ရာသီဥတု ပြောင်းလဲမှုအောက်က တောင်သူများဘ၀

0
68

အိအိဖြိုး မေးသည်။

ပြောင်းလဲသွားသော ရာသီဥတုဒဏ်ကို တောင်သူများ လက်ရှိခံစားနေရသည်။ သမားရိုးကျ စိုက်ပျိုးသည့်ပုံစံမှ ခွဲထွက်၍ ပြောင်းလဲစိုက်ပျိုးရတော့မည်ဆိုသော အချက်ပေးခေါင်းလောင်းသံမှာ တောင်သူများအပေါ် ရိုက်ခတ်လာနေပြီ ဖြစ်သည်။ မိုးခေါင်ခြင်း၊ မိုးများခြင်း၊ ဆည်ရေမရရှိခြင်းတို့ကြောင့် အခက်တွေ့နေကြရသည့် လယ်ယာကိုင်းကျွန်း ဥယျာဉ်ခြံမြေ စိုက်ပျိုးတောင်သူများ၏ စကားသံများကို ဖော်ပြပေးလိုက်ပါသည်။

ဦးဇော်လင်းထွန်း
တောက္ကရှပ်ရွာ၊ ကန့်ဘလူမြို့နယ်။

မိုးခေါင်တော့ မြေပဲနဲ့ ပန်းလေးတွေပဲ စိုက်တယ်။ ရာသီဥတုမကောင်းတော့ အဆင်မပြေဘူး။

အထွက်နှုန်းလည်းကျတယ်။ ဆည်ရေသောက်လည်းမရဘူး။ မိုးခေါင်တော့ ဘာမှလုပ်မရဘူး။ ရက်ကန်းရှိတဲ့ သူကတော့ ရက်ကန်းခတ်ကြတယ်။ အခုနေတော့ တအားကြီးဆိုးသေးဘူး။ အစိုးရ ချေးငွေတွေကျလည်း ရတာနောက်ကျတယ်။ အခုဆို ကုမ္ပဏီကချေး ငွေတွေလည်း ယူကြရတယ်။

ဦးကျော်ဦး
စည်လှောင်ရွာ၊ ယင်းမာပင်မြို့နယ်။

အခုလတ်တလောတော့ ပဲစင်းငုံ စိုက်တယ်။ မိုးမမှန်တဲ့အတွက် အပင်တွေမဖြစ်လို့ နှစ်ခါ၊ သုံးခါပြန်စိုက်နေကြရတယ်။ အခုတော့ အပင်ပေါက် လာပါပြီ၊ စပါးစိုက်တော့လည်း မိုးကမ မှန်တော့ အပင်တွေသေကုန်တယ်။ အဲတော့ နှစ်ခါပြန်စိုက်ရတော့ နှစ်ခါ ကုန်တာပေါ့။ ချေးငွေတွေလည်း ထုတ်ထားတယ်။ ဈေးကွက်ကတော့ မနှစ်ကဆို ပဲစင်းငုံကအဆင်မပြေဘူး။ ထွက်အားလည်း နည်းတယ်။ ဈေးကလည်း ထင်သလောက်မရဘူး။ ဈေးကောင်းတဲ့ အချိန်ကျတော့ တောင်သူတွေဆီမှာ မရှိတော့ဘူး။ ငွေလိုတော့လည်း ရောင်းစားကြရတာလေ။ ကြားပေါက် အလုပ်ကတော့ ထန်းလက်ထိုင်ခုံတွေလုပ်ပြီး မြို့ထဲလှည့်ရောင်းကြတယ်။ ကိုဗစ် ကာလကတော့ ထိုင်ခုံကို မရောင်းရဘူး။ အခုတော့ မဆိုးပါဘူး ရောင်းရပါတယ်။

ဦးသန်းငွေ
သရက်ကန်အရှေ့ရွာ၊ ဒီပဲယင်းမြို့နယ်။

ဒီနှစ် ဆည်ရေမရလို့ နွေသီးနှံမစိုက်ရဘူး။ တချို့တော့ နွေနှမ်းတို့၊ ပဲတီစိမ်းတို့ စိုက်ကြပေမယ့် စိုက်တဲ့သူနည်းတယ်။ အရင်နှစ်ကတွေနဲ့စာရင် စိုက်ဧကနည်းသွားပြီ။ စားဝတ်နေရေးကတော့ ကြံဖန်စားကြတာပေါ့။ ချေးငွေတွေလည်း လှည့်ချေးကြတယ်။ အဓိကတော့ စပါး စိုက်တာပါ။ ရေမရလို့သာ တခြား ကောင်းနိုးရာရာ ပြောင်းစိုက်ကြတာပါ။ တောင်သူတွေဆိုတော့ စိုက်စရာမရှိရင် တခြားအလုပ်တွေ ထွက်လုပ်ကြရတယ်။ ရွှေတွင်းသွားကြ၊ ရန်ကုန်အထည် ချုပ်စက်ရုံ သွားကြတယ်။ ကျွန်တော်တို့နိုင်ငံက စိုက်ပျိူးရေးနိုင်ငံဆိုတော့ နိုင်ငံတော်အနေနဲ့ တောင်သူတွေရဲ့ အခက်အခဲလေးတွေကို သူတို့တတ်နိုင်သလောက် ဖြေရှင်းပေးစေချင်ပါတယ်။

ဦးမောင်ပေါ
ပုထိုးသာကျေးရွာ၊ ပုလဲမြို့နယ်။

အခုလောလောဆယ် နှမ်းစိုက်ထားတာက ပွင့်ဖူးမယ့်ဆဲဆဲ မိုးခေါင်တော့ တချို့အခငး်တွေဆို ဖျက်ပစ်ကြရတယ်။ သီးနှံဈေးကွက် အခြေအနေမကောင်းဘူး။ စားဝတ်နေရေး အဆင်မပြေဘူး။ အဆင်ပြေသလို နေ့စားလုပ်ငန်းတွေဖြစ်တဲ့ လက်သမားတို့၊ ပန်းရန်တို့လိုက်လုပ်ကြတယ်။ ချေးငွေက အခုမှတင်ထားတုန်း။ ကိုဗစ်ကာလ ချေးငွေပေးမယ်လို့တော့ ကြားတာပဲ။ တင်တော့ တင်ထားသေးတယ်။

ဦးမြင့်လွင်(ဖရဲ၊ သခွားစိုက်တောင်သူ)
မှန်ချိုရွာ၊ ချောင်းဦးမြို့နယ်။

အခုချိန်က စိုက်သာ စိုက်ထားရတာ တရုတ်ဘက်ကို မပို့ရဘူး။ ဒီနှစ်၂ ဧက လောက်ပဲ စိုက်ထားတယ်။ အခုလတ်တလောမှာ ဖြစ်သလို ရှာဖွေစားကြတယ်။ ငွေမလည်ရင်လည်း တဆင့်တဆင့်နဲ့ ချေးသုံးကြတာပေါ့။ ပြည်ပတင်မရှိတော့ နားစွင့်ပြီး မျှော်လင့်နေကြတယ်။ တချို့ တလေဆိုရင် ကြားပေါက်လုပ်ကြတယ်။ တောင်သူတွေက လုပ်နေကြအလုပ်တွေ မလုပ်ရတော့ ဈေးရောင်းကြတယ်။ သီးနှံလေးတွေကို သူ့ဈေးလေးနဲ့သူ သတ်မှတ်ပေးစေချင်တယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ပြန်ပွင့်ပါစေလို့ပဲ ဆုတောင်းရတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here