အထင်ကရ ဘုရားကြီးများတွင် အလိုအလျောက် ကိုယ်ပူတိုင်းစက်များ တပ်ဆင်

0
41
အထင်ကရဘုရားများတွင် ရုံးပိတ်ရက်နှင့် အခါကြီးရက်ကြီးများ၌ ဘုရားဖူးထောင်ချီ ဝင်ရောက်နေသည်။ ဓာတ်ပုံ - ကိုသစ္စာ

အောင်ထွန်း
မုံရွာ၊ ဇူလိုင် – ၂၉

စစ်ကိုင်းတိုင်းအတွင်း အထင်ကရ ဘုရားကြီးများတွင် ဘုရားဖူးပြည်သူများ ကျန်းမာရေးအတွက် အလိုအလျောက် ကိုယ်ပူချိန်တိုင်းစက်များ တပ်ဆင် အသုံးပြုနေကြသည်။

၎င်းစက်သည် ကိုယ်အပူချိန်များနေသူ၊ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်မထားသူများအား အသံထွက်သတိပေးပြီး ပုံရိပ်ဖမ်းမှတ်သားပေးကြောင်း သိရသည်။

ပြည်တွင်း၌ COVID-19 အတည်ပြု လူနာများတွေ့ရှိပြီးနောက် ဘုရားစေတီများတွင် ဖူးမြော်ခွင့်ပိတ်ထားပြီး ဇူလိုင်လအတွင်း ပြန်လည်ဖွင့်ခဲ့ရာ ရုံးပိတ်ရက်နှင့် ဗုဒ္ဓဘာသာနေ့ထူးနေ့မြတ်များတွင် ဘုရားဖူးများ ထောင်ချီလာရောက်ဖူးမြော်ကြကြောင်း ဂေါပက အဖွဲ့ တာဝန်ရှိသူများက ပြောသည်။

“နေပူထဲကလာလို့ ကိုယ်အပူချိန်များရင် ခဏနားခိုင်းပြီးမှ ကိုယ်ပူတိုင်းစက်ရှေ့ ဖြတ်ပြီး ပြန်စစ် ဖူးမြော်ခွင့်ပြုတယ်။ လူအားနဲ့ အပူချိန်တိုင်းရင် မလွယ်လို့ စက်အကူအညီ ယူရတော့တာ။ နှာခေါင်းစည်းမတပ်တာက မြင်သာတယ်”ဟု စစ်ကိုင်းမြို့ ကောင်းမူတော် ဘုရားကြီးဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။

သိန်း ၆၀ ကျော်တန်ဖိုးရှိသော အလိုအလျောက် ကိုယ်ပူချိန်တိုင်းစက်များကို စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင်၊ ကောင်းမူတော်ဘုရားများတွင် တပ်ဆင်ထားသည်။ လက်ဆေးပြီး နှာခေါင်းစည်းတပ်ဆင်ထားသူများကိုသာ ဖူးမြော်ခွင့်ပေးနေခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် နိုင်ငံတော်ပြန်တမ်းဝင် အထင်ကရဘုရား ၄၂ ဆူရှိပြီး အချို့သော ဘုရားများတွင် ကိုဗစ်ကာလ၌ ပိတ်ထားခြင်းမရှိကြောင်း တိုင်းသာသနာရေးဝန်ကြီးဌာနက ပြောသည်။

တိုင်းဒေသကြီးအတွင်း ဘုရားများကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဂေါပကအဖွဲ့များ ပူးပေါင်း၍ ကျနး်မာရေးဌာန လမ်းညွှန်ချက်များနဲ့အညီ ဆောင်ရွက်ပြီးပါက ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here