ရပ်ထားသည့် ခြောက်ဘီးကားအောက် ဝင်အိပ်သည့် အမျိုးသား ကားကြိတ်သေဆုံး

0
69

တမူးမြို့နယ် စွန်လည်ကျေးရွာအနီး ချောင်းစပ်တွင် ရပ်ထားသော ခြောက်ဘီးကားအောက် ဝင်အိပ်သည့် အမျိုး သားတစ်ဦး ကားကြိတ်ခံရ၍ ဇန်နဝါရီ ၂၇ ညပိုင်းက သေဆုံးသွားကြောင်း သတင်းရရှိသည်။

တမူးမြို့နယ် ဘုက္ကန်ရဲကင်းစခန်းမှူး ဒုရဲအုပ် အောင်မျိုးလှိုင်သည် ဇန်နဝါရီ ၂၈ ညနေပိုင်းအချိန်၎င်း၏ ရဲစခန်း၌ တာဝန်မှူး တာဝန်ထမ်းဆောင်နေစဉ် စွန်လည်ကျေးရွာ အုပ်ချုပ်ရေးမှူးမှ လူတစ်ဦး ကားကြိတ်သေဆုံးနေကြောင်း ဖုန်းဆက်၍ သတင်းပေးသဖြင့် သွားရောက်စစ်ဆေးခဲ့ကြောင်း ဆိုသည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ တမူးမြို့ စော်ဘွားရပ်ကွက်တွင် နေထိုင်သည့်အသက်၂၂ နှစ်အရွယ် ကိုအောင်ဇော်ထွန်း(ခ) ငပိန်သည် ၎င်းမောင်းနှင် လာသောအဖြူရောင် ကျောက်တင်ခြောက်ဘီးကားအား ဇန်နဝါရီ ၂၇ ရက်ညနေပိုင်းတွင် စွန်လည်ရွာအနီး ချောင်းစပ်ဆင်ခြေလျှောတွင် ရပ်တန့်ကာ ကားအနီး ငါးပေခန့်အကွာတွင် မီးဖိုအိပ်နေခဲ့ကြောင်း ယာဉ်မောင်း ကိုအောင်ဇော်ထွန်းမှ ရဲထံထွက်ဆိုသည်။

ယာဉ်မောင်းနှင့်အတူပါလာသည့် ကျောက်တင် အလုပ်သမား တစ်ဦးဖြစ်သူ အသက် ၂၀ အရွယ်ရှိ စွန်လည်ရွာသစ်ရွာ၌ နေထိုင်သည့် စိုင်းအာကာလွန်ဆိုသူမှာ ကားအောက်ဝင်ရောက်အိပ်နေခဲ့ကြောင်း ထပ်မံထွက်ဆိုသည်။

ခြောက်ဘီးကားမှာ ဂျမ်းတုံးမခု၊ ဂီယာမထိုးဘဲရပ်တန့်ထားမိသဖြင့် ဇန်နဝါရီ ၂၇ ညပိုင်း ၁၀ နာရီခွဲခန့် အရောက်တွင် ဆင်ခြေလျှောအတိုင်း လိမ့်ဆင်းသွားရာ ကားအောက် အိပ်ပျော်နေသည့် စိုင်းအာကာလွန်၏ ဦးခေါင်းအား ကား၏ ဘယ်ဘက်နောက်ဘီးဖြင့် ကြိတ်မိကာ သေဆုံးသွားကြောင်း ရဲစစ်ချက်အရသိရသည်။

အဆိုပါဖြစ်စဉ်အား ဒုရဲအုပ် အောင်မျိုးလှိုင်မှ တရားလိုပြုလုပ်ကာ ခမ်းပါတ်နယ်မြေရဲစခန်း ယာဉ်(ပ)၁/ ၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ လူသေဆုံးနိုင်လောက်အောင်ယာဉ်အား ပေါ့လျော့စွာရပ်ထားသည့် အောင်ဇော်ထွန်းဆိုသူအား အရေးယူပေးပါရန် တိုင်တန်းထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here