အပစ်ပယ်ခံ လယ်ယာကဏ္ဍ ရှေ့ရေး

0
2380

မုံရွာဂေဇက်

လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် စစ်ကိုင်းတိုင်းအစိုးရ၏ ထိပ်တန်းဦးစားပေး မူဝါဒတစ်ရပ်ဖြစ်သည်။ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဦးဆောင်သော တိုင်းအစိုးရ၏ စတုတ္ထတစ်နှစ်တာ အစီရင်ခံစာတွင် စိုက်ပျိုးရေးကဏ္ဍကို အစိုးရ၏ နံပါတ်တစ်ဦးစားပေး မူဝါဒအဖြစ် ဖော်ပြခဲ့သည်။

အဆိုပါ ပြည်သူသို့ အစီရင်ခံစာတွင် တိုင်းအစိုးရ၏ လယ်ယာစိုက်ပျိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကိုလည်း ထည့်သွင်းရေးသားထားသည်။ တိုင်းအစိုးရ၏ စတုတ္ထတစ်နှစ်တာတွင် အဆင့်မြင့်လယ်ယာ ဧက ၁၂၀ဝ ကျော် ဖော်ထုတ်ပေးခဲ့သလို လယ်မဲ့ယာမဲ့များအတွက် လယ်ယာမြေ ဧက ၁၀ဝ၀ နီးပါး ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထို့ပြင် ရေရရှိရေး၊ မျိုးကောငး် မျိုးသန့်ရရှိရေး၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဈေးကွက်ရရှိရေးအတွက် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း (Good Agricultural Practives-GAP) လက်မှတ်များ စိစစ်ထုတ်ပေးခြင်း အစရှိသော အချက်များကိုပါ လုပ်ဆောင်ပေးခဲ့သည်ဟု ၎င်းအစီရင်ခံစာတွင် တပါတည်း ရေးသားတင်ပြထားသည်။ ယင်းကဲ့သို့ စစ်ကိုင်းတိုင်းအစိုးရက စိုက်ပျိုးရေးကို နံပါတ်တစ် မူဝါဒအဖြစ် ဦးစားပေး ဆောင်ရွက်နေသော်လည်း မုံရွာဂေဇက်ကရရှိသည့် သတင်းအချက်အလက်များအရ စစ်ကိုင်းတိုင်း၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် တစ်နှစ်ထက်တစ်နှစ် ပို၍ ကျဆင်းလာသည်ကို သိနိုင်သည်။

စစ်ကိုင်းတိုင်း၏ စုစုပေါင်း အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး GDP တွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၂၉ ဒဿမ၂ ရာခိုင်နှုန်းသာ ပါဝင်ခဲ့ပြီး ယခင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ၃၃ ဒဿမ ၉ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက နိမ့်ဆင်းလာသည်ကို စစ်ကိုင်းတိုင်းစီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဖော်ပြချက်အရ သိရသည်။

စစ်ကိုင်းတိုင်း တိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေးနှင့် မွေးမြူရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးစောမောင်က တိုင်းအစိုးရ၏ စိုက်ပျိုးရေးကဏ္ဍအပေါ် ဆောင်ရွက်မှုများကို အားမရကြောင်း မုံရွာဂေဇက်သို့ ပြောသည်။

“အဆင့်မြင့်လယ်ယာဖော်ထုတ်တယ်ဆို ပုလဲမှာလုပ်တယ်။ ဧက ၁၀ဝ။ ဒါပေမယ့် မအောင်မြင်ဘူးဗျ”ဟု ၎င်းက ဝေဖန်သည်။

အချိန်အခါကောင်းလာတဲ့ စိုက်ပျိုးရေး

အထက်တွင် ဆိုခဲ့သည့်အတိုင်း စစ်ကိုင်းတိုင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍ နိမ့်ကျနေချိန်၌ အခွင့်အလမ်းတစ်ခု ပေါ်လာသည်။ ကမ္ဘာ့ကပ်ရောဂါ COVID- 19 ကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းမတတ်ဖြစ်သွားသည်။ ထိုအထဲတွင် တိုင်းအစိုးရအာရုံစိုက်နေသည့် ခရီးသွားလုပ်ငန်းက အထိနာဆုံးဖြစ်သည်။ ဝန်ဆောင်မှုလုပ်ငန်းများ သည်လည်း အခြေအနေဆိုးများနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် လူတို့၏ ဝယ်ယူသုံးစွဲမှုသည်လည်း ကပ်ရောဂါကြောင့် ပြောင်းလဲလာခဲ့ရာ မရှိမဖြစ်၊ မသုံးမဖြစ် အခြေခံကုန်စည်များကိုသာ ဦးစားပေးလာခဲ့သည်။

သို့သော် စိုက်ပျိုးရေးလုပ်ငန်းခွင်မှာမူ ၎င်းလုပ်ငန်းများနှင့် မတူဘဲ အခက်အခဲများကြားကပင် ဆက်လက်လုပ်ဆောင်နိုင်ခဲ့သည်။ ပုလဲမြို့နယ်မှ တောင်သူတစ်ဦးဖြစ်သူ ဦးမျိုးမြင့်ထွန်းက ကိုဗစ်ကြောင့် ၎င်းလုပ်ငန်းများ မထိခိုက်ကြောင်း ပြောသည်။

“ကိုဗစ်-၁၉ က တို့တောက ဘာမှကိုမဟုတ်တာ။ ဖြစ်လို့ဖြစ်နေမှန်းကို မသိတာ။ အလုပ်အကိုင် မပျက်ဘူး”ဟု ဆိုသည်။

အရာတော်မြို့နယ်မှ တောင်သူတစ်ဦးဖြစ်သူ ဦးဇော်မျိုးလွင်ကလည်း “လုပ်ငန်းကိုင်ငန်းကတော့ တောဓလေ့ဆိုတော့ သူ့ဟာနဲ့သူ လုပ်လို့ရပါတယ်” ဟု ပြောသည်။

စိုက်ပျိုးရေးကဏ္ဍက ကိုဗစ်ကြောင့် အလုပ်အကိုင် မပျက်သည့်အပြင် အခြားသော အား သာချက်များပါ ရှိနေကြောင်း မုံရွာမြို့ခံ ဦးကျော်မြင့်က ပြောသည်။

“စားနပ်ရိက္ခာက အေးချမ်းနေလို့ သူ့တန်ဖိုး မပေါ်လွင်တာပါ။ ကပ်ဆိုက်တဲ့အခါ၊ စစ်ဖြစ်တဲ့အခါ သူ့တန်ဖိုး ပေါ်လွင်ထင်ရှားလာတယ်”ဟု ဆိုသည်။

ဦးကျော်မြင့်သည် စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံကာ စီးပွားဖြစ် လုပ်ကိုင်ခဲ့သလို၊ လယ်ယာထွက်သီးနှံ အခြေပြု စားကုန်၊ ထုတ်ကုန်များကိုလည်း ထုတ်လုပ်နေသူဖြစ်သည်။

ထို့ပြင် ကမ္ဘာကြီးသည် သဘာဝဘေး၊ စစ်မက်ဘေးနှင့် ရောဂါကပ်တို့ကို မကြာခဏဆိုသလို ကြုံနေရသည့်အတွက် စားနပ်ရိက္ခာထုတ်လုပ်သည့် စစ်ကိုင်းတိုင်းစိုက်ပျိုးရေးကဏ္ဍသည် ပို၍ အခွင့်အလမ်းရှိလာကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

သမ္မတရုံးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနများတွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးတင်နိုင်သိန်းကလည်း စစ်ကိုင်းတိုင်းသည် စိုက်ပျိုးရေးလုပ်ငန်းကို အားထည့်လုပ်ဆောင်ရန် ရေခံမြေခံကောင်းများ ရှိသည်ဟု မုံရွာဂေဇက်သို့ ပြောသည်။

ယင်း၏သုံးသပ်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီးသည် တည်နေရာအနေအထားအားဖြင့် အိန္ဒိယနှင့်တရုတ် ဈေးကွက်ကြီးနှစ်ခု ဆက်သွယ်ရာ စီးပွားရေးစင်္ကြံလမ်းဖြစ်သလို တမူးမှ မြဝတီအထိလည်း စီးပွားရေးစင်္ကြံလမ်းများအဖြစ် ကုန်သွယ်မှုလမ်းကြောင်း အားကောင်းနေသည်ကို ထောက်ပြထားသည်။

စစ်ကိုင်းတိုင်းအတွက် ပို၍ထူးခြားသည်မှာ အိန္ဒိယသို့ တိုက်ရိုက်ပေါက်သည့် တမူးနယ်စပ်ဂိတ်ကို ပိုင်ဆိုင်ထားခြင်းပင်။

“မြေသယံဇာတ အကျယ်အဝန်းက ရှမ်းပြည်နယ်ပြီးရင် ဒုတိယအကျယ်ဝန်းဆုံးဖြစ်ပြီး လူဦးရေ သိပ်သည်းမှုအရ လယ်ယာသားငါးကဏ္ဍ တိုးချဲ့ရန် အခြေအနေကောင်းရှိတယ်”ဟု ဦးတင်နိုင်သိန်းက ဆိုသည်။

စစ်ကိုင်းတိုင်းသည် ဧရာဝတီတိုင်းဒေသကြီးထက် မြေအကျယ်အဝန်း သုံးဆပိုကျယ်ပြန့်သည့်အပြင် ရေသယံဇာတအရ ဧရာဝတီမြစ်၊ မူးမြစ်၊ ချင်းတွင်းမြစ်များ ပိုင်ဆိုင်ထားသည့်အတွက် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများစွာ ရှိကြောင်း ဦးတင်နိုင်သိန်းက ဆက်လက်သုံးသပ်ပြသည်။

စစ်ကိုင်းတိုင်းရှိ လုပ်ငန်းရှင်များကလည်း ကိုဗစ်ကာလနှင့် ကိုဗစ်အလွန်ကာလများသည် စိုက်ပျိုးရေးကဏ္ဍကို အားစိုက်လုပ်ဆောင်ရန် အချိန်အခါကောင်းပင်ဖြစ်ကြောင်း ၎င်းတို့၏ သဘောထားများကို မုံရွာဂေဇက်နှင့် အင်တာဗျူးများတွင် ပြောဆိုထားကြသည်။

ကိုဗစ်ကပ်ရောဂါ တကမ္ဘာလုံးဖြစ်သွားချိန်တွင် စိုက်ပျိုးရေး အခြေခံတိုင်းပြည်တခုအနေနှင့် စီးပွားရေး နာလန်ပြန်ထူရန် စိုက်ပျိုးရေးကိုပဲ အခြေခံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဒုဥက္ကဋ္ဌလည်းဖြစ်သူ စစ်ကိုင်းတိုင်း ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက အကြံပြုသည်။

” စိုက်ပျိုးရေးလုပ်တာက ကျန်းမာရေးအရရော လူ့အသိုင်းအဝိုင်းအများကြီးထဲမှာ လုပ်ရတာ မဟုတ်တဲ့အတွက် လယ်ယာမြေဆင်းပြီး အလုပ်လုပ်ရတာဖြစ်တဲ့အတွက် ကိုဗစ်ရောဂါကူးစက်ဖို့လည်း သက်သာတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုပေါ့။ တောင်သူ ၇၀ ရာခိုင်နှုန်းရှိနေတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် ဒီကနေပြီး နာလန်ထဖို့ တွန်းအားပေးရမယ့် လုပ်ငန်းတစ်ခုလို့ မြင်တယ်”ဟု ၎င်းအမြင်ကို ပြောသည်။

စိမ်းရောင်သန်းသော စစ်ကိုင်းမြေ (Greenish Sagaing Region) မျိုးစေ့ထုတ်ကုမ္ပဏီ ဒါရိုက်တာဖြစ်သူ မစွမ်းရည်ဇော်ကလည်း ကိုဗစ်ကာလတွင် စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရန် အချိန်ခါကောင်းဟု ပိုပြီးပြော၍ရကြောင်း မှတ်ချက်ပေးသည်။

“ဘာလို့လဲဆိုတော့ အကုန်လုံးကစားစရာ အတွက်ပဲ ဦးစားပေးကြမှာပေါ။့ အခုအချိန်မှာဆိုလို့ရှိရင် ဒီလုပ်ငန်းက အကောင်းဆုံးလုပ်ငန်းလို့တောင် ပြောလို့ရတယ်”ဟု ၎င်းက ဆိုသည်။

ဘယ်လိုကုစားကြမလဲ

ခေတ်အဆက်ဆက် အုပ်စိုးခဲ့ကြသည့် အစိုးရများကတော့ နိုင်ငံကို စိုက်ပျိုးရေးဖြင့် ခေတ်မီနိုင်ငံ တည်ဆောက်မည်။ အစရှိသော စကားလုံးကြီးများနှင့် ကြွေးကြော်ခဲ့ကြသည်။ သို့သော် လက်တွေ့တွင် အဆိုပါကြွေးကြော်သံများသည် လေထဲ တိုက်အိမ်ဆောက်သကဲ့သို့ပင်။

ISP Myanmar က ထုတ်ဝေသည့် ပညာရပ်ဂျာနယ်တစ်စောင်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် နှစ်ပေါင်းသုံးဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သူ ဒေါက်တာထွန်းဝင်းရေးသားသည့် ” COVID-19 နဲ့အတူ အသွင်ပြောင်း ရှင်သန်ရန် လိုအပ်သော မြန်မာပြည် စိုက်ပျိုးရေးထုတ်ကုန်အစီအစဉ်” စာတမ်းတွင် နိုင်ငံ၏စိုက်ပျိုးရေးအခြေအနေနှင့် ပတ်သက်၍ ယခုလို ဝေဖန်ထားသည်။

“မြန်မာနိုင်ငံ၏ ရေမြေသယံဇာတ ပေါကြွယ်ဝမှုကြောင့် အနာဂတ်တွင် အရှေ့တောင်အာရှကို ကျော်လွန်ပြီး တခြားကမ္ဘာ့နိုင်ငံများကိုပါ ကျွေးမွေးထောက်ပံ့နိုင်စွမ်းရှိသည့် တိုင်းပြည်တစ်ခုဟု တွက်ဆကြကြောင်းကို “တွက်ရေးကတော့စက်သူဌေး” ဟု ရေးသားထားသည်။ သို့သော် သီးနှံ ရိတ်သိမ်းပြီးသည့်အခါတိုင်း ကြွေးထူနွန်နစ် လယ်သမားအဖြစ်သာ ရှိနေခြင်းနှင့်ပတ်သက်ပြီး “တွက်ကြည့်တော့ စက်မရှိ” ဖြစ်ရသည့် အခြေအနေဟု ရေးသားထားသည်။

” စစ်ကိုင်းတိုင်းဒေသကြီးသည် တည်နေရာအနေအထားအားဖြင့်
အိန္ဒိယနှင့်တရုတ် ဈေးကွက်ကြီးနှစ်ခု ဆက်သွယ်ရာ စီးပွားရေးစင်္ကြံလမ်း
ဖြစ်သလို တမူးမှ မြဝတီအထိလည်း စီးပွားရေးစင်္ကြံလမ်းများအဖြစ်
ကုန်သွယ်မှုလမ်းကြောင်း အားကောင်းနေသည် “

၎င်းစာတမ်းတွင် ဒေါက်တာထွန်းဝင်းက စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲမည့် မြေယာစီမံခန့်ခွဲမှု၊ ရေအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင် သယံဇာတများ အချိန်နှင့်အမျှ ပျက်သုဉ်းမှု၊ လယ်ယာသုံး စက်ကိရိယာများ အသုံးချမှု အားနည်းမှု၊ သီးနှံဈေးကွက် အာမခံမရှိမှု၊ ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းမရှိမှု စသည့် အချက်များကို ပြုပြင်ရန်လိုကြောင်း အကြံပြုထားသည်။

မြေ၊ ရေ

စိုက်ပျိုးရေးတွင် မြေယာနှင့် ရေအရင်းအမြစ်က အဓိကအခြေခံလိုအပ်ချက်ဖြစ်ရာ နိုင်ငံတွင် ၎င်းသယံဇာတများ ပေါကြွယ်ဝသည် ထင်မှတ်ရသော်လည်း အမှန်တွင် ယင်းကဲ့သို့ မဟုတ်ပါချေ။

စီးပွားရေးပညာရှင် ဒေါက်တာထွန်းဝင်း စာတမ်းတွင် စိုက်ပျိုးနိုင်သော မြေယာများ အဟောသိကံ ဆုံးရှုံးနေရသည်ကို ထောက်ပြထားပြီး နိုင်ငံသည် စိုက်ပျိုးနိုင်သော မြေအားလုံး၏ ၂၀ ရာခိုင်နှုန်းသာ အသုံးချနိုင်သေးသည်ဟု ဖော်ပြထားသည်။ မြေမဲ့ယာမဲ့ပမဏသည်လည်း တစ်နိုင်ငံလုံးတွင် ၆ ဒဿမ၂သန်း ရှိသည်ဟု သိရသည်။

မုံရွာဂေဇက်အနေဖြင့် စစ်ကိုင်းတိုင်းအတွင်း စိုက်ပျိုးမြေယာများ အခြေအနေနှင့် ပတ်သက်ပြီး တိုင်းစိုက်ပျိုးရေးဦးစီးဌာနသို့ မေးမြန်းရာတွင် တိုင်းအတွင်း လက်ရှိ စိုက်ပျိုးမြေသည်စုဧက သိန်း ၅၀ ကျော်ရှိသည်ဟု ဆိုသည်။ သို့သော် လယ်ယာမြေအဖြစ်ရှိနေပြီး မစိုက်ပျိုးသေးသည့် ဧက မည်မျှရှိသည်မူ တိကျသည့် အချက်အလက် မရရှိသေးပေ။

ယေဘုယျအားဖြင့် စစ်ကိုင်းတိုင်းတွင် မြစ်ချောင်းများပြားလှသဖြင့် ရေအရင်းအမြစ် လုံလောက်လိမ့်မည်ဟု ထင်စရာရှိသည်။ စိုက်ပျိုးရေရရှိမှုနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေးနှင့် မွေးမြူရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးစောမောင်က “ကျွန်တော်တို့ စစ်ကိုင်းတိုင်းမှာက ရွှေဘိုခရိုင်လိုမျိုးက သိပ်မဆိုးဘူးဗျ။ ဆည်ရေလည်းရတယ်။ ကျနော်တို့လို ယင်းမာပင်ခရိုင်တို့လိုကျ အတော်လေးဆိုးတယ်။ ယင်းမာခရိုင်မှာ ပုလဲနယ်လောက်ပဲ ဆည်ရေရတာ။ ကျန်တဲ့ဟာတွေက ဆည်ရေမရှိဘူး”ဟု တောင်သူတို့ အခက်အခဲကို ပြန်လည်ပြောပြသည်။

အပူပိုင်းဒေသ စိုက်ပျိုးရေရရှိရေးနှင့် ပတ်သက်၍ ဒေါက်တာထွန်းဝင်းက နိုင်ငံတော်မှ နည်းပညာ၊ အုပ်၊ သဲ၊ ဘိလပ်မြေတို့နှင့် ရေရှည်ခိုင်ခန့်သော ရေအရင်းအမြစ် တည်ဆောက်ပေးရေး၊ အစ္စရေး နိုင်ငံကဲ့သို အဆင်ပြေရာ ရေအရင်းအမြစ်နှင့် ရေဖျန်း ရေစက်ချစနစ် တပ်ဆင်ပေးခြင်းနှင့် မိုးရေကို ထိန်းသိမ်းနိုင်ရန် တိမ်ကောနေသော မြစ်ချောင်း၊ အင်းအိုင်၊ ဆည်မြောင်း၊ ကန် စသည်တို့ကို တူးဖော်ပေးခြင်း စသည့် အချက်သုံးချက်ကို ၎င်းပြုစုသော စာတမ်းတွင် အကြံပြုထားသည်။

ဈေးကွက်နဲ့ အင်ဖော်မေးရှင်း

စိုက်ပျိုးရေးကဏ္ဍအတွက် နောက်ထပ်ကြီးမားသောစိန်ခေါ်ချက်သည် ဈေးကွက်အာမခံမှုပင် ဖြစ်သည်။

မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းနှင့် ပေါင်းစပ်၍ နေကြာစိုက်ပျိုးသည့် တောင်သူ များအတွက် အသင်းမှ နေကြာဈေးကွက် အာမခံချက်ပေးနေကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဒုဥက္ကဋ္ဌလည်းဖြစ်သူ စစ်ကိုင်းတိုင်းဆီစက် ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ရှင်းပြသည်။

“ကျွန်တော်တို့က နေကြာတစ်ပိဿာကို ၁၂၀ဝ ဈေးကွက်အာမခံချက် ပေးထားတယ်။ သီးနှံထွက်လာတဲ့အချိန်မှာ ၁၂၀ဝ ထက်ကျော်ရင်ကျော်သလို ပေါက်ဈေးအတိုင်း လိုက်ရှင်းမယ်။ ၁၂၀ဝ ထက် ကျဆင်းသွားလို့ရှိရင် ၁၂၀ဝ ကိုခံပြီးတော့ အမာခံဝယ်ပေးမယ်ဆိုတဲ့ဟာကို တောင်သူကို အာမခံချက်ပေးထားတယ်”ဟု ၎င်းက ဆိုသည်။

“စိုက်ပျိုးရေးဝန်ကြီးဌာနက မျိုးကောင်းမျိုးသန့်တွေ သီးညှပ်စိုက်ပျိုးမှုတွေ၊ တစ်ရာသီကိုနှစ်သီး စိုက်နိုင်ဖို့တွေ တွန်းအားပေးပြီး လုပ်သွားဖို့လိုတယ်”ဟု ဦးထွန်းထွန်းဦးက ဝန်ကြီးဌာနထံ တောင်းဆိုသည်။

၎င်းက လက်ရှိပေါက်ဈေးအရ နေကြာတစ်ဧက စိုက်ပျိုးစရိတ်သည် ကျပ် ၂ သိန်းခွဲခန့် ကုန်ကျရာ တစ်ဧကစိုက်လျှင် တောင်သူများအတွက် ၂ သိန်းခန့်မြတ်သည်ဟု တွက်ချက်ပြသည်။ စိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက်များ တောင်သူများထံ အရောက်ပို့ရေးတွင်လည်း တိုင်းအစိုးရအနေဖြင့် လိုအပ်ချက်များ ရှိနေသေးကြောင်း စစ်ကိုင်းတိုင်းရှိ လုပ်ငန်းရှင်များက ထောက်ပြကြသည်။

ယင်းသတင်းအချက်အလက် ရရှိရေးတွင် စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် စီးပွားကူးသန်းဝန်ကြီး ဌာနတို့ ချိတ်ဆက်ပြီး လုပ်ဆောင်ပေးသင့်ကြောင်း မစွမ်းရည်ဇော်က ပြောသည်။

“စင်ကာပူနိုင်ငံကတော့ ပဲတီစိမ်းနဲ့ မတ်ပဲကို တစ်နှစ်ကို ဘယ်လောက်ထိ တင်သွင်းတယ်။ ဘယ်နိုင်ငံကတော့ တင်သွင်းမှုအများဆုံးဖြစ်တယ်။ ဘယ်ဒေသတွေကိုတော့ ဘယ်လောက်ထိ စိုက်ပျိုးသင့်တယ်။ သတင်းအချက်အလက်တွေ လိုတယ်”ဟု ၎င်းက ပြောသည်။

မုံရွာမြို့မှ မြန်မာသိန်းပွဲရုံပိုင်ရှင် ဦးသိန်းဦးကလည်း မစွမ်းရည်ဇော် ထောက်ပြချက်ကို သဘော တူသည်။

“စီးပွားကူးသန်းကတော့ ဘယ်နိုင်ငံကို ဘယ်သီးနှံကိုတော့ ကျွန်မတို့ Export လုပ်ရင်တော့ အလားအလာအရှိဆုံးဖြစ်မယ်ဆိုတာ လေ့လာ စုံစမ်းသင့်တယ်”ဟု ဆိုသည်။

“ဒီအချက်အလက်တွေကို စိုက်ပျိုးရေးဝန်ကြီးဌာနကို Information (သတင်းအချက်အလက်) ပေးပြီး စိုက်ပျိုးရေးဝန်ကြီးဌာနကလည်း နယ်ရုံးတွေ တိုင်းရုံးတွေကို ဘယ်ဒေသ ဘယ်လောက်အထိ စိုက်မယ်ပေါ့။ ဒီကနေပြီး ဘယ်နှတန်သွင်းမယ်။ အဲလိုလေးတွေဖြစ်စေချင်တာပေါ့”ဟု ၎င်းက ဌာနဆိုင်ရာများ လိုအပ်ချက်ကို ထောက်ပြသည်။

ချေးငွေ

စိုက်ပျိုးရေးကဏ္ဍတွင် ငွေကြေးအရင်းအနှီး လိုအပ်ချက်ကလည်း မြင့်မားလွန်းနေသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း ၂ သိန်းကျော် ထုတ်ချေးမည်ဟု တိုင်းဒေသကြီးမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပြောဆိုထားသည်။

ချေးငွေနှင့် ပတ်သက်၍ လုပ်ငန်းရှင်များနှင့် ပညာရှင်များကြား သဘောထား တူညီကြသည့် အချက်ရှိသည်။ ယင်းအချက်မှာ ချေးငွေကို ကာလရှည် ချေးငှားရေးနှင့် ချေးငွေတစ်ခုတည်း ထောက်ပံ့ရုံနှင့် မလုံလောက်ဟု ယူဆကြခြင်းပင် ဖြစ်သည်။

မစွမ်းရည်ဇော်က စိုက်ပျိုးရေးချေးငွေကို ပိုချေးဖို့ လိုသလို အတိုးနှုန်းနည်းနည်းနှင့် ချေးပေးသည့်အပြင် ချေးငွေကာလကို ရှည်စေချင်ကြောင်း ပြောသည်။

စိုက်ပျိုးစရိတ် ချေးငွေလေးတစ်ခုတည်းနှင့် တောင်သူများ အဆင်မပြေနိုင်ကြောင်း စစ်ကိုင်းတိုင်းလွှတ်တော် စိုက်ပျိုးရေးနှင့် မွေးမြူရေးကော်မတီအတွင်းရေးမှူး ဦးစောမောင်က ပြောသည်။

“စိုက်ဘဏ်ကချေးတယ်ဆိုတာ မိုးရယ် ဆောင်းရယ် နှစ်ခုခွဲချေးတယ်။ ဒါလည်း တောင် သူတွေက ယာခင်းထဲမရောက်ဘူး။ သူတို့ရဲ့စားဝတ်နေရေးမှာပဲ ဖြည့်ဆည်းလိုက်ကြရတာ။ ချေးငွေနဲ့ မလုံလောက်ဘူး”ဟု ဦးစောမောင်က ဆိုသည်။

ယင်းဖြစ်စဉ်များကြောင့် ချေးငွေပေးရာတွင် ထိရောက်မှုရှိစေရန် စိုက်ပျိုးရေးဌာနအနေဖြင့် စိုက်ဧကပမာဏနှင့် စိုက်ပျိုးမည့် သီးနှံစာရင်းများ တိတိကျကျရှိရန်လိုအပ်သလို၊ စိုက်ပျိုးမည့်သီးနှံနှင့် ဧကအလိုက် ကုန်ကျမည့်စိုက်စရိတ်အတွက် ငွေပေးချေခြင်းမျိုးမဟုတ်ဘဲ သီးနှံမျိုးစေ့အပါအဝင် လိုအပ်မည့် သွင်းအားစုများ စနစ်တကျ တိုက်ရိုက်ထုတ်ပေးရန်လိုကြောင်း ၎င်းက သုံးသပ်ပြသည်။

လယ်ယာစိုက်ပျိုးရေးသာ
တိုးတက်လာမည်ဆိုပါက
၎င်းနှင့်ဆက်စပ်နေသည့်
စိုက်ပျိုးရေးအခြေပြု
စက်မှုလုပ်ငန်းများ
တိုးပွားလာမည်ဖြစ်သလို
အသေးစားနှင့်အလတ်စား
လုပ်ငန်း
(SMEs)များလည်း
အများကြီးပေါ်လာမည်

ဒေါက်တာထွန်းဝင်းက တောင်သူများ တစ်ဦးချင်း မနိုင်ဝန်ထမ်းနေရသည့် အနေအထားမှ လွတ်မြောက်လိုလျှင် ကျေးရွာများရှိ လယ်သမားများကို (Farmer’s Task Force) အစုအဖွဲ့ ဖွဲ့စေကာ လယ်ယာသုံးကိရိယာများ ထောက်ပံ့ အသုံးပြုစေခြင်းကသာ တောင်သူတို့ နွံနစ်သည့် ဘဝမှ လွတ်မြောက်နိုင်သည်ဟု ရေးသားဖော်ပြထားသည်။

ဥပဒေ

လယ်ယာကဏ္ဍဖွံ့ဖြိုးရေးတွင် ဥပဒေနှင့် အကာအကွယ်ပေးမှုများကလည်း လိုအပ်သည်ဟု ဦးသိန်းဦးက ထောက်ပြသည်။

“ကျွန်တော်တို့နိုင်ငံက စိုက်ပျိုးရေးနိုင်ငံ ဖြစ်ပေမယ့် စိုက်ပျိုးထွက်ကုန်သွင်းနေကြတာ တွေရှိတယ်။ စားတော်ပဲဆိုရင် တရားမဝင်နည်းနဲ့ တအားဝင်တဲ့အတွက် စစ်ကိုင်းတိုင်းရဲ့ ကုလားပဲစိုက်တောင်သူတွေကို အများကြီးထိခိုက်တယ်”ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သည့် မကြာသေးမီ နှစ်ပိုင်းကာလအတွင်းကပင် ကနေဒါနိုင်ငံမှ တင်သွင်းသည့် စားတော်ပဲများ မုံရွာပွဲရုံဈေးကွက်အထိ တရားမဝင်နယ်ချဲ့ခံရဖူးသည်။

“စိုက်ပျိုးသီးနှံတွေကို အခွန်နဲ့လည်း တားလို့ရတယ်။ အိန္ဒိယဆိုရင် စားတော်ပဲ (ပြည်ပမှ တင်သွင်းလျှင်) တို့ ဂျုံတို့ဆို ၅၀/၆၀ရာခိုင်နှုန်းလောက်အထိ ကောက်တယ်ဟု အိန္ဒိယလုပ်ပုံ ကိုင်ပုံကို ရှင်းပြသည်။

“ဒါမျိုးလုပ်ဖို့က တောင်သူတွေ၊ ပွဲစားတွေနဲ့တင်မကဘူး အစိုးရရောပါမှ ဖြစ်မယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဒေါက်တာထွန်းဝင်းကလည်း ပြည်တွင်းတောင်သူများ စိုက်ပျိုးရေးထုတ်ကုန်များ ကာကွယ်ပေးရန် ဥပဒေများ ကင်းမဲ့နေပုံကို ထောက်ပြသည်။ စားအုန်းဆီများ နှစ်စဉ် အကန့်အသတ်မဲ့ ဒေါ်လာဘီလီယံချီ တင်သွင်းနေသောကြောင့် အပူပိုင်းဒေသ ဆီထွက်သီးနှံများ ဈေးကွက်ထိခိုက်နေရကြောင်းကို ၎င်းပြုစုသော စာတမ်းတွင် ထည့်သွင်းရေးသားထားသည်။

တောင်သူများအတွက် အကာကွယ်ပေးရေး ဥပဒေများနှင့်ပတ်သက်၍ မုံရွာဂေဇက်က စစ်ကိုင်းတိုင်း၊ တိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးစောမောင်အား မေးမြန်းရာတွင် “အဲဒါတွေက တစ်တိုင်းပြည်လုံးနဲ့ သက်ဆိုင်နေတော့ ပြည်ထောင်စုကနေ လုပ်ရမှာ။ တိုင်းအဆင့်နဲ့ လုပ်လို့မရဘူးဗျ။ ပြည်ထောင်စုအဆင့်ကနေလုပ်ရမှာပေါ့။ Export တွေ၊ Import တွေကိစ္စတွေကျတော့ ပြည်ထောင်စုကနေပဲ လိုအပ်သလိုဥပဒေကို ပြဌာန်းခွင့်ရှိပါတယ်” ဟု ပြန်လည်ဖြေကြားသည်။ လက်ရှိကျင်းပနေသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများတွင်မူ နိုင်ငံရေးပြဿနာများနှင့်သာ ပွဲဆူနေပြီး တိုင်းပြည်အတွက် အရေးတကြီးဖြေရှင်းရန်လိုအပ်သည့် စိုက်ပျိုးရေးကဏ္ဍသည် လွှတ်တော်ရပ်ဝန်းက လျစ်လျူရှုထားသည်။

အကျိုးကျေးဇူး

စိုက်ပျိုးရေးကဏ္ဍသာ အမှန်တကယ်ဖွံ့ဖြိုးလာအောင် စွမ်းဆောင်နိုင်ခဲ့လျှင် ရရှိလာမည့် အကျိုးကျေးဇူးမှာ တိုင်းတခုလုံးအတွက် သာမက နိုင်ငံအထိပါ ကောင်းကျိုးများ ခံစားရမည်ဟု လေ့လာသူတို့က သုံးသပ်ပြထားသည်။

လယ်ယာစိုက်ပျိုးရေးသာ တိုးတက်လာမည် ဆိုပါက ၎င်းနှင့်ဆက်စပ်နေသည့် စိုက်ပျိုးရေး အခြေပြု စက်မှုလုပ်ငန်းများ တိုးပွားလာမည်ဖြစ်သလို အသေးစားနှင့် အလတ်စားလုပ်ငန်း (SMEs) များလည်း အများကြီးပေါ်လာမည်ဖြစ်ကြောင်း The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ဆိုသည်။

“ဥပမာ-ဆီသွတ်ဘူးလုပ်ငန်းတို့ စိုက်ပျိုးရေးထွက်ကုန်ကို အချောသတ်လုပ်ငန်းတွေ စသဖြင့် ဆင့်ပွားလုပ်ငန်းတွေ ပေါ်လာမယ်။ ဒါ့အပြင် လယ်ယာစိုက်ပျိုးရေးက စက်ကိရိယာသုံးလာတဲ့အတွက် စက်ကိရိယာနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ ပေါ်လာမယ်”ဟု ၎င်းက ဆိုသည်။

နောက်ဆုံးကောက်ယူထားသော သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်းဒေသကြီးတွင် လူဦးရေသည် ကျေးလက်တွင် ၈၇ ရာခိုင်နူန်းအထိ နေထိုင်ကြရာ စိုက်ပျိုးရေး ဖွံ့ဖြိုးမှုက တိုင်းအတွင်း လူအများစု နေထိုင်သည့် ကျေးလက်၏ လူမှုစီးပွားဘဝကို အဆင့်မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

ထို့အပြင် စစ်ကိုင်းတိုင်း၏ လူဦးရေပုံစံမှာ အိုးပုံစံရှိသည်ဟု သန်းခေါင်စားရင်းက ဆိုထားရာ ယင်းပုံစံသည် အလုပ်လုပ်နိုင်သူများသည်ကို ဆိုလိုသည်။ အားကောင်းလာသည့် စိုက်ပျိုးရေး နယ်ပယ်က ၎င်းတို့အား အလုပ်အကိုင်ကိုပါ ဖန်တီးပေးနိုင်သည်။ ထို့အပြင် မကွေးတိုင်းပြီးလျှင် ပြည်တော်ပြန်အများစုရှိသည့် စစ်ကိုင်းတိုင်းတွင် ၎င်းတို့အတွက် အလုပ်အကိုင်များ ကျွဲကူးရေပါ ပေါ်ထွန်းလာနိုင်သည်။

စိုက်ပျိုးရေးနယ်ပယ် တိုးတက်လာမည် ဆိုပါက တိုင်းအဆင့် အကျိုးရှိရုံသာမက နိုင်ငံအတွက် နိုင်ငံခြားငွေ အကုန်သက်သာနိုင်သည့်အပြင် ပြည်သူများ၏ ကျန်းမာရေးကောင်းမွန်မှုကိုပါ အထောက်အကူ ပြုနိုင်ကြောင်း ဦးထွန်းထွန်းဦးက ပြောသည်။

“ပြည်ပကတင်သွင်းတဲ့ စားဆီ နှစ်စဉ်တန်ချိန် ၁၀ သိန်းမှာ စားအုန်းဆီက ၉၀ ရာခိုင်နှုန်းပါတယ်။ တစ်တန်ကို ဒေါ်လာ ၅၀ဝ လောက်ရှိရင် ဒေါ်လာ ၅၀ဝ ကို ၁၀ သိန်းနဲ့မြှောက်လိုက်လို့ရှိရင် နှစ်စဉ် ဒေါ်လာသန်းချီပြီး ကျွန်တော်တို့နိုင်ငံကနေပြီးမှ ပြည်ပကို နိုင်ငံခြားငွေပို့နေရတယ်”ဟု ၎င်းက တွက်ချက်ပြသည်။

ထို့အပြင် စားအုန်းဆီသည် ပြည့်ဝဆီများဖြစ်၍ လူကိုကျန်းမာရေးအရ ထိခိုက်စေနိုင်သည်ဟု ဦးထွန်းထွန်းဦးက ပြောသည်။

မုံရွာမြို့ခံ ဦးကျော်မြင့်က စိုက်ပျိုးရေး တိုးတက်လာလျှင် သဘာဝပတ်ဝန်းကျင်လည်း ပိုမိုထိန်းနိုင်မှာ ဖြစ်သကဲ့သို့ ပိုမိုသန့်ရှင်းလာမည်ဟု ယူဆကြောင်း ပြောပြသည်။

အရာတော်မြို့နယ်မှ တောင်သူ ဦးဇော်မျိုးလွင်ကတော့ ယခုလို ရိုးရှင်းစွာ ပြောဆိုသည်။

“စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရင်တော့ တောင်သူတွေ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစစပြည့်စုံလာတာပေါ့”ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ အကျိုးကျေးဇူးများစွာရှိသော စိုက်ပျိုးရေးကဏ္ဍကို ကိုဗစ်ကာလနှင့် ကိုဗစ် အလွန်ကာလ၌ မည်ကဲ့သို့ မြှင့်တင်ရန် တိုင်းအစိုးရအနေဖြင့် ဘယ်လိုပြင်ဆင်ထားသလဲ မေးခွန်းကို မုံရွာဂေဇက်က စစ်ကိုင်းတိုင်း လယ်ဆည်ဝန်ကြီး ဦးကမ်ဇာမုံအား မေးမြန်း ရာတွင် ထူးထူးခြားခြားမရှိပါဟု ဖြေသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးကော်မတီ အတွင်းရေးမှူး ဦးစောမောင်က တိုင်းအစိုးရ၏ စိုက်ပျိုးရေး ကဏ္ဍအပေါ် ဆောင်ရွက်နေမှုများအား ပြင်းပြင်းထန်ထန် ယခုလို ဝေဖန်လိုက်သည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ဖော်ရှိုးလောက် ဖြစ်နေတာပေါ့။ တကယ်ကိုထိရောက်တဲ့ပံ့ပိုးမှုမျိုး မလုပ်နိုင်သေးဘူးပေါ့ဗျာ”ဟု ၎င်းက ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here