ရွှေမျောတွေ ဇာတ်သိမ်းသွားတဲ့အခါ

0
3415
ဟုမ္မလင်းမြို့နယ်ရှိ ရွှေမျောလုပ်ကွက်တစ်ခုကို တွေ့ရစဉ်။ အများစုသည် အနယ်နယ်အရပ်ရပ်မှ လာရောက်ရင်းနှီးမြှုပ်နှံကြသူများ ဖြစ်သည်။ ဓာတ်ပုံ - ရဲမင်း

မုံရွာဂေဇက်

စစ်ကိုင်းတိုင်းအစိုးရ၊ ဒေသလွှတ်တော်ရုံးစိုက်ရာ မုံရွာမြို့နှင့် ရေမိုင်သုံးရာကျော်ဝေးသည့် ချင်းတွင်းအထက်ပိုင်း ဟုမ္မလင်းဒေသသည် ရွှေသယံဇာတ ပေါကြွယ်ဝပြီး ရှမ်းနီတိုင်းရင်းသားအများစု နေထိုင်သည့် ဒေသတခုဖြစ်သည်။

ဟုမ္မလင်းမြို့နယ်တွင် လုပ်ကိုင်နေကြသည့် ရွှေတူးဖော်ရေးလုပ်ငန်များအား အစိုးရအဆက်ဆက် စီမံခန့်ခွဲမှု၊ ကြီးကြပ်မှု အားနည်းခြင်းများကြောင့် ဒေသခံများ ထိုက်သင့်သည့် အခွင့်အရေးမရဘဲ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာမည့်အရေးကို ယခုအချိန်၌ စိုးရိမ်ပူပန်နေကြသည့် ဒေသခံများလည်း ရှိသည်။

“ရှိသမျှအကုန် လှန်လှပ်ပြီး တွယ်သွားတဲ့အခါကျတော့ နောက်ဆုံး ဒီဘက်ဒေသရဲ့ အနေအထားက မြေစာပုံနဲ့ မျောမြှီးပုံမှာပဲ အသက်ကိုလုယူရမယ့်သဘော ရောက်သွားနိုင်တယ်”ဟု စိုင်းနိုင်နိုင်ကျော်က သတိပေးသည်။

စိုင်းနိုင်နိုင်ကျော်သည် ရှမ်းနီ-တိုင်းလျန် သွေးစည်းညီညွှတ်ရေးပါတီ (SSP) ဥက္ကဋ္ဌတစ်ဦးဖြစ်သည်။ သူစိုးရိမ်မည်ဆိုလည်း စိုးရိမ်စရာပင် ဖြစ်သည်။

စစ်ကိုင်းတိုင်းသည်သယံဇာတ ပေါကြွယ်၀သော်လည်း တူးဖော်ထုတ်လုပ်ရာ၌ ကောင်းကျိုးများ အပြည့်အဝမရဘဲ ပြဿနာများစွာ မွေးထုတ်ပေးသည့် သာဓကများစွာ ရှိသည်။ လက်ပံတောင်းတောင်၊ ကြေးစင်တောင်၊ စံပယ်တောင် ကြေးနီစီမံကိန်းများသည် ဒေသအတွက် မကျက်သေးသည့် အနာလို ဖြစ်နေသည်။ စစ်ကိုင်းတိုင်းဒေသကြီး သတ္တုတွင်းဦးစီးဌာနက ရရှိသော သတင်းအချက်အလက်များအရ စစ်ကိုင်းတိုင်းတွင် ရွှေတူးဖော်ရေးလုပ်ငန်းများမှ ရရှိသည့် အခွန်ငွေသည် ၂၀၁၉ ခုနှစ် မတ်လမှ ၂၀၂၀ ဇွန်လပိုင်းအထိ ကျပ်ငွေ သန်းခုနစ်ထောင်ကျော် ကောက်ခံရရှိထားကြောင်း သိရသည်။

ယင်းကဲ့သို့ အခွန်ငွေ အများအပြား ရှာဖွေပေးနိုင်သော ရွှေသယံဇာတများရှိသည့် ဟုမ္မလင်းနယ်၏ အခြေခံအဆောက်အအုံများနှင့် လူမှုဘဝ ဖွံ့ဖြိုးရေးသည်ကား များစွာနိမ့်ကျနေဆဲပင်ဖြစ်သည်။

ဟုမ္မလင်းဒေသအနေနှင့် ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက ရှိသည့်သံယံဇာတ ကုန်သွားသည့်တိုင် ယခုချိန်ထိ လူချင်းတူသည့်လမ်းပင် မရှိကြောင်း စိုင်းနိုင်နိုင်ကျော်က ဆိုသည်။

“အခုချိန်ထိ ကျောက်တွင်းထွက်တဲ့ ခန္တီးနဲ့ ရွှေထွက်တဲ့ဟုမ္မလင်း ၁၃၉ မိုင် ရှိတယ်။ မိုးရွာလိုက်ရင် သွားလို့မရတော့ဘူး”ဟု လမး်ပနး်ဆက်သွယ်ရေး အခြေအနေကို ပြောပြသည်။

ထို့အပြင် လျှပ်စစ်ဓာတ်အားရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သတင်းအချက်အလက် ဆက်သွယ်ရေးကဏ္ဍများ ဖွံ့ဖြိုးရေးများတွင်လည်း နိမ့်ကျနေဆဲ ဖြစ်သည်။

စိုင်းနိုင်နိုင်ကျော်က “ကျန်းမာရေးစောင့်ရှောက်မှုက အတော်ကို အားနည်းပါတယ်။ အထက်ချင်းတွင်းမှာက ကျန်းမာရေးနဲ့ပတ်သက်ရင် နောက်ဆုံးခံတပ်က ဟုမ္မလင်းပဲ”ဟု ပြောသည်။

ရွှေမှော်ဒေသ အနီးမြင်

ဇွန်လနှောင်းပိုင်းက မုံရွာဂေဇက်အနေဖြင့် ဟုမ္မလင်းမြို့နယ်ရှိ ဥရုချောင်းရိုးတစ်လျှောက်ရှိ ရွှေမှော်ဒေသများသို့ ကွင်းဆင်းရောက်ရှိခဲ့သည်။ လက်တွေ့မြေပြင်တွင်လည်း ဒေသရှိ အခြေခံအအောက်အအုံများသည် စိုင်းနိုင်နိုင်ကျော် ပြောခဲ့သလို တွေ့မြင်ရသည်။

ဟုမ္မလင်းမြို့ပေါ်တွင်ပင် လျှပ်စစ်မီးရရှိသည်မှာ ၂၀၁၅ ခုနှစ် ဝန်းကျင်မှသာ ကျယ်ကျယ်ပြန့်ပြန့်ရရှိလာခြင်းဖြစ်သည်။ သို့သော် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ပြီး လျှပ်စစ်မီးက အကန့်အသတ်ဖြင့်သာ ရရှိနေသည်။ အစိုးရမှ ၁၅ ယူနစ်အထိသာ လုပ်ဆောင်ပေးနိုင်ပြီး ၁၅ ယူနစ်ထက်ကျော်လွန်သွားလျှင် ကုမ္ပဏီကို အစိုးရတစ်ယူနစ်ထက် အဆများစွာ ငွေကြေးပေးဆောင်၍ လျှပ်စစ်မီးရယူနေရခြင်းဖြစ်သည်။ အစိုးရလျှပ်စစ်တစ်ယူနစ်သည် ၃၅ ကျပ်ဖြစ်ပြီး ကုမ္ပဏီသို့ပေးဆောင်ရသည့် လျှပ်စစ်တစ်ယူနစ် သည် ကျပ် ၄၀ဝ ဝန်းကျင်ခန့်ရှိသည်။ ယင်းဒေသရှိ ကျေးရွာများဆိုလျှင် လျှပ်စစ်မီးမှာ မျှော်လင့်စရာအကြောင်း လုံးဝမရှိသေးပေ။

ကျေးရွာများသို့ သွားရောက်ရာလမ်းများသည်လည်း ရာသီမရွေးသွားလာနိုင်သော လမ်းက လက်ချိုးရေတွက်၍ရသော အခြေအနေပင်ဖြစ်သည်။ တချို့လမ်းများဆိုလျှင် လမ်းဟူသော မည်ကာမတ္တ အခြေအနေသာရှိသည်။ ရွှေမှော်သို့ သွားရောက်ရာ လမ်းတစ်လျှောက်တွင်လည်း ချိုင့်ခွက်များနှင့် ပြည့်နှက်နေသည်။

ထို့အပြင် ရွှေမှော်များတွင် မူးယစ်ဆေးဝါးသုံးစွဲမှုသည် အလွန်ဆိုးရွားနေပြီး ဒေသခံလူထုအတွက် စိုးရိမ်စရာအခြေအနေထက် ကျော်လွန်ရောက်ရှိနေသည်။ ရွှေမှော်များပတ်ဝန်းကျင်ရှိ သစ်ပင်ခြုံနွယ်များဘေးတွင် မူးယစ်ဆေးဝါးသုံးထားသော ဆေးထိုးအပ်များစွာကို တွေ့မြင်ခဲ့ရသည်။

ဟုမ္မလင်းမြို့နယ် မြင်သာရွာသူ ဒေါ်ဇင်မာသိန်းက”အရွယ်ရောက်လာပြီဆို ရွာတွေမှာ မထားရဲတော့ဘူး။ မှော်ထဲလည်း အလုပ်သွားလုပ်ရင် မူးယစ်ဆေးစွဲမှာ စိုးရိမ်နေရတာ။ အလုပ်လည်း သွားမလုပ်ခိုင်းရဲဘူး”ဟု စိုးရိမ်ပူပန်စကား ဆိုသည်။

ပေးကားပေး၏ မရ

ရွှေတူးဖော်ရေးလုပ်ငန်းနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ နာဂဒေသ နန်းယွန်းမြို့ လူထုတွေ့ဆုံပွဲတွင် ယခုလိုပြောကြားခဲ့သည်။

“ကျွန်မတို့ နန်းယွန်းကို ရဟတ်ယာဉ်နဲ့လာတဲ့အခါမှာ အောက်ကိုကြည့်လိုက်တဲ့အခါ ရွှေတူးနေတဲ့ နေရာတွေကို တွေ့ရပါတယ်။ ဒီလို ရွှေတူးတဲ့နေရာတွေမှာ တချို့တွေက ဥပဒေဘောင်အတွင်းက မဟုတ်ဘဲ စည်းကမ်းမဲ့ ရွှေတူးတဲ့အခါ သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက်အထိ ထိခိုက်သွားလဲဆိုတာကို ကျွန်မတို့ မျက်ဝါးထင်ထင် မြင်ရပါတယ်”ဟု ပြောကြားခဲ့သည်။

“ဌာနများထံ တရားမဝင်ငွေကြေးပေး၍ လုပ်ဆောင်နေကြပြီး
မြို့နယ်အဆင့် လိုင်စင်လျှောက်ထားမှုတွင်
အဂတိမှု အကြီးမားဆုံးတွေ့ရှိရသည်ဟု ဖော်ပြထားသည်။”

NLD အစိုးရလက်ထက်တွင် ယခင်က ပြည်ထောင်စုမှ အားလုံးကိုကိုင်တွယ်ဆောင်ရွက်ပြီး ဧက ၂၀ ကျယ်ဝန်းသည့် အလတ်စားလုပ်ကွက် တစ်ခုတည်းသာ ချထားပေးခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် တရားမဝင်လုပ်ငန်းများ ပပျောက်စေရန်နှင့် ဒေသခံတို့ အကျိုးအမြတ် ရရှိစေရန် တိုင်းဒေသကြီးအစိုးရ စီမံခန့်ခွဲမှုဖြင့် အသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်များကို လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခဲ့သည်။

လက်လုပ်လက်စားလုပ်ကွက်၏ ဧရိယာ အကျယ်အဝန်းမှာ ၁ ဧကဖြစ်ပြီး အသေးစားလုပ်ကွက်သည် ၄ ဧကလုပ်ပိုင်ခွင့်ပေး၍ ကုမ္ပဏီ တည်ထောင်လုပ်ဆောင်ရခြင်းဖြစ်သည်။

ယင်းကဲ့သို့ လုပ်ဆောင်ခဲ့သော်လည်း မြေပြင်တွင်မူ တရားမဝင် ထုတ်လုပ်တူးဖော်မှုများ အများအပြား ရှိနေဆဲပင် ဖြစ်သည်။ ပေးကားပေး၏ မရဆိုသလိုပင် ဖြစ်နေသည်။

မုံရွာဂေဇက်က ရရှိသည့် သတင်းအချက်အလက်အရ စစ်ကိုင်းတိုင်းတွင် ဇွန်လပိုင်းအထိ အသေးစားကုမ္ပဏီလုပ်ကွက် လျှောက်ထားသည့် အရေအတွက်မှာ ၂ ထောင်ကျော်ရှိပြီး လုပ်ကိုင်ခွင့်ရရှိသည်မှာ ၅၀ဝ ကျော်သာရှိသည်။ ထို့အပြင် လက်လုပ်လက်စား လျှောက်ထားမှုမှာလည်း ၂ ထောင်ခန့်ရှိပြီး လုပ်ကိုင်ခွင့်ရရှိသည်မှာ ၂၀ဝ ကျော်သာရှိသည်။

ဟုမ္မလင်းမြို့နယ်တွင် အသေးစားကုမ္ပဏီလုပ်ကွက် စုစုပေါင်း မေလ ၁၈ ရက်နေ့အထိ လုပ်ကိုင်ခွင့်ပြုထားသော လုပ်ကွက် ၂၇၀ ရှိပြီး ဧကစုစုပေါင်း ၅၂၅ ဧကရှိသည်။ လက်လုပ်လက်စား လုပ်ကွက်မှာမူ ၁၅၉ ခု ရှိကြောင်း ဟုမ္မလင်းမြို့နယ် သတ္တုတွင်းဦးစီးဌာနမှသိရသည်။

ရွှေတောတွင် ရှိသည့် ၉၀ ရာခိုင်နှုန်းခန့်သည် တရားမဝင်လုပ်ကိုင် တူးဖော်နေခြင်း ဖြစ်ကြောင်း တိုင်းလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအတွင်းရေးမှူး ဦးစောမောင်က ပြောသည်။

စိုင်းနိုင်နိုင်ကျော်က “နိုင်ငံတော်တာဝန်ရှိတဲ့ အကြီးအကဲတွေရဲ့ မြင်သွားတဲ့အမြင်ကို ပါးစပ်ကပြောရုံနဲ့တော့မရဘူးလေ။ ပိုပြီးကောင်းအောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာကတော့ တာဝန်ယူထားတဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့တာဝန်ပါ” ဟု တုံ့ပြန်သည်။

အောက်ခြေက အဖြစ်အပျက်များ

တစ်ဧက လက်လုပ်လက်စားလုပ်ကွက်များ လျောက်ထားရာတွင် လိုင်စင်ရရန် အခက်အခဲရှိနေသည်ဟု​ ရွှေမျောသမားများက ဆိုသည်။ ဓာတ်ပုံ – ရဲမင်း

မုံရွာဂေဇက်က ရွှေတူးဖော်ရေးလုပ်ငန်းများ၏ လက်တွေ့အခြေအနေအား သိရှိနိုင်ရန် ကွင်းဆင်းလေ့လာခဲ့ပြီး ရွှေမျောလုပ်ငန်း လုပ်ကိုင်နေသူတချို့ကို တွေ့ဆုံမေးမြန်းခဲ့သည်။

အင်တာဗျူးဖြေဆိုသူအချို့သည် ၎ငး်တို့၏ အသက်အန္တရာယ် စိုးရိမ်ရသည်ဟုဆိုကာ နာမည်ထည့်သွင်းမသုံးရန် မေတ္တာရပ်ခံသောကြောင့် အချို့ကို နာမည်ထည့်သွင်းသုံးစွဲခွင့် မရခဲ့ပေ။

ရွှေမှော်များတွင် တရားဝင်လိုင်စင်မရှိဘဲ လုပ်ငန်းများအနက် ၉၀ ရာခိုင်နှုန်းသည် လုပ်ပိုင်ခွင့် ရရှိထားသော ကုမ္ပဏီများထံမှ တဆင့်ခံ ဝယ်ယူလုပ်ဆောင်သူများရှိသလို အောက်ခြေတွင် သက်ဆိုင်ရာအဖွဲ့အစည်းဌာနများသို့ ငွေကြေးပေးဆောင်၍ လုပ်ကိုင်သူများလည်း ရှိသည်ဟု ရွှေမျောလုပ်ငန်းရှင်များက ဆိုကြသည်။

ကုမ္ပဏီပိုင် အသေးစား ၄ ဧကကွက်ကို တရားဝင်ကုန်ကျငွေမှာ ကျပ်သိန်း ၁၅၀ ခန့်ရှိ သော်လည်း အောက်ခြေရှိ အဖွဲ့အစည်းဌာနများကို မိမိလုပ်ကွက်ရရှိရေးအတွက် သိန်းပေါင်းများစွာ ပေးဆောင်နေရသည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီနှင့် မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့အစည်း (MATA ) တို့ ကွင်းဆင်းလေ့လာ ပူးပေါင်းတွေ့ရှိချက်တွင် တရားမဝင် ရွှေတူးဖော်လုပ်ကိုင်နေကြသည့် လုပ်ငန်းများအားလုံးသည် သက်ဆိုင်ရာဆက်စပ်ဌာနများထံ တရားမဝင်ငွေကြေးပေး၍ လုပ်ဆောင်နေကြပြီး မြို့နယ်အဆင့် လိုင်စင်လျှောက်ထားမှုတွင် အဂတိမှု အကြီးမားဆုံးတွေ့ရှိရသည်ဟု ဖော်ပြထားသည်။

“လုပ်ကွက်ကျအောင် ဟိုဆယ်သိန်း၊ ဒီဆယ်သိန်း ရန်ပုံငွေထည့်ရသေးတာ”ဟု ပင်းမခေါ့ ရွှေမှော်မှ ရွှေမျောလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ထို့ကြောင့် တရားဝင်ရရှိထားသူများသည် မျောတစ်ဖောင်လျှင် သိန်း ၁၀ဝ ၊ ၁၅၀ ခန့်နှင့် တစ်ဆင့်ခံ ပြန်လည်ရောင်းချကြသည်။ ၄ ဧက တစ်ကွက်လျှင် မျောဖောင် ၁၃ ဖောင်မှ ၁၇ ဖောင်အထိ လုပ်ဆောင်နိုင်ပြီး တရားဝင်လုပ်ကွက် ရရှိထားသူများအနေဖြင့် ကိုယ်တိုင်မျောတိုက်ခြင်းထက် တစ်ဆင့်ခံ ပြန်လည်ရောင်းချခြင်းက ၎င်းတို့အတွက် အကျိုးအမြတ်ပိုကျန်သည်။ ပို၍ သေချာသည်။ ၇ ဖောင်ကို ကိုယ်တိုင်မောင်းပြီး ၁၀ ဖောင်ကို တစ်ဖောင်လျှင် သိန်း ၁၀ဝ နှင့် ရောင်းချလျှင်ပင် သက်သက်သာသာနှင့် အကျိုးအမြတ်များစွာ ကျန်ရှိသည်။

“၂၀၀၈ အခြေခံဥပဒေတွင်
ပြဌာန်းပါရှိသော သယံဇာတဆိုင်ရာ
ခွဲဝေမှုအားနည်းချက်များကြောင့်
ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင်
အခက်အခဲအချို့ရှိနေသည်။”

တစ်ဆင့်ခံ ပြန်လည်ဝယ်ယူသူများကလည်း ယင်းသို့မတန်တဆ ပေးသွင်းနေရမှုကို မသက်သာ၍သာ ပေးဆောင်လုပ်နေရခြင်းဖြစ်ကြောင်း ပင်းမခေါ့ရွှေမှော်မှ တစ်ဆင့်ခံဝယ်ယူလုပ်ကိုင်သူတစ်ဦးက ပြောသည်။

“ကုမ္ပဏီကပြန်ရောင်းတော့ သူ့ကုန်ကျစရိတ်နဲ့ ပြန်ရောင်းတဲ့ တန်ဖိုးက တအားကြီးအမြတ်များတယ်လေ။ လက်လုပ်လက်စားတွေကျ မကိုက်ဘူးလေ။ မတန်ရေ တန်ရေလှိမ့်တောင်းတာကိုး”ဟု တစ်ဆင့်ခံ ပြန်လည်ဝယ်ယူသူက ဆိုသည်။

ဒေသခံများအနေနှင့် ကုမ္ပဏီထောင်ကာ ၄ ဧကတစ်ကွက်လျှောက်ရန် ငွေကြေးအင်အား မတတ်နိုင်သောကြောင့် မည်သို့ပင် မတန်တဆဖြစ်စေကာမူ ဝင်မောင်းနေရခြင်းဖြစ်သည်။ ယင်းသို့ ကုမ္ပဏီဆိုက်ထဲမှ တစ်ဆင့်ယူမမောင်းဘဲ ဈေးနှုန်းချိုသည့် ၁၀ သိန်း တန်လောက်သာရှိသည့် အင်းလုပ်ကွက်များသို့ ဝင်မောင်းလျှင်လည်း မောင်းပြီးသား အကျန်အကြွင်းသာရှိသောကြောင့် အကျိုးအမြတ်အတွက် မသေချာလှပေ။

“အဲလိုဝင်မမောင်းနိုင်ရင် အကျန်အကြွင်းတွေပဲ လိုက်မောင်းရတဲ့အခါကျတော့ သိပ်မကျန်ဘူးပေါ့လေ။ တချို့မရှိတဲ့လူတွေဆို ချောက်တီ ချောက်ချက်အင်းလေးတွေ လိုက်မောင်းရတာများတယ်”ဟု ရွှေမျောမောင်းသူတစ်ဦးက ဆိုသည်။

မိုးလင်းရွှေမှော်မှ လက်လုပ်လက်စား လုပ်ကိုင်သူတစ်ဦးကလည်း ရွှေမျောတစ်ဖောင် မောင်းခွင့်ရရန် အဖွဲ့အစည်းတစ်ခုသို့ တစ်လကျပ် ၃ သိန်းပေးဆောင်ရသည်ဟု ပြောသည်။

ဘာကြောင့် တရားမဝင်ဖြစ်ရတာလဲ

ရွှေတောတွင် ရှိသည့် ၉၀ ရာခိုင်နှုန်းခန့်သည် တရားမဝင်လုပ်ကိုင် တူးဖော်နေခြင်းဖြစ်ကြောင်း တိုင်းလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအတွင်းရေးမှူး ဦးစောမောင်က ပြောသည်။

ရွှေမျောလုပ်ငန်းရှင်းများမှာ တရားဝင်လုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားလိုသည့်တိုင် ဖြတ်သန်းရသည့်အဆင့် များပြားသောကြောင့် ယခုကဲ့သို့ တရားမဝင်လုပ်ကိုင်နေရခြင်း ဖြစ်ကြောင်း ရွှေမျောလုပ်ကိုင်သူများနှင့် တိုင်းလွှတ်တော် သယံဇာတရေးရာကော်မတီတို့က ဆိုကြသည်။

“တရားမဝင်ဖြစ်တယ်ဆိုတာကိုက တရားဝင်အောင် လွယ်လွယ်ကူကူနဲ့ လုပ်မပေးလို့ တရားမဝင်ဖြစ်တာပဲလေ”ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအတွင်းရေးမှူး ဦးစောမောင်က ပြောသည်။

ရွှေမျောများသည် ယခုနောက်ပိုင်းတွင် လုပ်ကွက်များကြပ်လာပြီး ရွှေအထွက်လဲ ကျဆင်းလာသည်ဟု ဆိုသည်။ ဓာတ်ပုံ – ရဲမင်း

အစိုးရသို့ တရားဝင်လုပ်ကွက် လျှောက်ထားရန် စောင့်ဆိုင်းရသည့် အချိန်ကြာမြင့်သလို ဖြတ်သန်းရသည့် ဌာနဆိုင်ရာအဆင့်ဆင့်ကလည်း များပြားလှပြီး တရားဝင်လုပ်ကွက် လျှောက်ထားချင်သူများက ယင်းအပေါ်တွင် အခက်အခဲများဖြစ်ပေါ်နေရသည်။

လုပ်ကွက်တစ်ခု တရားဝင်ရရှိရန် အချိန် ၄ လ၊ ၅ လကြာမြင့်ပြီး ထွေအုပ်၊ မြေစာရင်း၊ စိုက်ပျိုးရေး၊ အမှတ် ၂ သတ္တုတွင်း၊ သတ္ထုဦးစီး၊ ငါးလုပ်ငန်း၊ သစ်တောနှင့် ရေမြစ်ဖြိုး စသည့် ဌာနဆိုင်ရာအဆင့် ၈ ခုကို ဖြတ်သန်းရသည်။ ယင်းကဲ့သို့ ဌာနများစွာနှင့် စောင့်ဆိုင်းရသည့်အချိန် ကြာမြင့်သော်လည်း လုပ်ကိုင်ခွင့်ရရှိမည်၊ မရရှိမည်မှာ မသေချာပါ။

“လျှောက်ဖို့က ၅ လလောက်ကြာတယ်။ လက်လုပ်လက်စားတွေအတွက် ၅ လဆိုတဲ့ အချိန်က အများကြီးပဲ။ နားလို့မရဘူး။ လုပ်သားတွေကျတော့ အချိန်တန်ရင် လစာက ရမှကိုး။ လုပ်ငန်းရှင်တွေကျတော့ ရက်မပျက်ဖို့အရေးကို အမျိုးမျိုးရုန်းကန်ရတာ။ တရားဝင်ကြီးကျမှ မောင်းရမယ်ဆို သူတို့အတွက် အခက်အခဲဖြစ်သွားမှာ။ လက်ရှိမျောမောင်းနေတဲ့သူတွေက လုပ်သားရှာရတာလည်း မလွယ်ဘူးလေ”ဟု ပင်းမခေါ့ ရွှေမှော်မှ အသေးစားလုပ်ကွက် လုပ်ကိုင်ခွင့်ရရှိသည့် ရှမ်းနီလူမျိုး ဒေါ်ရွှေစင်သက်က ပြောသည်။

ထို့အပြင် ဒေသခံလက်လုပ်လက်စား လုပ်ကွက်များအတွက် တရားဝင်လျှောက်မည်ဆိုလျှင် ကုန်ကျငွေမှာ ၁၁ သိန်းခန့်သာ ရှိသည်။ သို့သော် ဟုမ္မလင်းမြို့နယ်မှ တိုင်းအစိုးရရုံးစိုက်ရာ မုံရွာသို့လာရောက်ရန် ခရီးသွားကုန်ကျစရိတ်က များပြားလှပြီး လေးငါးခေါက်လာရောက်ရသည့်အတွက် ကုန်ကျငွေ အရင်းအနှီးမတတ်နိုင်ကြောင်း ဦးကိုဦးက ပြောသည်။

“လက်ရှိအခြေအနေက တချို့ကကျတော့ ဌာနဆိုင်ရာတွေလည်း မရောက်ဖူးတာနဲ့ သွား လာရေးလည်း မသွားနိုင်တာနဲ့ ငွေရေးကြေးရေး မရှိတာတွေနဲ့ လျှောက်ချင်ပေမယ့် မလျှောက်ရတာတွေလည်း ရှိတာပေါ့”ဟု ဦးကိုဦးက ဆိုသည်။

နောက်ထပ် အခက်အခဲတစ်ခုမှာ ဟုမ္မလင်းဒေသသည် ရှမ်းနီတိုင်းရင်းသား အများဆုံးနေထိုင်ကြပြီး ဌာနဆိုင်ရာများနှင့် ဆက်ဆံပြောဆိုရာတွင် အခက်အခဲများဖြစ်သည်ဟု ရှမ်းနီလူမျိုး ဒေါ်ရွှေစင်သက်က ပြောသည်။

“တိုင်းရင်းသားတွေအတွက်ကျ စကားတွေ အများကြီးပြောရတာမကြိုက်ဘူး။ နေပူထဲမှာ အလုပ်လုပ်ချင် လုပ်လိမ့်မယ်။ ဒီလူတွေနဲ့ အဆင်ပြေပြေပြောဖို့ကျတော့ သိပ်အဆင်မပြေကြဘူး။ ဒီအတွက်ကြောင့် တရားဝင်မလျှောက်ချင်ကြဘူး။ တရားဝင်လျှောက်မယ်ဆိုလည်း လျှောက်ထားတဲ့လူနဲ့ပဲ လက်တွဲပြီးလုပ်တော့တာ”ဟု ၎င်းက ထပ်မံဆိုသည်။

လက်ရှိအခြေအနေတွင် အစိုးရအနေဖြင့် တရားမဝင်ရွှေတူးဖော်မှုများကို ဌာနဆိုင်များနှင့် ပူးပေါင်း၍ သွားရောက်ဖမ်းဆီးခြင်းများပြုလုပ်ကြသည်။ ဖမ်းဆီးရာတွင် ရွှေမျောလုပ်ကိုင်သူများ ထွက်ပြေးလျှင်လည်း ကျန်ရှိခဲ့သည့် ရွှေမျောဖောင်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

“ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး သွားစစ်တဲ့အခါကျတော့ လူမိတာတော့ နည်းတယ်။ မျောဖောင်တို့ စက်တို့ဘာတို့ ပိုင်ရှင်မဲ့အနေနဲ့သိမ်းနေရတယ်။ သတင်းတွေ ကြားလို့လားတော့မသိဘူး။ လူတွေကတော့ ရှောင်ပြေးကြတာပေါ့”ဟု သယံဇာတ ရေးရာများကို ကိုင်တွယ်သူ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းက ပြောသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီအတွင်းရေးမှူး ဦးစောမောင်က အစိုးရအနေဖြင့် ယခုလို တရားမဝင်ရွှေမျောလုပ်ကိုင်သူများကို ဖမ်းဆီးခြင်းနှင့် မျောဖောင်များအား မီးရှို့ဖျက်ဆီးမှုသည် ဖြေရှင်းနည်းမမှန်ကန်ကြောင်း ထောက်ပြသည်။

“တရားမဝင်တွေကို ဖမ်းဆီးတာနဲ့ စက်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာက မှန်တဲ့နည်းလမ်းတော့ မဟုတ်ဘူး။ ရွှေတောမှာရှိတဲ့ ၉၀ ရာခိုင်နှုန်းက တရားမဝင်လုပ်ကိုင်နေကြတယ်။ အဲဒါတွေအကုန် လိုက်ဖျက်မယ်ဆိုရင် ဖျက်လို့ကုန်မှာ မဟုတ်တော့ဘူး။ သူတို့ကိုတရားဝင်ဖြစ်တဲ့ နည်းလမ်းဆိုရင် ချောချောမွေ့မွေ့လွယ်လွယ်ကူကူဖြစ်အောင် လုပ်ပေးနိုင်ဖို့က အဓိကပဲ။

ယင်းသို့ လုပ်ဆောင်မှသာ ရွှေမျောလုပ်ကိုင်နေသူတို့လည်း ဂုဏ်သိက္ခာရှိရှိ လုပ်ကိုင်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်လည်း အခွန်ငွေရနိုင်မည်ဟု ၎င်းက ဆိုသည်။

တရားဝင်ဖြစ်ရေး ဘာတွေလိုအပ်နေလဲ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီအတွင်းရေးမှူး ဦးစောမောင်က တရားမဝင်များ ပပျောက်ရန် ရွှေမျောလုပ်ငန်းများ တရားဝင်ဖြစ်ရေး လုပ်ငန်းစဉ် လွယ်ကူချောမွေ့ရန် လိုသည်ဟု အကြံပြုသော်လည်း လက်တွေ့လုပ်ကွက်လျှောက်ထားရာတွင် အခက်အခဲများ ရှိနေသည်။

တရားဝင်ဖြစ်စေရန် လုပ်ကွက်ချထားပေးမှု အချိန်ကြာမြင့်ခြင်း၊ သွားလာရေးမလွယ်ကူခြင်း၊ ဌာနဆိုင်ရာများနှင့် ဆက်ဆံရေးခက်ခဲခြင်း၊ လျှောက်ရမည့် အဆင့်ဆင့်ကို နားလည်မှုမရှိခြင်း အစရှိသည့် အခက်အခဲ ၅ ချက်က တရားဝင်လိုင်စင်လျှောက်ထားလိုသူတို့ကို အခက်ကြုံစေသည်။

“အဓိကပြဿနာက လက်လုပ်လက်စားနဲ့ အသေးစားလုပ်ငန်းတွေ တရားဝင်ဖြစ်ချင်ရင် လွယ်လွယ်ကူကူနဲ့ လုပ်ပေးရင် တရားမဝင်က ဖြည်းဖြည်းချင်း ပပျောက်သွားမှာပဲလေ”ဟု တိုင်းလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွင်းရေးမှူး ဦးစောမောင်က ပြောသည်။

“တရားဝင်ဖြစ်အောင် လုပ်ရတဲ့နေရာက အဆင့်ဆင့်ကြီး လုပ်နေရတဲ့ခါကျတော့ အဲအပေါ်မှာ အခြေခံလူထုက စိတ်ဝင်စားမှုနည်းပြီး တရားမဝင်လုပ်လည်း ရတာပဲကွာဆိုတဲ့ သဘောပဲလေ။ အခု အဲဒီလို လုပ်နေကြတာပဲ”ဟု ၎င်းက ဆက်လက်ပြောပြသည်။

တိုင်းဒေသကြီးအစိုးရအနေနှင့် တစ်ဧက လက်လုပ်လက်စားလုပ်ကွက်များကို တိုင်းအဆင့်အထိ မရောက်ဘဲ မြို့နယ်အဆင့်တွင်ပင် လုပ်ကွက်လျှောက်ပြီး အပြီးချထားပေးနိုင်မည်ဆိုပါက ဌာနများသို့ ဒေသခံများ မသွားမလာတတ်သည့် အရေးနှင့် ငွေရေးကြေးရေးကုန်ကျစရိတ်များပါ သက်သာပြီး အဆင်ပြေမည်ဖြစ်ကြောင်း ဟွေဖာ လာရွှေမှော်တွင် လုပ်ကိုင်နေသူ ဦးကိုဦးက ပြောသည်။

“နိုင်ငံတော်အနေနဲ့လည်း ပိုပြီးတော့ ဝင်ငွေပိုရှိလာနိုင်တယ်။ လျှောက်လို့လွယ်တဲ့အတွက် လူတွေပိုလျှောက်လာမှာပေါ့”ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် တရားဝင်လုပ်ကွက်လျှောက်ထားရာတွင် မြို့နယ်အဆင့်မှာပင် လုပ်ကွက်ချ ထားပေးလျှင် ပိုပြီးအဆင်ပြေမည်ဟု ဟွေဖလာ ရွှေမှော်မှ ရွှေမျောလုပ်ကိုင်သူ ဦးကိုဦးက ပြောသည်။

“တကယ်လို့ တိုင်းဒေသကြီးအစိုးရအနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် တစ်ဧကလေးတွေ လက်လုပ်လက်စားအကွက်ကလေးတွေဆိုလို့ရှိရင် မြို့နယ်မှာတင်ပဲ လုပ်ကွက်ကို အပြီးလျှောက်ပြီး အပြီးချထားပေးနိုင်မယ်ဆိုရင်တော့ ပိုပြီး အဆင်ပြေနိုင်တာပေါ့”ဟု ဆိုသည်။

ဝန်ကြီးဦးလာလ်ထောင်ထန်းသည် လွယ်လွယ်ကူကူနှင့် ဖြေလျှော့ပေးဖို့ကိစ္စမှာ အခက် အခဲများရှိသည်ဟုဆိုသည်။

“ကျွန်တော်တို့အနေနဲ့ အဓိကကတော့ ဟုမ္မလင်းမှာ သတ္ထုဦးစီးရုံးဖွင့်ပြီးတော့ လျှောက်လွှာလက်ခံရင်တော့ ဖြစ်နိုင်တဲ့အနေအထားရှိတယ်။ ဒါပေမဲ့ သတ္ထုဦးစီးဌာနလည်း ဝန်ထမ်းတွေမရှိဘူး။ ရုံးခွဲတွေဖွင့်ဖို့လည်း ပြည်ထောင်စုကို တောင်းဆိုတယ်။ ဝန်ထမ်းတွေမပေးနိုင်ဘူး။ မပေးနိုင်တဲ့အတွက်ကြောင့် လျှောက်လွှာလက်ခံမယ့်လူက မရှိနိုင်ဘူး”ဟု အစိုးရဘက်က အခက်အခဲကို ပြောပြသည်။

နောက်ဆုံး လျှောက်လွှာလက်ခံနိုင်သည့်တိုင် ပိုက်ဆံသွင်းဖို့က မုံရွာကို လာသွင်းရမှာဖြစ်ပြီး ဟုမ္မလင်းတွင် သွင်း၍မရကြောင်း ဝန်ကြီးက ပြောသည်။

ရွှေမျောတွေ မရှိတဲ့အခါ

ရွှေတူးဖော်ထုတ်လုပ်မှု နည်းပညာများ မြှင့်တင်ရန်နှင့် သဘာ၀ပတ်ဝန်းကျင် ထိခိုက်သက်သာစေမည့် အစီအမံများလည်း လိုအပ်နေကြောင်း ရွှေမျောလုပ်ငန်းရှင်များကိုယ်တိုင်က သုံးသပ်လာကြသည်။ ဓာတ်ပုံ – ရဲမင်း

တရားမဝင် ရွှေတူးဖော်ခြင်းများကြောင့် လုပ်ကွက်များထံမှ နိုင်ငံအတွက် အခွန်ဆုံးရုံးမှုတင်မက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများပါ ဟုမ္မလင်းဒေသတွင် ကြုံတွေ့ရသည်။

“တရားမဝင်ဆိုမှတော့ စည်းကမ်းတကျတော့ မလုပ်တော့ဘူးလေ။ စည်းကမ်းတကျမလုပ်တဲ့အခါကျတော့ ချောင်းမြောင်းတွေကုန်တယ်။ သစ်ပင်တွေလှဲပစ်တယ်။ မြေဆီလွှာတွေပျက်စီးတယ်။ အဲဒီဘက်မှာ ရွှေမျောတိုက်ခဲ့တဲ့နေရာတွေက မြေစာပုံကြီးတွေကျန်ပြီး ဘာမှစိုက်မရတဲ့ မြေတွေအဖြစ် ကျန်နေရစ်တာ။ ဆုံးရှုံးမှုက ဘယ်လိုပြောရမလဲ။ ပြောလို့တောင်မရလောက်အောင် ဆုံးရှုံးတာပေါ့ဗျာ”ဟု တိုင်းလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူး ဦးစောမောင်က ပြောသည်။

ထို့အပြင် သတ္တုတွင်း ဥပဒေတွင် လက်လုပ်လက်စားနှင့် အသေးစားလုပ်ကွက်များ လိုင်စင်ချထားပေးမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ဆုံးဖြတ်ရသော်လည်း ယင်းမှရရှိလာသော အခွန်ငွေများကို ပြည်ထောင်စုအဆင့် သတ္တုတွင်းဝန်ကြီးဌာနသို့ ပေးသွင်းရသည်ဖြစ်သောကြောင့် သက်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးအတွက် များစွာ ထိခိုက်နစ်နာရသည်။

သို့သော် ဟုမ္မလင်းဒေသတွင် ရွှေတူးဖော်ရေး လုပ်ငန်းများအား ရုတ်တရက် ရပ်ဆိုင်းရန် အခြေအနေအကြောင်းကြောင်းကြောင့် မဖြစ်နိုင်သေးပေ။

“NLD အစိုးရတက်ခါစမှာ ရွှေလုပ်ငန်းကို ပိတ်လိုက်သေးတယ်လေ။ အဲဒါဘယ်လောက်အထိ သက်ရောက်မှုကရှိလဲဆိုတော့ ဒီမြို့နယ်ပတ်ဝန်းကျင်နဲ့တင်မကဘူး။ ကုန်ပစ္စည်းတွေတင်တဲ့ မန္တလေးက ဂေါဝိန်ဆိပ်လိုနေရာမျိုးမှာ ကုန်တင်ကုန်ချလုပ်တဲ့ အလုပ်သမားတွေပါ သက်ရောက်မှုရှိတာ တွေ့ရတယ်”ဟု စိုင်းနိုင်နိုင်ကျော်က ပြော သည်။

တဖက်တွင်လည်း သယံဇာတများသည် အကန့်အသတ်များစွာရှိသည့် အမွေအနှစ်များ ဖြစ်ပြီး များများသုံးလျှင် မြန်မြန်ကုန်တတ်သည့်သဘော ရှိသည်။ ထို့အပြင် ထိုသယံဇာတများသည် အချိန်တိုလွယ်လွယ်နှင့် ဖြစ်ပေါ်လာတတ်သည့် သဘောလည်း မရှိပေ။

ထိုသဘောကို ဟုမ္မလင်းဒေသခံများလည်း ရိပ်စားမိကြသည်။ တရားဝင်သည်ဖြစ်စေ တရားမဝင် တူးဖော်သည် ဖြစ်စေ၊ ရွှေထွက်ရှိမှု ရပ်ဆိုင်းသွားသည့်အခါ ကျန်ရစ်ခဲ့မည့် သူတို့ဒေသအရေးကို တွေး၍ ပူပန်နေကြသည်။

ရွှေမျောလာရောက်လုပ်ကိုင်သူများသည် အနယ်အနယ်အရပ်ရပ်မှ လာရောက်သူများဖြစ်သောကြောင့် ၎င်းတို့အတွက် ရွှေတူးဖော်၍ ငွေကြေးချမ်းသာသွားလျှင် ပြန်သွားကြမည်ဖြစ်ပြီး ဒေသခံများအတွက် အခွံသာကျန်ခဲ့မည်ဖြစ်သည်။ ထို့ကြောင့် လယ်ယာမြေများကို မရောင်းချစေချင်ကြောင်း ဟွေဖလာရွှေမှော်တွင် ရွှေမျောလုပ်ကိုင်နေသော ဦးမိုးမြင့်ကျော်က ပြောသည်။

သဘာဝသယံဇာတ မူဝါဒရေးရာလေ့လာသူ တဦးဖြစ်သည့် ဦးမော်ထွန်းအောင်ကမူ တိုင်းရင်းသားဒေသရှိ မြေပေါ်မြေအောက် သယံဇာတများသည် ဖွံ့ဖြိုးမှုမညီမျှမှုများအား တံတားထိုးပေးရမည့် ရင်းမြစ်ပစ္စည်းများ ဖြစ်သင့်ကြောင်း ၎င်းရေးသားထားသည့် ကောင်းမွန်သောသယံဇာတ စီမံအုပ်ချုပ်မှုစာတမ်းတွင် ရေးသားထားသည်။

“ကျွန်တော်တို့ ဟုမ္မလင်းဒေသဆီကယူသွားတဲ့ အခွန်အခအကုန်ပြန်ပေးရမယ်လို့တော့ မဆိုလိုပါဘူး။ အချိုးကျပုံစံမျိုး ခွဲဝေပေးစေချင်တယ်။ တိုင်းပြည်မွဲတာလည်းပဲ သဘောတော့ပေါက်ပါတယ်”ဟု စိုင်းနိုင်နိုင်ကျော်က ဆိုသည်။

ပညာရေး၊ ကျန်းမာရေးနှင့် ဘာသာရေးနှင့်ပတ်သက်သည့် အဆောက်အအုံများကို ယခုအချိန်တွင် ဖန်တီး၍ ရသလောက်ဖန်တီးပြီး ကိုယ်ဒေသ၌ ကျန်ခဲ့အောင် တည်ဆောက်ထားဖို့ ရှမ်းနီအမျိုးတွေကို ဆော်သြနေကြောင်း ၎င်းကပြောသည်။

ယင်းကဲ့သို့ လက်ရှိအချိန်၌ ရွှေသယံဇာတကို အကျိုးရှိရှိ အသုံးမချနိုင်ပါက သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၏ဒုက္ခများ ရာသီဥတု ပြဿနာများ၊ မူးယစ်ဆေးဝါးပြဿနာများနှင့် အပျက်တွေ ကြားထဲမှာ ကျန်ခဲ့မှာဖြစ်ကြောင်း ပြောပြသည်။

“သယံဇာတကို လုံးလုံးလျားလျားကြီး အခြေခံလိုက်တာ ဖြစ်တဲ့အတွက် လူတွေရဲ့ လွယ်လွယ်ရအကျင့်တွေ ကျန်ခဲ့တယ်။ သိပ်အားမထည့်ချင်တော့ဘူး။ ကျွန်တော်တို့ဒေသမှာ အဲဒါတွေ အမြစ်စွဲပြီး ကျန်ခဲ့မယ်”ဟု စိုင်းနိုင်နိုင်ကျော်က ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here