မြို့နယ် ၁၉ ခုတွင် ဆင်ခြေထောက်ရောဂါကာကွယ်ဆေး တိုက်ကျွေးမည်

0
2108

ကိုသစ္စာ
မုံရွာ၊ ဇူလိုင်-၆

မုံရွာမြို့အပါအဝင် စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၁၉ ခု၌ ဆင်ခြေထောက်ရောဂါကာကွယ်ဆေးကို ယခုလ ၈ ရက်မှ ၁၇ ရက်နေ့အထိ တိုက်ကျွေးသွားမည်ဖြစ်သည်။

စစ်ကိုင်းတိုင်းရှိ ခရိုင် ၁၀ ခုတွင် စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်တို့ရှိ မြို့နယ် ၁၉ မြို့နယ်သည် ဆင်ခြေထောက်ရောဂါ အမြစ်မပြတ်သေးသောဒေသများ ဖြစ်နေသည်။

မုံရွာမြို့တွင် လူ ၃၀၀ အား စစ်ဆေးရာ ၄ ယောက်တွင် ဆင်ခြေထောက်ပိုးတွေ့ရသဖြင့် ဆေးတိုက်ကျွေးမှုကို ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်နေခြင်းဖြစ်သည်။

“ဝေပြီးရင် ယူထား၊ ဖွက်ထားပြီး လွှင့်ပစ်ကြတယ်။ အနာသိပ်တာတွေ လုပ်ကြတယ်။ ဆေးက အသက်အန္တရာယ်ထိဖြစ်တဲ့ဟာ မရှိပါဘူး။ အဲဒါတွေကြောင့် ရောဂါဆေးတိုက်ကျွေးတဲ့ ဝန်ထမ်းတွေရှေ့မှာတင် သောက်အောင် စီစဉ်ထားပါတယ်” ဟု မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာညိမ်းညိမ်းအေးကပြောသည်။

ဆင်ခြေထောက်ဆေးနှင့်သန်ချဆေး တိုက်ကျွေးမှုကို ၁၅ နှစ်ကြာ လုပ်ဆောင်ခဲ့သော်လည်း ရောဂါပိုးတွေ့နေရသေးသည်ဟု ဆိုသည်။ ၎င်းကြောင့် ယခုနှစ်တွင် ကင်းဝေးစေရေး နောက်ဆုံးတိုက်ကျွေးမှုအဖြစ် ဆောင်ရွက်နေကြောင်း သိရသည်။

ဆေးအား ၅ နှစ်ဆက်တိုက်သောက်ပါက ရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။

“သောက်ရင်မူးတယ်၊ မတည့်ရင်ပိုဆိုးတယ် ကြားလို့ မသောက်ကြတာ၊ လာပေးလည်း ယူထားလိုက်တယ် “ဟု မြဝတီရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ရောဂါပိုးအခံရှိသူများတွင် ဆေးသောက်ပြီး ယားယံခြင်း၊ ဖျားခြင်း၊ ပြင်းထန်စွာမူးဝေခြင်း၊ အော့အန်ခြင်း၊ အင်ပျင်ထခြင်းများ ပိုမိုဖြစ်တတ်ကြပြီး ယင်းကဲ့သို့ ဖြစ်ပေါ်ပါက ကျန်းမာရေးဌာနသို့ ဆက်သွယ်နိုင်ပြီး ဆင်ခြေထောက်ရောဂါ ပျောက်ကင်းစေရန် ၁၂ ရက်ကြာ ဆေးတိုက်ကျွေးမည် ဖြစ်သည်။

ဆင်ခြေထောက်ဆေးကို ညနေ ၄ နာရီမှ ည ၇ နာရီအတွင်း ကျန်းမာရေးဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊ ပရဟိတအဖွဲ့များမှ လာရောက်တိုက်ကျွေးမည်ဖြစ်သည်။

ဆင်ခြေထောက်ရောဂါပိုးသည် ရေပုပ်၊ ရေဆိုးမြောင်းများတွင် ပေါက်ပွားသော ကျူးလက်စ်ခြင်မှတဆင့် ကူးစက်သောရောဂါဖြစ်သည်။

ဆင်ခြေထောက်ရောဂါကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်များ၊ အသက် ၂နှစ်အောက်ကလေးများ၊ ရောဂါအခံ တစ်ခုခုရှိသူများ မသောက်ရကြောင်း ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here