”မျိုးဆက်သစ် မုံရွာသားတို့ရအပ်သည့် ရှစ်လေးလုံးအရေးတော်ပုံကြီး၏ သင်ခန်းစာ’

0
50

လွန်ခဲ့သည့် နှစ်ပေါင်း၃၁နှစ် (၈.၈.၁၉၈၈)နေ့ မုံရွာမြို့ အထက (၁)ကျောင်းရှေ့တွင် ဖြစ်သည်။ကျောင်းရှေ့တံခါးမကြီးတွင် လူတော်တော်များများကို တွေ့နေရသည်။တိုက်ပုံကိုယ်စီနှင့်။တချို့က သားရေအိတ်ပြားကြီးတွေကို ကိုင်ထားသည်။မြို့နယ်ကောင်စီ အဖွဲ့တွေ ဖြစ်ပါလိမ့်မည်။ကျောင်းနှင့် မျက်နှာချင်းဆိုင် မိုးကောင်းဘုရားထဲတွင် ရဲတပ်ဖွဲ့ဝင်တွေ နေရာယူထားကြသည်။

မုံရွာမြို့ နာရီစင်အနီးတွင် ရှိသော အထက( ၃)အနီးတွင် ဖြစ်သည်။နာရီစင်အလွန် သလ္လာဦးဆိုင် အရှေ့တွင်နောက်ထပ် လူအုပ်ကြီးကို တွေ့ရပြန်သည်။သူတို့ မျက်နှာထားတင်းတင်းနှင့် ဖြတ်သွားဖြတ်လာတွေကို စောင့်ကြည့်နေကြသည်။ကျောင်းမရောက်ခင် လမ်းကြားထဲမှာကား ရဲတွေ အပြည့်။

ဆေးရုံကြီးအနီးက အထက (၂)ကျောင်းပတ်ဝန်းကျင်၌ ဖြစ်သည်။ပို၍များသော လူအုပ်နှင့် ရဲတွေကို မြင်ရသည်။

မုံရွာ အရှေ့ဘက် ကျောက္ကာလမ်း၌ ရှိသော မုံရွာကောလိပ်ကို မုံရွာသားများ ခါတိုင်းလို လွတ်လွတ်လပ်လပ် သွားခွင့် မသာတော့ပေ။ကျောင်းနား မပြောနှင့် ပေရှစ်ဆယ်လမ်းကိုပင် ကျော်၍ မရတော့။ကြားထဲ စစ်တပ် ချထားလိုက်သည်။

လုံခြုံရေးများ ကြိုတင်လက်ဦးမှု ယူထားသည်မို့ မုံရွာ၌ အရေးတော်ပုံကြီး ဖြစ်များ ဖြစ်တော့မည်လေလား။

အချိန်က နံနက် ၈နာရီ ထိုးခါနီးဆဲဆဲ။ထိုအခိုက် ဝုန်းကနဲ အသံကြီးကို မုံရွာတမြို့လုံး ကြားလိုက်ရသည်။ကမ်းနားလမ်းက အင်္ဂလိပ်လက်ကျန် တိုက်အိုတိုက်ဟောင်းကြီး ပြိုကျသွားခြင်း ဖြစ်သည်။

ထိုအဖြစ်ကို မုံရွာသားတယောက်က အခုလို အဓိပ္ပါယ် ဖော်လိုက်သည်။” ရှစ်ရက်၊ရှစ်လ၊ရှစ်ဆယ့်ရှစ်ခုနှစ်၊ရှစ်နာရီအိမ်အိုအိမ်ဟောင်းကြီး ပြိုကျ။ နမိတ်ကောင်းဟေ့၊

သူ့စကား အဆုံးမသတ်မီ အသံတွေ ထပ်ကြားလာရသည်။ရွှေစည်းခုံဘုရားဘက်ဆီမှ လာသော အသံဖြစ်သည်။တပ်ဦးတွင် အလံနီကို မြင်လိုက်ရသည်။လူထု အရေးတော်ပုံ စလေပြီ။ရွှေစည်းခုံဘုရားအတွင်းက နေပူခံကိုယ်တော်ကြီးဆီကနေ ချီတက်လာကြခြင်း ဖြစ်သည်။

ထိုခဏအချိန်လေးမှာပင် နောက်ထပ် ကျယ်လောင်သော အသံကို ကြားလိုက်ရပြန်ပြီ။စတိတ်ဝမ်းဘက်က ကျောင်းသားတွေ ချီလာလေပြီ။ခွပ်ဒေါင်းအလံတွေက လေတွင် တလွင့်လွင့် ပျံသန်းနေကြသည်။

“အာဏာရှင် အစိုးရ ကျဆုံးပါစေ။
ဒီမိုကရေစီ ရရှိရေး ဒို့အရေး”

သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီး မုံရွာ၌ ခမ်းနားစွာ ကျင်းပနိုင်ခဲ့ပါပြီ။

ရှစ်လေးလုံး အရေးတော်ပုံကာလကို ခြောက်တန်းကျောင်းသားဘဝနှင့် သိမီလိုက်သော ကျွန်တော်သည် မုံရွာ ရှစ်လေးလုံးသမိုင်းကို အနုစိတ် ချယ်မှုန်းပြသထားသည့် ဆရာကျော်ဝင်း၏ ပျောက်ဆုံးသွားသော မျိုးဆက်တခုကို ဖတ်ရင်း စိတ်တွေ တက်ကြွလာသည်။

မုံရွာ ရှစ်လေးလုံးသမိုင်းတွင် ထူးခြားချက်များစွာ ရှိသည်။ပထမအချက်သည် အချိန်ကိုက် နေရာကိုက် ကိုလိုနီ လက်ကျန် အဆောက်အအုံကြီး ပြိုကျသွားခဲ့သည်။ထိုအဆောက်အအုံ ပြိုကျမှုကြောင့်ပင် ကြိုတင်လက်ဦးမှု ယူ၍ နေရာအနှံ့ ချထားသော လုံခြုံရေးများသည် ကမ်းနားလမ်းသို့ သုတ်ချေတင်ကြရသည်။နောက်ထပ် ထူးခြားချက်မှာ ရှစ်လေးလုံးနေ့ အစကတည်းက၌ မုံရွာ၌ ဆန္ဒပြပွဲက နှစ်ဖွဲ့ ဖြစ်နေသည်။

တစ်ဖွဲ့က နေပူတော်ခံ ကိုယ်တော်ကြီးဘက်က ချီတက်လာခြင်း ဖြစ်ပြီး၊နောက်တဖွဲ့က စတိတ်ဝမ်းဘက်မှ ချီတက်လာခြင်း ဖြစ်သည်။မုံရွာ ရှစ်လေးလုံးသမိုင်းအတွက် ထူးခြားသည့် နေရာများမှာ ပြိုကျသွားသော ရှေးအဆောက်အအုံ၊ရွှေစည်းခုံဘုရား၊စတိတ်ဝမ်းနှင့် ဆုတောင်းပြည့် ဘုရားတို့ ဖြစ်ကြသည်။

မုံရွာသားတွေ သွေးစည်းညီညွှတ်ခဲ့ကြသော၊ရဲဝံ့စွန့်စားခဲ့ကြသော၊တပါတီအာဏာရှင်နစ်ကို အံတုခဲ့ကြသည့် ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ယခုနှစ်၌ ၃၁နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။

ဤတွင် တဆက်တည်း အရေးပါလာသည်မှာ ၁၉၈၀ခုနှစ်အလွန် မွေးဖွားလာကြသော မျိုးဆက်သစ် မုံရွာသားများကို အရေးတော်ပုံကြီးကို သိမီလိုက်ကြသော မျိုးဆက်ဟောင်းများက အရေးတော်ပုံကြီးနှင့် စပ်လျဉ်း၍ မည့်သည့် အချက်တွေကို လက်ဆင့်ကမ်းကြမည်နည်း။မည့်သို့သော သင်ခန်းစာတွေ ပေးကြမည်နည်း ဟူသော အချက် ဖြစ်သည်။

တော်လှန်ရေးတိုင်းတွင် ဘေးထွက်ဆိုးကျိုးများ ရှိပါသည်။ထိုသဘောအတိုင်းပင် မုံရွာရှစ်လေးလုံးသမိုင်းတွင်လည်း ဘေးထွက် ဆိုးကျိုးတခု ရှိခဲ့ပါသည်။ယင်းမှာ ပြသာဒ်ကျောင်း သပိတ်စခန်းကို ဆုတောင်းပြည့်သပိတ်စခန်းမှ သွားဝိုင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားပြီး ပြသာဒ်ကျောင်း သပိတ်စခန်း ကျသွားသည်။ထို့နောက် အင်မတန် ရက်စက်ဖွယ်ခေါင်းဖြတ်မှု ဖြစ်လာခဲ့သည်။ဤဆိုးကျိုးသည် နောက်မျိုးဆက် မုံရွာသားများ သင်ခန်းစာယူစရာပင် ဖြစ်သည်။

နောက်ထပ် သင်ခန်စားတခုမှာ ရှစ်လေးလုံးသပိတ်၏ အဆုံးသတ်နေ့ရက်များတွင် ဖြစ်ပျက်ခဲ့သော စစ်တပ်စခန်းချရာ စတိတ်ဝမ်းကျောင်းကို သွားဝိုင်းရာမှ မုံရွာသားအချို့ ကျဆုံးသွားခဲ့ရသည်။အမှန်တော့ စစ်တပ်ဘက်က ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်၍ ရခဲ့သလို မုံရွာဒေသခံတို့ဘက်မှလည်း စိတ်လိုက်မာန်ပါ မလုပ်ဆောင်သင့်ခဲ့ပေ။

ရှစ်လေးလုံး အရေးတော်ပုံကြီးသည် အမှန်တော့ နိုင်ငံအတွက် အခွင့်အရေးများစွာကို ဖန်တီးပေးခဲ့သော သမိုင်းဝင်နေ့စွဲ တရက် ဖြစ်ခဲ့သည်။သို့သော် မည်သည့်ဘက်ကမှ ထိုအခွင့်အရေးကို မရယူနိုင်ခဲ့ပေ။ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင်များဘက်မှလည်း ဒေါက်တာမောင်မောင် ကမ်းလှမ်းခဲ့သည့် အခွင့်အရေးများကို လျစ်လျူ ပြုခဲ့သလို တပ်မတော်ဘက်ကလည်း ၁၉၉၀ရွေးကောက်ပွဲ ရလဒ်ကို ထိုအချိန်က အကောင်အထည် ဖော်ပေးခဲ့ပါက လူထုချစ်သော တပ် ဖြစ်လာမည်မှာ သေချာနေသည်။ထိုအခွင့်အရေးကို တပ်လည်း မဆုပ်ကိုင်နိုင်ခဲ့ပေ။

ထို့ကြောင့် မျိုးဆက်ဟောင်းများအနေနှင့် မျိုးဆက်သစ် မုံရွာသားများကို ပေးသင့်သည့် ရှစ်လေးလုံး သင်ခန်းစာမှာ နာကျင်မှု၊ကြေကွဲမှု၊မုန်းတီးမှု၊ဖိနှိပ်ရက်စက်မှုနှင့် ရန်ငါစည်းခြားမှုတို့ မဟုတ်ဘဲ အဖြူ အမည်း အမြင်တွေကို ခဝါချပစ်နိုင်သည့်၊ ရန်ငါအစွဲတွေကို လျှော်ဖွတ်ပစ်နိုင်သော၊မတူညီမှုတွေကို လက်ညှိးထိုး အပြစ်တင်နေကြမည့်အစား ညှိနိူင်းဆွေးနွေး အဖြေရှာတတ်သည့် ဒီမိုကရက်တစ်ရဲ့ ယဉ်ကျေးမှုဓလေ့များကိုအစပြု မွေးဖွားပေးခြင်းပဲ ဖြစ်ပါသည်။

Photo – Aung Nay Myo

LEAVE A REPLY

Please enter your comment!
Please enter your name here