သွေးလွန်တုပ်ကွေးလူနာနှင့် သေဆုံးသူဦးရေ စစ်ကိုင်းတိုင်း အမြင့်ဆုံးဖြစ်

0
1213
သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများဆုံးမြို့နယ် ၂၀ တွင် စစ်ကိုင်းတိုင်းမှ မြို့နယ်သုံးခုပါဝင်သည်။ ဓာတ်ပုံ-မုံရွာမြို့ခံလူမှုအဖွဲ့အစည်းတစ်ခု

အောင်ထွန်း
မုံရွာ၊ ဇူလိုင် – ၂၉

မြန်မာနိုင်ငံအတွင်း တိုင်းနှင့် ပြည်နယ်များတွင် ယခုနှစ် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူနှင့် သေဆုံးသူဦးရေမှာ စစ်ကိုင်းတိုင်းသည် အမြင့်ဆုံးဖြစ်နေကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အစီရင်ခံစာတွင် ဖော်ပြသည်။

ယခုနှစ်စမှ ဇူလိုင်လအထိ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် ၂၃ မြို့နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၆၇၂ ဦးထိရှိနေပြီး ၅ ဦး သေဆုံးခဲ့ပြီ ဖြစ်သည်။

သေဆုံးသူများမှာ ချောင်းဦးမြို့နယ်မှ နှစ်ဦး၊ ဘုတလင်မြို့နယ်မှ တစ်ဦး၊ ရွှေဘိုမြို့နယ်တွင် တစ်ဦး၊ ရေဦးမြို့နယ်မှ တစ်ဦးဖြစ်သည်။

တိုင်းဒေသကြီးအတွင်း မြို့နယ် ၃၇ မြို့နယ်တွင် သွေးလွန်တုပ်ကွေး ကူးစက်ဖြစ်ပွားမှုအများဆုံးမှာ ဘုတလင်၊ ကလေး၊ ပုလဲ၊ ရေဦး၊ ချောင်းဦးမြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

“ဆေးရုံမှာ သွေးလွန်တုပ်ကွေးနဲ့ တက်လာပြီဆို အဲဒီလူနာနေတဲ့၊ ရပ်ကွက်/ကျေးရွာက အိမ်တွေ ပတ်လည်မှာ အဖျားလူနာစောင့်ကြည့်စစ်ဆေးမှု လုပ်တယ်၊ မြေပုံဆွဲပြီး ခြင် နှိမ်နင်းရေးလုပ်တယ်။ အိမ်တိုင်းမှာ ခြင်ခိုအောင်းနိုင်တဲ့ နေရာတွေ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ဖို့က အဓိကဖြစ်နေတာပါ” ဟု စစ်ကိုင်းတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာညိမ်းညိမ်းအေးက ပြောသည်။

နေအိမ်များတွင် သွေးလွန်တုပ်ကွေးပိုး သယ်ဆောင်သော ခြင်ကြားပေါက်ပွားမှုမရှိစေရေး ပိုးလောက်လန်းသေ အဘိတ်ဆေးများကို လဲလှယ်ခြင်း မပြုနိုင်သည့် ရေကန်များတွင် ထည့်ပေးခြင်းကို ငှက်ဖျားဌာနမှ လုပ်ဆောင်ပေးနေသည်ဟု ဆိုသည်။

“မိုးရွာလိုက်၊ နေပူလိုက်ဆိုတော့ ခြင်ကပေါတယ်။ ကလေးတွေ ခြင်မကိုက်အောင် ခြင်ပြေးဆေးလိမ်းပေးတာ ရှိတယ်။ အဘိတ်ဆေးက အိမ်ထဲရှိတဲ့ ရေကန်တိုင်းတော့ ထည့်မပေးဘူး”ဟု ချောင်းဦးမြို့ခံတစ်ဦးက ပြောသည်။

ယမန်နှစ် ၂၀၁၉ က ဇူလိုင်လအထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ငါးရာကျော်ရှိခဲ့ရာ ယခုနှစ်တွင် လူနာဦးရေ ပိုများခဲ့သည်။

သက်ကြီးခြင်ကြားနှိမ်နင်းရေးအတွက် မီးခိုးမှုတ်စက်များဖြန်းပါက တစ်ပြိုင်နက်လုပ်ဆောင်မှသာ နှိမ်နင်းနိုင်မည်ဖြစ်၍ စနစ်တကျလုပ်ဆောင်မှသာ အဆင်ပြေမည်ဟု တိုင်းကျန်းမာဌာနမှ တာဝန်ရှိသူက ဆိုသည်။

စစ်ကိုင်းတိုင်းတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ မြို့ပေါ်ထက် ကျေးလက်ဒေသများတွင် ဖြစ်ပွားနှုန်းမြင့်နေပြီး အသက် ၅ နှစ်မှ ၉ နှစ်ကြား ကလေးငယ်များတွင် ပိုမိုဖြစ်ပွားနေခြင်း ဖြစ်သည်။

မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုး သယ်ဆောင်သော နေ့ခင်းတွင် ကိုက်သည့် ခြင်းကြားမှ ကူးစက်ခြင်းဖြစ်၍ ၎င်းတို့ပေါက်ပွားလေ့ရှိသော နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းများ လုပ်ဆောင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here