ရွှေဘို-မြစ်ကြီးနားလမ်းတွင် ကျောက်စိမ်းလက်ကောက် ၅၀၀ ကျော်နှင့် အရိုင်းတုံးများ ဖမ်းမိ

0
2135

ကိုအောင်ကြီး
မုံရွာ၊ ဩဂုတ်- ၄

ရွှေဘို-မြစ်ကြီးနားသွားကားလမ်း အင်းတော်မြို့နယ် နဘားစုပေါင်းဂိတ်တွင် ကျောက်စိမ်းလက်ကောက်အကြမ်းထည် အကွင်း ၅၀၀ကျော်နှင့် အရိုင်းတုံး ၁၅ တုံး၊ အပိုင်းဖြတ်စများကို ယနေ့နံနက် ၆ နာရီခွဲက ဖမ်းမိသည်။

ရဲတပ်ဖွဲ့မှ နဘားဂိတ် လမ်းဆုံတွင် စစ်ဆေးမှုလုပ်ရာ ကချင်ပြည်နယ် မြစ်ကြီးနားဘက်မှ မောင်းလာသော အိမ်စီးကားတစ်စီးအား ရပ်တန့်စစ်ဆေးခဲ့သည်။

ကား၏အံဝှက်အတွင်းနှင့် နောက်ခန်း စပါယ်ယာဘီးဘောက်အတွင်းမှ အဝါရောင်တိတ်များဖြင့် ပတ်ထားသည့် ကျောက်စိမ်းဟုယူဆရသော ပစ္စည်းများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကျောက်စိမ်းအရိုင်းတုံး ၁၅ တုံး အလေးချိန် ၂၃၅ ကီလိုဂရမ်၊ ကျောက်စိမ်းလက်ကောက်အကြမ်းထည် ၅၇၂ ကွင်း အလေးချိန် ၆၂ ကီလိုဂရမ်၊ ကျောက်စိမ်းအပိုင်းဖြတ်စ ၈၁ ကီလိုဂရမ်ကို သိမ်းမိခဲ့ခြင်း ဖြစ်သည်။

“ဖမ်းမိတာ ဟုတ်ပါတယ်။ တန်ဖိုးတော့ ရာဖြတ်အဖွဲ့ကို ခန့်မှန်းဖို့ ပို့ထားပါတယ် ”ဟု အင်းတော်မြို့မရဲစခန်းမှ ဒုရဲမှူးစိန်ရက ပြောသည်။

ဖမ်းမိသည့်ပစ္စည်းများကို ကျောက်စိမ်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရေး ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ကျောက်စိမ်းတူးဖော်ရေးဌာနထံ ထင်မြင်ချက် တောင်းခံထားသည်။

ဖမ်းမိသော ကားသမားနှင့် စပါယ်ယာမှာ နေပြည်တော်နှင့် ပုသိမ်ကြီးမြို့နယ်တို့မှ ဖြစ်ပြီး မန္တလေးမြို့သို့ ပို့ဆောင်ရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ကို အင်းတော်မြို့မရဲစခန်းတွင် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၅၁(က)ဖြင့် အမှုဖွင့်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here