လူမှုကွန်ရက်နှင့် လုပ်ငန်းခွင်

0
323

ပြည်တွင်းလုပ်ငန်းတချို့ရဲ့ အလုပ်ခေါ်စာတွေမှာ လူမှုကွန်ရက် အလွန်အကျွံသုံးစွဲသူမဖြစ်ဖို့နဲ့ တစ်ချိန်လုံး ဖုန်းသုံးစွဲနေသူ မဖြစ်ဖို့ဆိုတဲ့ အချက်ကို ထည့်သွင်း ဖော်ပြလာနေတယ်ဆိုတဲ့ ကုမုဒြာဂျာနယ်က သတင်းတစ်ပုဒ် မြင်မိတဲ့အခါ ပြုံးရမလို၊ ရယ်ရမလို ဖြစ်ရပါတယ်။ ဒါပေမယ့်လည်း အချိန်ယူပြီး စေ့စေ့တွေးကြည့်မယ်ဆိုရင်တော့ ဒီကိစ္စဟာ သေးငယ်တဲ့ ပြဿနာတစ်ခု မဟုတ်တာ မြင်ယောင်လာပါလိမ့်မယ်။

မိုဘိုင်းလ်ဆက်သွယ်ရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ငါးနှစ်ဝန်းကျင်အကြာ လက်ရှိ ၂၀၁၉ ခုနှစ်မှာ ပြည်တွင်း Mobile Penetration ပမာဏဟာ လူဦးရေစုစုပေါင်းရဲ့ ၁၁၀ ရာခိုင်နှုန်းနဲ့အထက် ရှိနေတယ်လို့ တရားဝင်ထုတ်ပြန်ထားတဲ့ မှတ်တမ်းတွေက ညွှန်းဆိုနေပါတယ်။

လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းနဲ့ ၈၀ ရာခိုင်နှုန်းကြား ပမာဏသော လူတွေဟာ အင်တာနက်အသုံးပြုနေကြပြီး အားလုံးနီးပါးဟာ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်ကို သုံးစွဲနေကြပါတယ်။ ဒီလိုတိုင်းပြည်မျိုးမှာ လူငယ်လူရွယ်တွေအကြား လူမှုကွန်ရက် အသုံးပြုမှုနဲ့ ဂိမ်းဆော့ကစားမှုတွေ တဟုန်ထိုး တိုးတက်လာနေပြီး တစ်နေကုန် ဖုန်းကို လက်ထဲကမချသူတွေလည်း ထုနဲ့ထေးပါ။

လူမှုကွန်ရက် အသုံးပြုမှုဟာ ဘေးဆိုးကပ်ဆိုးတစ်ခုတော့ မဟုတ်ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ကျန်းမာရေးနဲ့ လူမှုရေး ထိခိုက်မှုပမ ဏတွေ တိုးပွားလာစေတဲ့ အကြောင်းအရင်းတစ်ချက်ဖြစ်နေတာဟာ ငြင်းမရတဲ့ အမှန်တရားပါပဲ။

ယနေ့ခေတ်မှာတော့ လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေကိုယ်တိုင် သူတို့ ဖန်တီးခဲ့တဲ့ ထုတ်ကုန်အပေါ် ပြန်လည် စိုးရိမ်ပူပန်မှုတွေ ရှိလာနေပါတယ်။ လူထုရဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ ပတ်သတ်တဲ့ အနှုတ်လက္ခဏာ မှတ်ချက်တွေ ပိုမိုများပြားလာနေတာကြောင့်လို့ ဆိုရမှာပါ။

ခုဆိုရင် မြန်မာပြည်မှာလည်း လူမှုကွန်ရက် အလွန်အကျွံသုံးစွဲမှုတွေကို ပိုမိုမြင်တွေ့လာနေရပြီး လုပ်ငန်းခွင်နဲ့ မိသားစုဘဝတွေအထိ သက်ရောက်မှု ရှိလာနေတယ်ဆိုတဲ့ သတင်းမျိုးတွေလည်း ခပ်စိပ်စိပ်ကြားလာနေရပါတယ်။ ဥပမာအားဖြင့် ရန်ကုန်မြို့နဲ့ မြို့ကြီး တချို့က လုပ်ငန်းနဲ့ ဆေးဆိုင်အချို့ရဲ့ အလုပ်ခေါ်ယူမှုတွေမှာ ‘ဂိမ်းစွဲနေသူတွေနဲ့ လူမှုကွန်ယက် အလွန်အကျွံသုံးစွဲလေ့ရှိသူတွေ လျှောက်ထားရန်မလို’ ဆိုပြီး ဖော်ပြထားတာတွေ မြင်တွေ့လာနေရပါတယ်။ အင်တာဗျူးချိန်မှာလည်း ဖေ့စ်ဘွတ်ခ်အကောင့်နာမည်ကို ယူထားပြီး ဘာပို့စ်တွေတင်နေတယ်၊ ဘာတွေ Share ထားတယ်ဆိုတာတွေကိုပါ လိုက်စစ်ဆေးလာကြတာတွေလည်း ရှိလာပါတယ်။

အလုပ်ရှင်တွေကတော့ အဆိုအရ ဂိမ်းစွဲနေသူတွေနဲ့ အင်တာနက်စွဲနေသူတွေဟာ လုပ်ငန်းခွင်မှာ အနှောင့်အယှက်ဖြစ်စေပြီး လုပ်ငန်းမတွင်ကျယ်စေတာမို့ စောစောစီးစီးလေ့လာပြီး ဆန်းစစ်ထားရတာဖြစ်တယ်လို့ ဆိုကြပါတယ်။ တချို့လုပ်ငန်းခွင်တွေမှာဆိုရင် လုပ်ငန်းထဲ ဖုန်းယူဆောင်ခွင့်၊ အသုံးပြုခွင့်တွေကိုပါ လုံး၀ပိတ်ပင်ထားတဲ့အထိပါပဲ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကဆိုရင် ကုမ္ပဏီတွေဟာ ရုံးကဝန်ထမ်းတွေကို မိုဘိုင်းလ်ဖုန်း ဒါမှမဟုတ် ဆင်းမ်ကတ်တွေ ဝယ်ပေးခဲ့ကြတာကို ပြန်သတိရစရာပါ။

ဒီကနေ့ခေတ်မှာတော့ လူမှုကွန်ရက်တွေ၊ မိုဘိုင်းလ်ဖုန်းတွေ အလွန်အကျွံခေတ်စားလာတော့ မျှော်မှန်းထားတဲ့ပြဿနာတွေရော၊ မမျှော်မှန်းထားတဲ့ ပြဿနာတွေပါ ရင်ဆိုင်လာရတာအမှန်ပါပဲ။ အထူးသဖြင့် ဖုန်းကြီးအတိုင်း ဆိုရင်တောင် ပြဿနာသိပ်မရှိပေမယ့် လူမှုကွန်ရက်ကြီးပါ ပေါင်းစပ်လိုက်ချိန်မှာတော့ စွဲလမ်းမှုတွေက အတော်ကြီး လာခဲ့ပါတယ်။ လုပ်ငန်းရှင်တချို့ရဲ့ မှတ်ချက်တွေမှာဆိုရင် ဖုန်းပေးမသုံးလို့ အလုပ်မှာ ရက်နည်းနည်းပဲဆင်းပြီး ပြန်မလာတော့တဲ့သူတွေကို မကြာခဏ ကြုံနေရတယ်လို့ ဆိုပါတယ်။

လူမှုကွန်ရက်ဆိုတာမျိုးကလည်း စီးကရက်နဲ့ အရက်တွေထက်တောင် ပိုမိုစွဲလမ်းစေတဲ့အရာဖြစ်တယ်လို့ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းတွေကတောင် ဆိုထားရတဲ့အရာ မဟုတ်လား။ ဗြိတိန်အခြေစိုက် လူထုကျန်းမာရေးဆိုင်ရာ တော်ဝင်အဖွဲ့အစည်းကြီးကဆိုရင် အလွန်ဆိုးရွားတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဘေးဒုက္ခကြီးတစ်ခုဖြစ်နေပြီလို့ကို ဆိုခဲ့တာပါ။ သူတို့အဖွဲ့အစည်းရဲ့ လေ့လာချက်တွေအရ ဆိုရင်တော့ အနောက်နိုင်ငံတွေမှာရှိတဲ့ Millennial (၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်းမှာ မွေးဖွားတဲ့ ကလေးတွေ) ရဲ့ လေးပုံတစ်ပုံဟာ တစ်နေ့ကို ပျမ်းမျှအကြိမ် ၁၀ဝ ဝန်းကျင်လောက် ဖုန်းကိုကြည့်ဖြစ်ကြတယ်လို့ဆိုပါတယ်။ ဒီလိုကြည့်ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ လူမှုကွန်ရက်ပါပဲ။

၂၀၁၉ ခုနှစ် သြဂုတ်လဆန်း အတွင်းမှာ နိုင်ငံတကာကနေ ထုတ်ပြန်တဲ့ အချက်အလက်တွေထဲမှာလည်း ကမ္ဘာပေါ်က လူတွေဟာ တစ်နေ့ကို ၂ နာရီနဲ့ ၂၃ မိနစ် ဝန်းကျင်နှုန်းနဲ့ လူမှုကွန်ရက်ကို အသုံးပြုနေကြတယ်လို့ ပါရှိနေပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းက လူတစ်ယောက်ရဲ့ တစ်နေ့ ပျမ်းမျှ လူမှုကွန်ရက်အသုံးပြုမှုနှုန်းဟာ ၁ နာရီနဲ့ ၃၀ မိနစ်သာ ရှိပါတယ်။

Facebook အပါအဝင် လူမှုကွန်ရက်တွေကို အသုံးပြုချင်စိတ်ဟာ အလွယ်တကူ စွဲလမ်းလွယ်ပါတယ်။ လူမှုကွန်ရက်ကြောင့် လူငယ်တွေ ရလာနိုင်တဲ့ အဆိုးရွားဆုံး ဘေးထွက်ဆိုးကျိုးတွေက ဆိုက်ဘာအကြမ်းဖက်မှုတွေနဲ့ စိတ်ဖိစီးမှုရောဂါတွေအထိ ဆင့်ကဲဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးမှုတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ဒါတွေဟာ ဆယ်ကျော်သက်အရွယ် ကလေးတွေမှာပဲ ဖြစ်နိုင်တယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး။ လူငယ်၊ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေအထိလည်း ဒီလို ပြဿနာမျိုးတွေ ကြုံရ၊ ဆုံရနိုင်ခြေတွေ ရှိနေပါတယ်။

သက်ဆိုင်ရာ ပညာရှင်တွေအားလုံး သဘောတူညီထားတဲ့အချက်ကတော့ လူမှုကွန်ရက်နဲ့ ဂိမ်းစွဲလမ်းမှုတွေဟာ လူတွေအတွက် ဆိုးရွားတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေကို ဆောင်ယူလာတယ်ဆိုတာပါပဲ။ ဒါဟာ လူမှုကွန်ရက်အသုံးပြုသူတွေ သေချာသတိထားရမယ့် အချက်တစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ခေတ်လူငယ်တွေရဲ့ အလွန်အမင်းဆန်တဲ့အပြုအမူတွေဟာ ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်တားဆီးနိုင်မယ့် နည်းလမ်းတွေကို ဒီထပ်ပိုနောက်မကျခင် ရှာဖွေဖို့ လိုအပ်နေပြီဆိုတာကို အချက်ပေးလိုက်တဲ့ သတိပေးခေါင်းလောင်းလည်းဖြစ်ပါတယ်။

လူမှုကွန်ရက်နဲ့ မိုဘိုင်းလ်ဖုန်းတွေအပြင် တခြားသော စိတ်ဝင်စားဖွယ်ရာ နည်းလမ်းတွေ ဖန်တီးပေးနိုင်ဖို့၊ ပညာပေး အသိပေးနိုင်ဖို့ အမှန်တကယ် လိုအပ်နေပါတယ်။ နောက်ပြီး အခြေခံအားဖြင့် လိုက်နာရမယ့် လုပ်ငန်းခွင် စည်းမျဉ်းတွေ၊ ကျင့်ဝတ်တွေကို လူငယ်တိုင်း နားလည်သိရှိလာအောင် စာသင်ကျောင်းတွေကနေတဆင့် သင်ကြားပေးတာမျိုးတွေလည်း လုပ်သင့်ပါတယ်။

ဒီလိုမှမဟုတ်ရင်တော့ သာမန် လုပ်ငန်းခွင်တွေမှာ ဖုန်းတကိုင်ကိုင်နဲ့ ကာစတမ်မာကို စိတ်မရှည်သလို ဆက်ဆံနေကြတဲ့ ဝန်ထမ်းမျိုးတွေကို ယခုထက် ပိုမြင်လာရဖို့သာ ရှိပါလိမ့်မယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here