လက်ပံတောင်းကြေးနီစီမံကိန်းသို့ COVID-19 ကျွမ်းကျင်တရုတ်ဆရာဝန်များ ရောက်ရှိ

0
7578

ကိုသစ္စာ
မုံရွာ၊ ဇူလိုင်-၁၀

လက်ပံတောင်းကြေးနီစီမံကိန်း လုပ်ဆောင်နေသော ဆားလင်းကြီးမြို့ရှိ ဝမ်ပေါင်ကုမ္ပဏီသို့ COVID-19 ကျွမ်းကျင် တရုတ်ဆေးပညာရှင်များ ယနေ့ရောက်ရှိကြောင်း ကုမ္ပဏီ ရန်ကုန်ရုံးခွဲ မန်နေဂျာ မစ္စတာဒေါင်းယန်ဖီးက ပြောသည်.။

ဆေးပညာအဖွဲ့တွင် အထူးကုဆရာဝန်ကြီး ၃ ဦးနှင့် လက်ထောက်ဆရာဝန် ၂ ဦးတို့ လိုက်ပါလာပြီး ကုမ္ပဏီအတွင်း မြန်မာ၊ တရုတ်လုပ်သားများ၏ ကျန်းမာရေးကို နှစ်လခန့်အထိ တာဝန်ယူ ကြည့်ရှုပေးမည်ဟု ဆိုသည်။

“ဝန်ထမ်းတွေက ထောင်ချီရှိတော့ တော်တော်တာဝန်ကြီးတယ်။ လွယ်လွယ်ကူကူ လုပ်မရဘူး။ ကုမ္ပဏီမှာ ဆရာဝန်ရှိပေမယ့် ခုလာမယ့် ဆေးပညာအဖွဲ့က ဝူဟန်မှာလည်း သွားရောက်ကုသပေးခဲ့တဲ့ အတွေ့အကြုံရှိတဲ့ ဆရာဝန်တွေပါ “ဟု မစ္စတာဒေါင်းယန်ဖီးက ပြောသည်။

ဝမ်ပေါင်ကုမ္ပဏီတွင် မြန်မာဝန်ထမ်း ၆၀၀၀ ကျော် တရုတ်ဝန်ထမ်း ၄၀၀ နီးပါးရှိသည်။

ပြည်တွင်း၌ COVID-19 အတည်ပြုလူနာ ရှိလာပြီးနောက် ဝန်ထမ်း ၃၆၀၀ ခန့်ကို ကုမ္ပဏီအတွင်းသာ Lockdown ချ၍ လုပ်ငန်းခွင် ဝင်စေပြီး ဝန်ထမ်းများ၏ ကျန်းမာရေးအတွက် ကြည့်ရှုမှုပေးနိုင်ရန် ဆေးပညာရှင်များ ခေါ်ယူခြင်းဖြစ်သည်ဟု သိရသည်။

“ဆေးပညာရှင်တွေ ရောက်မယ်လို့တော့ အစိုးရအဖွဲ့ထံ ခွင့်ပြုချက် တင်တောင်းထားတာ ရှိပါတယ်။ COVID-19 နဲ့ပတ်သက်လို့ လိုအပ်တဲ့ ဆရာဝန်တွေပေါ့ “ဟု စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးမြင့်ကြည်က ပြောသည်။

ကုမ္ပဏီအတွင်း COVID-19 အတည်ပြုလူနာတွေ့၍ ယခုကဲ့သို့ ခေါ်ယူခြင်းမဟုတ်ဘဲ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအတိုင်းသာ ဆောင်ရွက်မှုများလုပ်ဆောင်နေသည်ဟု မစ္စတာဒေါင်းယန်ဖီးက ပြောသည်။

ဆရာဝန်များ ရောက်လာမည့်အပေါ် COVID-19 ထိန်းချုပ်ကာကွယ်ရေးနှင့် ကုသရေးဗဟိုကော်မတီထံမှ ခွင့်ပြုချက်ရယူထားပြီး ဆေးပညာရှင်အဖွဲ့သည် ကုမ္ပဏီအတွင်း Quarantine ဝင်ပြီးမှသာ ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

တရုတ်ဆရာဝန်များအနေဖြင့် တိုင်းအစိုးရနှင့် စီမံကိန်းအနီးဒေသတွင်း ကျေးရွာများမှ အကူအညီတောင်းပါက ကျန်းမာရေးစောင့်ရှောက်မှုများကို လုပ်ဆောင်ပေးသွားစေမည်ဟု ဝမ်ပေါင်ကုမ္ပဏီ ရန်ကုန်ရုံးခွဲ မန်နေဂျာက ပြောသည်။

ဓာတ်ပုံ- ဝမ်ပေါင်ကုမ္ပဏီမှ လုပ်သားများ လုပ်ငန်းခွင်ဆင်းချိန် ၂၀၁၉ခုနှစ်က မြင်ကွင်း

LEAVE A REPLY

Please enter your comment!
Please enter your name here