လာမည့်ရွေးကောက်ပွဲတွင် မသန်စွမ်းမဲဆန္ဒရှင်ဦးရေ တိုးလာ

0
255
မသန်စွမ်းမဲဆန္ဒရှင် ၉ ထောင်ကျော်ရှိပြီး ယခုအခါ ၁၄၀ဝ၀ ကျော်ထိရှိလာသည်။

ကိုအောင်ကြီး
မုံရွာ၊ ဇူလိုင် -၂၉

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ မသန်စွမ်းမဲဆန္ဒရှင်ဦးရေ တိုးလာကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ရွေးကောက်ပွဲအရာရှိ ဦးအောင်မျိုးလွင်က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မသန်စွမ်းမဲဆန္ဒရှင် ၉ ထောင်ကျော်ရှိပြီး ယခုအခါ ၁၄၀ဝ၀ ကျော်ထိ ရှိလာသည်။ ၎င်းတို့မှာ မိမိတို့ ရပ်ကွက်၊ ကျေးရွာမဲရုံများတွင် အလွယ်တကူမဲပေးနိုင်ရေး စီစဉ်သွားမည် ဖြစ်သည်။

“မွေးရာပါမသန်စွမ်းရောဂါ အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်နေသူတွေအတွက်ပါ မဲပေးခွင့် တင်မြောက်ရွေးချယ်ခံပိုင်ခွင့် ရှိပါတယ်။ ဝှီးချဲနဲ့လာတဲ့သူတွေ အဝင်၊ အထွက်ကောင်းအောင်၊ မျက်မမြင်တွေဆို အကိုင်အတွယ်နေရာတွေ ထားပေးမှာ ဖြစ်ပါတယ်။ သူတို့ယုံကြည်ရတဲ့ အကူလူတစ်ယောက်နဲ့ မဲရုံမှာ ကိုယ်တိုင်သွားထည့်လည်း ရတယ်။ ကြိုတင်မဲထည့်လဲ ရပါတယ်။ စံပြမဲရုံတွေလည်းထားပြီး မဲပေးလို့ရအောင် လုပ်ဆောင်သွားမှာပါ” ဟု ဦးအောင်မျိုးလွင်ကပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် မသန်စွမ်းမဲဆန္ဒရှင်တိုးလာပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် မုံရွာရှိ မသန်စွမ်းအများစုမှာ မဲပေးသည့်နေ့တွင်သာ မဲရုံသို့ ကိုယ်တိုင်သွားရောက် မဲပေးခဲ့ကြသည်။

“ခုတစ်ခါတော့ ကိုဗစ်ကလည်း ရှိနေတယ်။ ကျန်းမာရေးအတွက် စိတ်ချရမှာပဲ သွားဖြစ်မယ်ထင်တယ်။ စဉ်းစားရဦးမှာပါ”ဟု မုံရွာမြို့ရှိ မျက်မမြင်တစ်ဦးက ပြောသည်။

မျက်မမြင်များအတွက် အထူးလုပ်ဆောင်ထားသော မဲစာရွက်တွင် ယခင်က မဲပေးနိုင်ခဲ့ကြပြီး မသန်စွမ်းအမျိုးအစားအလိုက် မိမိနှစ်သက်ရာပါတီအား စိတ်ကြိုက်မဲထည့်နိုင်ရေး မသန်စွမ်း အဖွဲ့အစည်းများမှလည်း ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here