ဝူဟန်ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် ယန်စီကြေးနီစီမံကိန်းအတွင်း သီးခြားခွဲထားသော တရုတ်လုပ်သားများနှင့်မိသားစုဝင်များ အား စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ ဝင်ရောက်စစ်ဆေးမှု ယနေ့ပြုလုပ်ခဲ့သည်။
တရုတ်နှစ်သစ်ကူးတွင် နေရပ်သို့ မပြန်သည့် ယန်စီနှင့်ဝမ်ပေါင် ကုမ္ပဏီမှ ကြေးနီဝန်ထမ်းများထံ ၎င်းတို့၏ မိသားစုများက လာရောက်ခဲ့ပြီး ပြည်တွင်း၌ လည်ပတ်ခဲ့သဖြင့် ယခုလ ၂၇ ရက်ကတည်းက သီးခြားခွဲထားခြင်းဖြစ်ကြောင်း ယန်စီကုမ္ပဏီ၏ အကြံပေး ဦးအုန်းလွင်မြင့်က က ပြောသည်။
သီးခြားခွဲထားသူများ၏ ကျန်းမာရေးနှင့်လဝကဥပဒေနှင့် အညီ နေထိုင်ခြင်း ဟုတ်မဟုတ်တို့ကို တိုင်းအစိုးရ ဦးဆောင်မှုဖြင့် ယနေ့ စစ်ဆေးခဲ့သည်။
“ဗမာပြည်ထဲမှာလည်း ဒီဗိုင်းရပ်စ် ပျံ့နှံ့တယ်၊ မပျံ့နှံ့ဘူး ကျွန်တော်တို့ မသိနိုင်ဘူးလေ။ဖြစ်နိုင်ချေ ရှိလို့ ခွဲထားလိုက်တာပဲ။ဖြစ်နေလို့ မဟုတ်ဘူး”ဟု ဦးအုန်းလွင်မြင့်ကပြောသည်။
သီးခြားခွဲထားသည့် တရုတ်နိုင်ငံသား ၂၅ ဦးရှိပြီး ယခုလအတွင်းမှ ရောက်လာသူ ၁၂ ဦး ပါသည်။
ဝူဟန်ဗိုင်းရပ်စ်ဖြစ်ပွားမှုကြေညာပြီးနောက် ကုမ္ပဏီသို့ ရောက်လာသော တရုတ်မိသားစုဝင် ၂ဦးရှိပြီး ဝူဟန် မြို့နှင့်နီးမနီးစုံစမ်းပြီး ၎င်းတို့ကို ၂၈ရက်ကြာ စောင့်ကြည့်ရမည်ဟု စစ်ဆေးမှုတွင်ပါဝင်သော တိုင်းကျန်းမာအဖွဲ့က ဆိုသည်။
ခွဲထားသူများတွင် ဗိုင်းရပ်စ်ပိုးပျံ့နှံ့နေသည့် ဝူဟန်မြို့မှ လာသူ ၃ ဦးလည်းပါပြီး ၎င်းတို့မှာ ၂၀၁၉ နိုဝင်ဘာနှင့်ဒီဇင်ဘာ လကုန်ပိုင်းက ကုမ္ပဏီသို့ ရောက်လာခဲ့ကြသည်။
” ဒါပေမယ့် အဲဒီ ၃ ယောက်ကလည်း ၂၈ရက်ကျော်နေပြီ။လက္ခဏာလည်း မရှိတော့ ဘာမှမဖြစ်ဘူး။ “ဟု တိုင်းကျန်းမာ ဌာန အထူးရောဂါနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာကျော်သူဆွေက ပြောသည်။
သီးသန့်ခွဲထားသူများအား လတ်တလောတွင် ဗိုင်းရပ်စ်ကူးစက်ခံရသည့် လက္ခဏာ မတွေ့ရှိရသော်လည်း ကုမ္ပဏီဆရာဝန်များဖြင့် ဆက်လက်စောင့်ကြည့်သွားမည် ဟုသိရသည်။
သီးခြားခွဲထားသောတရုတ်များအား အပြင်သို့မထွက်စေဘဲ အစားအသောက်များကို သီးခြားပို့ထားခြင်းဖြစ်သည်။
တရုတ်နိုင်ငံသားများ ကား၅ စီးဖြင့် ယန်စီကုမ္ပဏီအတွင်း ဝူဟန်ဗိုင်းရပ်စ် ရှောင်ရန်လာရောက်ကြသည်ဟု ဒေသခံများအကြား သတင်းထွက်ပေါ်ပြီးနောက် တိုင်းအစိုးရမှ ယင်းကဲ့သို့ သွားရောက်စစ်ဆေးခြင်းဖြစ်သည်။
သီးခြားခွဲထုတ်ခံရသူများသည် ဗီဇာဖြင့် တရားဝင်လာရောက်နေထိုင်သူများဖြစ်သည်ဟု လဝက မှ ပြောသည်။
ယန်စီကုမ္ပဏီနှင့် ဝမ်ပေါင်ကုမ္ပဏီတို့သည် မုံရွာမြို့တစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ် ရှိ လက်ပံတောင်းတောင်၊ကြေးစင်တောင်၊စံပယ်တောင် ကြေးနီတူးဖော်ရေးလုပ်ကိုင်နေသော ကုမ္ပဏီများဖြစ်သည်။


