ဧရာဝတီမြစ်ရေစီးနှုန်းနည်းလာ၍ ငါးရေဆေးခြင်းများ နေရာပြောင်းဆေးနေရ

0
75
Image may contain: one or more people and people sitting
ကသာမြို့မှ ငါးပုဇွန်ဒိုင် လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ – စပ်ခွန်သာ

ဧရာဝတီမြစ်ရေ စီးနှုန်းနည်းလာ၍ ကသာမြို့မှ ငါးလုပ်ငန်းသမားများ ငါးရေဆေးရန် ရေကြောင်းကောင်းသော နေရာများသို့ရွှေ့ပြောင်းလုပ်ကိုင်နေရသည်။

ဧရာဝတီမြစ်ကမ်းနဖူးတွင်ရှိသော ကသာမြို့တွင် ငါးပွဲရုံ အများစု တည်ရှိပြီး ပွဲရုံများသို့ တင်ပို့ရန် ငါးများဆေးကြောရာ၌ ယခုနှစ်တွင် ရေစီးကြောင်း နှေးလာခြင်းကြောင့်အခက်အခဲများဖြစ်နေသည်ဟု ငါးလုပ်ငန်းသမားများကပြောသည်။

“ ငါးကုန်သည်တွေရော၊ ငါးချဉ်လုပ်တဲ့သူတွေရောရေစီး၊ ရေလာနည်းသွားတော့ငါးဆေးဖို့အခက်အခဲတွေအများကြီးဖြစ်တယ်။ အခွန်အခကတော့နှစ်စဉ်တတ်တယ် “ ဟု ငါးလုပ်ငန်းလုပ်ကိုင်သူ ဦးညီညီကပြောသည်။

ဧရာဝတီမြစ်သည် ရေနည်းပြီးသဲသောင်ပြင်များဖြစ်ထွန်းမှုများလာသဖြင့် ငါးများဆေးကြောသန့်စင်ရန် ရေစီးရေလာကောင်းသောနေရာသို့ စက်တပ်လှေငယ်များဖြင့် မြစ်ကမ်းဆိပ်မှ(၂)ဖာလုံခန့်အကွာအဝေးရှိ ရေကြောင်းစီးဆင်းမှုကောင်းသောနေရာများသို့ သွားရောက်ဆေးကြောနေရခြင်းဖြစ်သည်။

“ ငါးဆေးဖို့ကတစ်နှစ်ထက်တစ်နှစ်ပိုဆိုးလာတယ်။ အိမ်တိုင်းမှာစက်တပ်လှေဝယ်ထားရပြီ။ ငါးတွေကိုလှေပေါ်တင်ရေစီးရေလာကောင်းတဲ့နေရာကိုမောင်းသွားပြီးဆေးကြောရတယ်။ အရင်တုန်းကတော့ကိုယ့်အိမ်ရှေ့ကမ်းနားဆိပ်တင်ဆေးလို့ရတယ် “ ဟု ငါးသန့်စင်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဝါဝါကပြောသည်။

ကသာမြို့ရပ်ကွက်(၁)မှ ငါးလုပ်ငန်းလုပ်ကိုင်သူများသည် ငါးအင်းများမှ တင်ပို့လာသောငါးများကို၊ ငါးကြီးချဉ်၊ ငါးလေးချဉ်၊ ငါးဖယ်ချဉ်၊ ပုဇွန်ချဉ်၊ ငါးရံခြောက်နှင့် ငါးခြောက်အမျိုးမျိုး၊ ငါးဆားနယ်၊ ငါးမုန့်ခြောက် များ ပြုလုပ်ကာမြန်မာပြည်အနှံ့ တင်ပို့ရောင်းချကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here