်းဖြင့် သွားရောက်စစ်ဆေးရာ ယောကျာ်းဖြစ်သူ၏ ညီမ (အလုပ်သင်ရှေ့နေ)အား တွေ့ရပြီး နေအိမ်ထမင်းစားခန်းအနီး ကြမ်းပြင်တွင် ဂျပ်ပုံးဖြင့်ထည့်ထားသော ဘိန်းဖြူ ၈၁ ဂရမ် အား တွေ့ရှိခဲ့သည်။

ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးမှုတွင် မူးယစ်ဆေးများအား ဝယ်ယူ၍ ညီမဖြစ်သူထံ အပ်နှံထားခြင်းဖြစ်ကြောင်း သိရသည်။

“ဒုတပ်ဖွဲ့စုမှူး ဦးစီးပြီးဖမ်းတာပါ။ အသေးစိတ်ကိုတော့ ကျွန်တော်မသိရသေးလို့ပါ”ဟု မုံရွာမူးယစ်တပ်ဖွဲ့စု (၈) မှ ရဲမှူးသန်းအေးက ပြောသည်။

ဖမ်းမိသော အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့အား မုံရွာမြို့နယ်မြေရဲစခန်းတွင် မူးယစ်ပုဒ်မများဖြင့် အမှုဖွင့်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here