ရွေးကောက်ပွဲအတွက် စစ်ကိုင်းတိုင်းတွင် အထူးရဲ လေးထောင်ကျော် ခေါ်မည်

0
4352
၂၀၁၅ ရွေးကောက်ပွဲကာလတွင် အထူးရဲများအား သင်တန်းပေးစဉ်

ကိုသစ္စာ
မုံရွာ၊ ဇူလိုင်- ၃၀

ယခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ မဲရုံများ လုံခြုံရေးအတွက် နှစ်လကြာ တာဝန်ထမ်းဆောင်ရန် စစ်ကိုင်းတိုင်းတွင် အထူးရဲ လေးထောင်ကျော်ခေါ်သွားမည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးကြီးဘဝင်းက ပြောသည်။

ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းအတွင်းရှိမည့် မဲရုံ ၄၁၀၂ ရုံအတွက် တစ်ရုံလျှင် အထူးရဲ တစ်ဦးနှုန်းဖြင့် ခန့်ထားမည်ဖြစ်သည်။

“မဲရုံတွေမှာ ကျွန်တော်တို့ရဲတပ်ဖွဲ့တွေက စောင့်ကြည့်လို့မရဘူး။ အထူးရဲက ကြည့်ရမှာ။ ထူးခြားမှုကို အမြဲသတင်းပို့ရမယ်။ သူက အတွင်းစည်း၊ ရဲတပ်ဖွဲ့က အပြင်စည်းမျိုးပေါ့”ဟု ဒုရဲမှူးကြီးဘဝင်းက ပြောသည်။

ရွေးကောက်ပွဲလုံခြုံရေး အထူးရဲများကို ရွေးကောက်ပွဲအကြိုကာလမှ ရွေးကောက်ပွဲအပြီးထိ တာဝန်ထမ်းရမည်ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယူနီဖောင်းကို သီးခြားလက်မောင်းတံဆိပ်တပ် ဝတ်ဆင်ရမည်ဖြစ်ကြောင်း လစာခံစားခွင့်မှာ ရဲတပ်သားလစာဖြစ်ပြီး နေ့တွက်စရိတ်များလည်း ပေးမည်ဖြစ်သည်။

အထူးရဲလျှောက်ထားလိုသူများမှာ အသက် ၁၈ ပြည့်မှ ၆၀ အတွင်း ကိုယ်လက်အင်္ဂါ မချို့ယွင်းသူ၊ ကျန်းမာသန်စွမ်းသူ၊ ပညာရေး အလယ်တန်းဆင့်အောင်မြင်၍ အရပ် မပုလွန်း၊ ခန္ဓာကိုယ် မ၀လွန်းသူ၊ ရပ်ကျေးမှထောက်ခံပြီး နယ်မြေခံများမှ ယုံကြည်လေးစားသူ၊ ပါတီနိုင်ငံရေးကင်းရှင်းသူများ ဖြစ်ရန်လိုကြောင်း သိရသည်။

တာဝန်ပြီးဆုံးပါက အထူးရဲများသည် အမြဲတမ်းရဲတပ်ဖွဲ့ဝင် ဖြစ်လိုပါက သတ်မှတ်အရည်အချင်းများဖြင့် ကိုက်ညီလျှင် လက်ခံသွားမည်ဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here